ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၁)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၁


2002 BLR 204 


 ဒေါ်ခင်မူမူပါ၂ နှင့် ဒေါက်တာဂျီအာရ်လူးဝစ်(စ်)(၎င်း​၏အခွင့်ရကိုယ်စားလှယ်ဒေါ်ခင်တီ)ပါ၃ 


စီရင်ထုံးတွင်အမှုဖြစ်စဉ်ကိုစာမျက်နှာ၂၀၇တွင်ဖော်ပြထားသည်။


စီရင်ထုံးစာမျက်နှာ၂၁၆တွင်အောက်ပါအတိုင်းကောက်ယူဆုံးဖြတ်သည်-


"အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၁အရသေတမ်းစာမရေးဘဲကွယ်လွန်သူတွင်သားသမီးများနှင့်အမွေမမီမြေးများကျန်ရစ်လျှင်အမွေမမီမြေးများသည်မိမိတို့မိဘသက်ထင်ရှားရှိခဲ့လျှင်ရမည့်ဝေစုအတိုင်းရ၍အချင်းချင်းညီတူအမျှခွဲဝေယူရမည်ဟုဖော်ပြထားသည်။၎င်းသို့ဖြစ်ရာအယူခံတရားလိုတို့သည်၎င်းတို့စွဲဆိုသည့်အတိုင်းကွယ်လွန်သူအဘိုးအဘွားကျန်ရစ်သောအမွေတွင်၃ပုံ၁ပုံရရှိမည်ဖြစ်သည်။"


အထက်ပါအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


"Where an intestate  has left no lineal descendants , the rules for the distribution of his property ( after deducting the widow's share , if he has left a widow's share , if he has left a widow ) shall be those contained in section 42 to 48."


မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၃၆၄တွင် descendants ကိုသားစဉ်မြေးဆက်ဟူ၍လည်းကောင်း၊စာမျက်နှာ၈၀၂တွင် lineal စကားလုံးကိုမျိုးရိုးအနွယ်ဟူ၍လည်းကောင်းဘာသာပြန်သည်။


ပုဒ်မ၄၁ပါ lineal descendants သည်သေတမ်းစာမရေးဘဲသေဆုံးသွားသူ​၏သားသမီး၊မြေး၊မြစ်၊တီစသည်တို့ကိုဆိုလိုကြောင်းယုံမှားဖွယ်မရှိပါ။


အမွေဆက်ခံရေးအက်ဥပဒေတွင်ဖြစ်စေ၊မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာအက်ဥပဒေပုဒ်မ၁၃(၁)ပါဟိန္ဒူဥပဒေ၊မဟာမေဒင်ဥပဒေများတွင်ဖြစ်စေ၊အမွေမမီမြေးဟူသောဝေါဟာရလုံးဝမရှိပါ။


မြန်မာဓမ္မသတ်များတွင်သာလျှင်သုံးသောဝေါဟာရဖြစ်သည်ကိုတရားရုံးချုပ်ကသတိမမူဘဲတရားလိုများကိုခရစ်ယာန်ဘာသာဝင်အမွေရှင်​၏အမွေမမီမြေးများဟုမှားယွင်းမှတ်ယူခြင်းဖြစ်သည်။အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၈ပါ grandchild , grandchildren ဟူသောဝေါဟာရများကိုသတိပြုပါ။


အထက်ပါပုဒ်မ၄၁ပါ Where an intestate has left no lineal descendants ( သေတမ်းစာမရေးသောကွယ်လွန်သူတွင်သားသမီး၊မြေး၊မြစ်၊တီစသည့်သားစဉ်မျိုးဆက်မကျန်ရစ်ပါမှအမွေရှင်​၏ပစ္စည်းကိုဆက်ခံကြသည်ဟုကောက်ယူမှသာပုဒ်မ၄၁နှင့်သက်ဆိုင်မည်မှာပြဌာန်းချက်များအရယုံမှားဖွယ်မရှိ။


အထက်ပုဒ်မ၄၁တွင်အမွေရှင်တွင်မုဆိုးမကျန်ရစ်လျှင်၎င်း​၏ဝေစုကိုနုတ်၍ after deducting the widow's share , if he has left a widow's ကျန်အမွေကိုပုဒ်မ၄၂မှ၄၈ပါပြဌာန်းချက်များနှင့်အညီဝေရန်အတိအလင်းပြဌာန်းထားပါသည်။


ပုဒ်မ၄၂၌သေတမ်းစာမရေးသောအမွေရှင်​၏ဖခင်(အသက်ထင်ရှားရှိလျှင်)ကအမွေရသည်ဟုပြဌာန်းသည်။


ပုဒ်မ၄၃သည်သေတမ်းစာမရေးဘဲသေဆုံးသူ​၏မိခင်(အဖေသေပြီးဖြစ်သည်)နှင့်အမွေရှင်​၏ညီအစ်ကိုမောင်နှစ်မများအမွေခွဲဝေယူခြင်းနှင့်သက်ဆိုင်သည်။


ပုဒ်မ၄၄သည်အမွေရှင်​၏မိခင်(အဖေသေပြီးဖြစ်သည်)အမွေရှင်​၏အသက်ထင်ရှားရှိသောညီအစ်ကိုမောင်နှစ်မများ၊ကွယ်လွန်သူညီအစ်ကိုမောင်နှစ်မများကမွေးသောအမွေရှင်​၏တူ၊တူမများအမွေခွဲဝေယူခြင်းနှင့်သက်ဆိုင်သည်။


ပုဒ်မ၄၅သည်အမွေရှင်​၏မိခင်(အဖေသေပြီးဖြစ်သည်)နှင့်အမွေရှင်​၏သေဆုံးပြီးဖြစ်သောညီအစ်ကိုမောင်နှစ်မများကမွေးသောတူ၊တူမများအမွေခွဲဝေယူခြင်းနှင့်သက်ဆိုင်သည်။


အမွေရှင်​၏ညီအစ်ကိုမောင်နှစ်မများလည်းမရှိ၊တူ၊တူမများလည်းမရှိလျှင်အမွေရှင်​၏မိခင်ကအမွေရကြောင်းပုဒ်မ၄၆တွင်ပြဌာန်းထားသည်။


သေတမ်းစာမရေးဘဲကွယ်လွန်သောအမွေရှင်တွင်သား၊သမီး၊မြေး၊မြစ်၊တီစသည့်မျိုးနွယ်များကျန်ရစ်ခြင်းမရှိဘဲညီအစ်ကိုမောင်နှစ်မများကအမွေခွဲဝေယူခြင်းကိုပုဒ်မ၄၇တွင်ပြဌာန်းထားသည်။


သေတမ်းစာမရေးဘဲကွယ်လွန်သွားသောအမွေရှင်တွင်သား၊သမီး၊မြေး၊မြစ်၊တီစသည့်မျိုးနွယ်မိဘများညီအစ်ကိုမောင်နှစ်မများမရှိလျှင်၎င်း​၏အနီးစပ်ဆုံးဆွေမျိုးသားချင်းများကအမွေခွဲယူရန်ပုဒ်မ၄၈တွင်ပြဌာန်းထားသည်။


သို့ဖြစ်ရာပုဒ်မ၄၁တွင်ရည်ညွှန်းထားသောပုဒ်မ၄၅မှ၄၈အရသေတမ်းစာမရေးဘဲကွယ်လွန်သွားသောအမွေရှင်​၏အမွေကိုခွဲဝေယူရန်ဖြစ်သည့်အမွေဆိုင်များမှာသေသူ​၏သား၊သမီး၊မြေး၊မြစ်၊တီစသည့်မျိုးနွယ်များမဟုတ်သည်မှာပုဒ်မ၄၁၌အတိအလင်းရည်ညွှန်းထားသောပုဒ်မ၄၂မှ၄၈ပါပြဌာန်းချက်များအရပင်ထင်ရှားသည်။


သို့ဖြစ်ရာတရားရုံးချုပ်ကအမွေရှင်​၏မြေးများသည်အမွေရှင်(သေတမ်းသာမရေးဘဲသေဆုံးသွားသူ)​၏အမွေကိုအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၁အရဆက်ခံသည့်သဘောကောက်ယူခြင်းသည်ကိုးကားသောပုဒ်မ၄၁ပါ "Where an intestate has left no lineal descendants ဟူသောပြဌာန်းချက်များနှင့်အတိအလင်းဆန့်ကျင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ