ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၈)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၈
1951 BLR ( H C ) 410
( Maung Thein v. Daw Htwe and others )
( Before U On Pe and U San Maung , JJ. )
အမှုတွင်၊အမွေစီမံခန့်ခွဲပေးစေလိုမှုမှာအမွေဆိုင်အချင်းချင်းတွင်တရားဆိုင်ကြသောအမှုဖြစ်သဖြင့်၊အမွေပစ္စည်းတစိတ်တဒေသလက်ရှိဖြစ်သောသူတယောက်ကိုအမှုသည်အဖြစ်ထည့်သွင်းတရားစွဲဆိုခြင်းမပြုနိုင်။အမွေမှုပြီးမှ၎င်းအပေါ်အမွေခွဲတမ်းရသူကတရားတထုံးစွဲဆိုရန်ဖြစ်သည်ဟုပြဆိုသည်။
1966 BLR 1588
( ဦးမောင်ညို နှင့် အဘူး(ခ)မောင်အေးမောင်ပါ၁၉ )
( တရားသူကြီးဦးချစ်ရှေ့တွင် )
အမှုတွင်၊၁၉၅၁ခုနှစ်စီရင်ထုံးနှင့်ခြားနားပြကာ၊အမွေပစ္စည်းအားလုံးရရှိသူသည်အမွေဆက်ခံတဦးမဟုတ်သော်ငြားလည်း၊အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်တရားပြိုင်တဦးအနေဖြင့်ထည့်သွင်းတရားစွဲဆိုနိုင်သည်ဟုထုံးဖွဲ့သည်။
1966 BLR 1588 အမှုတွင်စီရင်ထုံးစာမျက်နှာ၁၅၈၉၌ဖော်ပြထားချက်အရ၊အမွေရှင်တို့၏အမွေပစ္စည်းများအားလုံးသည်၊သမီးရှာရဘန်(ခ)မညွန့်လက်ဝယ်၌ရှိသည်။၎င်းသည်အယူခံတရားလိုဖြစ်သူဗုဒ္ဓဘာသာဝင်ဦးမောင်ညို(တရားပြိုင်)နှင့်အကြောင်းပါရာမှဗုဒ္ဓဘာသာဝင်အဖြစ်သေဆုံးခဲ့သည်ဟုဖော်ပြထားရာ၊မြန်မာဓလေ့ထုံးတမ်းဥပဒေအရဦးမောင်ညိုသည်မဟာမေဒင်ဘာသာဝင်ဖြစ်ခဲ့ပုံပေါ်သောရှာရဘန်(ခ)မညွန့်၏အမွေကိုဆက်ခံသည်။(စီရင်ထုံးတွင်ထိုပစ္စည်းများမှာဦးညိုလက်ဝယ်သို့သက်ဆင်းကျရောက်သွားလေသည်)ဟုဖော်ပြထားသည်။
မဟာမေဒင်အမွေရှင်များ၏အမွေကိုဆက်ခံသောမြေးများနှင့်ဦးညိုတို့သည်ပူးတွဲအမွေဆိုင်များဖြစ်သွားကြရာ၊(ဦးညိုသည်မဟာမေဒင်အမွေရှင်များ၏အမွေကိုတိုက်ရိုက်ဆက်ခံခြင်းမရှိသော်လည်းအမွေဆက်ခံသူသမီး၏အမွေကိုမြန်မာဓလေ့ထုံးတမ်းဥပဒေအရအမွေဆက်ခံသည်)ဦးညိုကိုတရားပြိုင်အဖြစ်ထည့်သွင်းစွဲဆိုခြင်းမှာရှေ့နေရှုထောင့်မှကြည့်ပါကမှန်ကန်သည်။
သို့ဖြစ်ရာအယူခံကိုပေါ်ပေါက်စေသောမူလအမှုတွင်ဦးကြည်ဝင်းကိုတရားပြိုင်အဖြစ်ထည့်သွင်းနိုင်ရန်၊ 1966 BLR 1588 စီရင်ထုံးသည်ထုံးသာဓကမဟုတ်။
မည်သို့ပင်ဖြစ်စေ၊ဦးကြည်ဝင်းအားတရားပြိုင်အဖြစ်ထည့်သွင်းခဲ့ခြင်းကိုမကန့်ကွက်ခဲ့သဖြင့်၊အမိန့်၁၊နည်း၁၃အရ၊ကန့်ကွက်ခွင့်ကိုစွန့်လွှတ်ခဲ့သည်ဟုယူဆရမည်။
ထို့ပြင်ဦးကြည်ဝင်းအားတရားပြိုင်အဖြစ်ထည့်သွင်းခြင်းကိစ္စကို၊အယူခံတွင်တင်ပြခွင့်မရှိတော့။တရားမကျင့်ထုံးဥပဒေပုဒ်မ၉၉ကိုကြည့်ပါ။
အမှန်မှာတရားလိုများကတရားပြိုင်များအပေါ်၊တရားပြိုင်ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ကအမွေဆိုင်ပစ္စည်းများကိုဦးကြည်ဝင်းအားရောင်းချသောမှတ်ပုံတင်အရောင်းအဝယ်စာချုပ်မှာတရားလိုများ၏အမွေဝေစုအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးစေရန်နှင့်အမွေစီမံခန့်ခွဲပေးစေရန်တရားစွဲဆိုရန်ဖြစ်ကောင်းဖြစ်မည်။ဒေါ်လွန်းအမှု၌အလားတူမြွက်ဟဒီကရီရလိုမှုနှင့်အမွေစီမံခန့်ခွဲပေးစေလိုမှုတရားစွဲဆိုသည်ကိုကြည့်ပါ။
အမွေမှုတွင် 2002 BLR 204 အမှုမှာကဲ့သို့ပဏာမဒီကရီကိုရပြီးနောက်၊ထိုတရားလိုများအပေါ်အမွေမှုတွင်ချမှတ်ထားသောအမွေဝေစု၃ပုံ၁ပုံကိုခွဲဝေပေးရန်တရားစွဲဆိုပါက၊ 1951 BLR ( H C ) 410 စီရင်ထုံးပါလမ်းညွှန်မှုနှင့်ညီညွတ်မည်ဖြစ်သည်။
2005 BLR 52 ( SAB )( ဒေါက်တာဦးတင်ဦး နှင့် ဒေါ်အေးအေးသန်း )အမှုနှင့်၊ 1963 BLR 961 ( ဒေါ်စိန်ဖြူ နှင့် မောင်တင်မြင့် )အမှုတို့သည်၊သာဓကများဖြစ်ကြသည်။
အမွေဆိုင်တဦး(သမီး)သည်အမွေပစ္စည်းများကိုစိတ်ဝင်စားပုံမပေါ်။
Comments
Post a Comment