တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရအယူခံမှုနှစ်မျိုးနှစ်စား

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရအယူခံမှုနှစ်မျိုးနှစ်စားရှိသည်။


ပထမအမျိုးအစားမှာ၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသောအယူခံမှုဖြစ်သည်။


ဒုတိယအမျိုးအစားမှာ၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်သောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသောအယူခံမှုဖြစ်သည်။


အဆိုပါအယူခံမှုနှစ်မျိုးနှစ်စားတွင်၊အယူခံအကြောင်းပြချက်၊အယူခံဝင်ခွင့်ရသောဥပဒေအချက်အလက်များမတူညီပါ။


ပထမအမျိုးအစားဖြစ်သော၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောစီရင်ချက်နှင့်ဒီကရီအား၊တရားလွှတ်တော်ချုပ်( Supreme Court )သို့အယူခံဝင်ရာတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀၊တတိယအပိုဒ်တွင်ပြဌာန်းထားသော၊" Substantial question of law "( အရေးယူလောက်သောဥပဒေပြဿနာ )ကိုသာအယူခံဝင်ခွင့်ရှိသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)တွင်၊အပြီးသတ်အမိန့်( final order )ဟူသောစကားလုံးကိုသုံးနှုန်းထားသည်။


အပြီးသတ်အမိန့်ဟူသောစကားရပ်နှင့်ပတ်သက်၍၊တရားလွှတ်တော်( High Court )ကခရိုင်တရားရုံး​၏အဆုံးအဖြတ်ကိုပယ်ဖျက်ပြီး၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရပြန်လည်စစ်ဆေးစေရန်( Remand )ပြုလုပ်သောအမိန့်သည်၊ပုဒ်မ၁၀၉(က)ပါအပြီးသတ်အမိန့်မဟုတ်ဟု၊အဗ္ဗဒူရာမံ နှင့် ဒီ၊ကေ၊ကာဆင်နှင့်သားများ၊ 11 Ran ( P C ) 58 ( Present : Lord Tomlin , Lord Thankerton , Lord Wright , Sir George Lowndes and Sir Dinshan Mulla . )အမှုတွင်စီရင်ထုံးဖွဲ့ခဲ့သည်။


အဆိုပါစီရင်ထုံးအားမြန်မာနိုင်ငံတရားစီရင်ထုံးအချို့တွင်အစဉ်တစိုက်လိုက်နာခဲ့သော်လည်း၊ဒေါ်မြရင်ပါ၅ နှင့် ဒေါ်စော၊ 1970 BLR 232( F B )အမှုတွင်၊ထိုစဉ်ကအတည်ဖြစ်သော၁၉၄၈ခုနှစ်၊ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ၆လာ"တရားမမှု၊ရာဇဝတ်မှုသို့တည်းမဟုတ်အခြားအမှုတွင်တရားရုံးတရပ်ရပ်(တရားရုံးချုပ်တရားသူကြီးတဦးဖြင့်ဖြစ်စေ၊နှစ်ဦးဖြင့်ဖြစ်စေဖွဲ့စည်းထားသောတရားရုံးအပါအဝင်)ကချမှတ်သောစီရင်ချက်ကိုသို့တည်းမဟုတ်အပြီးအသတ်အမိန့်ကိုအယူခံဝင်ရန်တရားရုံးချုပ်သည်မိမိသဘောအတိုင်းအခွင့်ထူးပေးနိုင်သည်"ဟူသောပြဌာန်းချက်အရအဓိပ္ပာယ်ဖွင့်ဆိုကောက်ယူခဲ့ပြီး၊အဗ္ဗဒူရာမံအမှုကိုလိုက်နာသောအမှုများပါ"အပြီးသတ်အမိန့်"ဟူသောစကားရပ်​၏အဓိပ္ပာယ်ဖွင့်ဆိုချက်အားပယ်ဖျက်ခဲ့ဖူးသည်။


အမှန်အားဖြင့်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)ပါပြဌာန်းချက်များနှင့်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ၆ပါပြဌာန်းချက်များကိုယှဉ်တွဲဖတ်ရှုလေ့လာပါက၊ပြဌာန်းချက်နှစ်ရပ်သည်ကွဲပြားကြောင်းထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။


သို့ဖြစ်၍၊1970 BLR 232( F B )စီရင်ထုံးသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရတင်သွင်းသောအယူခံမှုနှင့်သက်ဆိုင်ရန်အကြောင်းမရှိ။


11 Ran ( P C ) 58စီရင်ထုံးသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရတင်သွင်းသောအယူခံမှုနှင့်သက်ဆိုင်မြဲသက်ဆိုင်မည်ဖြစ်ကြောင်းမှတ်သားရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ