အပြီးသတ်အမိန့်ကိုအဓိပ္ပာယ်ကောက်ယူသောပြဿနာအပေါ်၊တရားရုံးချုပ်နှင့်ပရီဗီကောင်စီတို့ထားရှိသောဆန့်ကျင်ဘက်အမြင်များ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
"အပြီးသတ်အမိန့်"ကိုအဓိပ္ပာယ်ကောက်ယူသောပြဿနာအပေါ်၊တရားရုံးချုပ်နှင့်ပရီဗီကောင်စီတို့ထားရှိသောဆန့်ကျင်ဘက်အမြင်များ
တရားရုံးချုပ်၏အမြင်
ဒေါ်မြရင်အမှု၊စီရင်ထုံးစာမျက်နှာ၂၄၁တွင်"အပြီးသတ်အမိန့်"ကိုအဓိပ္ပာယ်ကောက်ယူသည့်တရားရုံးချုပ်၏အမြင်ကိုပြဆိုထားသည်။
ပရီဗီကောင်စီဆုံးဖြတ်ရသောအမှုဖြစ်စဉ်
ဒီ၊ကေ၊ကာစင်နှင့်သားများ နှင့် ဗွီ၊အမ်၊အဗ္ဗဒူလ်ရာမန်၊ 8 Ran 441 အယူခံမှုကိုပေါ်ပေါက်စေသောမူလမှုတွင်၊ကာစင်နှင့်သားများအစုစပ်လုပ်ငန်းကအဗ္ဗဒူလ်ရာမန်အပေါ်၊၎င်းမတရားပြုလုပ်ခြင်းကြောင့်အသရေပျက်ရသည်ဟုဆိုကာလျော်ကြေးရလိုမှုစွဲဆိုဆဲ၌လူမွဲအဖြစ်ကြေညာခြင်းခံရသဖြင့်၊တရားစွဲဆိုခွင့်မှာရန်ကုန်အင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၁၇အရလူမွဲပစ္စည်းထိန်းထံသက်ရောက်သည်ဟုတင်ပြသောကြောင့်၊လူမွဲပစ္စည်းထိန်းဝန်ကိုတရားလိုတဦးအဖြစ်ထည့်သွင်းသည်။၎င်းကတရားလိုလူမွဲထံမှအမှုကိုဆက်လက်ဆောင်ရွက်ရာ၌ကုန်ကျမည့်စရိတ်အတွက်အာမခံတောင်းရာမရသဖြင့်အမှု၌ဆက်လက်ဆောင်ရွက်ရန်ငြင်းဆိုရာမှစွဲဆိုသောအမှုပလပ်ခြင်းခံရသည်။
တရားလိုတင်သွင်းသောအယူခံ 8 Ran 441 တွင်၊တရားလွှတ်တော်ခုံရုံးကလူမွဲဖြစ်သူအချင်းဖြစ်လျော်ကြေးရခွင့်သည်၊ရန်ကုန်မြို့တော်အင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၂(င)၏အဓိပ္ပာယ်အရ၊ပစ္စည်းမဟုတ်ဟုဆိုကာတရားစွဲဆိုရန်အကြောင်းသည်ပစ္စည်းထိန်းဝန်ထံသက်ရောက်ခြင်းမရှိ၊တရားလို၏အစုစပ်လုပ်ငန်းသည်အမှုကိုဆက်လက်ဆောင်ရွက်ခွင့်ရှိသည်ဟုဆုံးဖြတ်ကာ၊မူလအမှုကိုဆက်လက်ဆောင်ရွက်ရန်" remand "အမိန့်ချမှတ်သည်။
တရားပြိုင်များ၏လျှောက်ထားချက်အရ၊တရားလွှတ်တော်အခြားခုံရုံးကအဆိုပါ" remand "အမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)၏အဓိပ္ပာယ်အရအပြီးသတ်အမိန့်ဖြစ်သည်ဟုကောက်ယူပြီး၊ပုဒ်မ၁၀၉(က)အရပရီဗီကောင်စီတွင်အယူခံဝင်ရန်သင့်တော်ကြောင်းထောက်ခံသဖြင့်အဗ္ဗဒူလ်ရာမန်အမှု၊ 11 Ran 58( PC )ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပရီဗီကောင်စီ၏အမြင်
အပြီးသတ်အမိန့်ဟုတ်မဟုတ်၊၎င်း၏အကျိုးသက်ရောက်မှုအရမဆန်းစစ်ရဟု၊အဗ္ဗဒူ(လ်)ရာမန်အမှုတွင်၊စီရင်ထုံးစာမျက်နှာ၆၅၌အောက်ပါအတိုင်းသုံးသပ်သည်-
" It should be noted that the Appellate Court in India was of opinion that the order it had made "went to the root of the suit , namely the jurisdiction of the Court to entertain it." and it was for this reason that the order was thought to be final and the certificate granted. But this was not sufficient. The finality must be a finality in relation to the suit. If , after the order , the suit alive , suit in which the rights of the parties have still to be determined , no appeal lies against it under s. 109(a) of the Code, "
(အိန္ဒိယနိုင်ငံအယူခံတရားရုံးက(မှတ်ချက်။ ။အမှန်မှာရန်ကုန်တရားလွှတ်တော်အယူခံရုံးဖြစ်သည်)မိမိချမှတ်သောအမိန့်သည်"တရားရုံးကတရားမကြီးမှုကိုလက်ခံစီရင်ပိုင်ခွင့်အာဏာတည်းဟူသောအမှု၏အရင်းအမြစ်အထိရောက်သွား"ခြင်းကြောင့်အပြီးသတ်ဖြစ်သည်ဟုထင်မြင်သည်ဖြစ်၍ပရီဗီကောင်စီသို့အယူခံဝင်နိုင်ရန်ထောက်ခံချက်ပေးခြင်းဖြစ်သည်။သို့သော်ဤမျှဖြင့်လုံလောက်သည်မဟုတ်။အပြီးသတ်ခြင်းသည်တရားမကြီးမှုနှင့်စပ်လျဉ်း၍အပြီးသတ်ခြင်းဖြစ်ရမည်။အယူခံတရားရုံးကအမိန့်ချမှတ်ပြီးနောက်အမှုသည်များ၏အခွင့်အရေးများကိုဆုံးဖြတ်ရန်ရှိနေသေးသည့်တရားမကြီးမှုအသက်ဆက်ဆဲဖြစ်ပါက၊ကိုဓဥပဒေပုဒ်မ၁၀၉(က)အရအယူခံဝင်ခွင့်မရှိ။)
ဒေါ်မြရင်အမှုတွင်၊ပရီဗီကောင်စီ၏အထက်ပါအကြောင်းပြချက်မမှန်ကန်ကြောင်းတစုံတရာချေပထားခြင်းမရှိသည်ကိုတွေ့ရသည်။
ပရီဗီကောင်စီကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
" The effect of the order from which it is here sought to appeal was not to dispose finally of the rights of the parties. It no doubt decided an important, and even a vital issue in the case, but it left the suit alive , and provided for its trial in the ordinary way. "
[ ပရီဗီကောင်စီတွင်အယူခံဝင်ရန်အရေးဆိုသောအမိန့်(အယူခံတရားရုံး(တရားလွှတ်တော်)၏"remand"အမိန့်)၏အကျိုးသက်ရောက်မှုသည်၊အမှုသည်များ၏အခွင့်အရေးများကိုအပြီးသတ်ဆုံးဖြတ်ခြင်းမဟုတ်။အမှုတွင်အရေးပါသောငြင်းချက်၊ပဓာနပင်ကျသောငြင်းချက်ကိုဆုံးဖြတ်သည်မှာယုံမှားဖွယ်မရှိ။သို့ရာတွင်ယင်းအမိန့်သည်တရားမကြီးမှုကိုအသက်ဆက်စေပြီးပုံမှန်နည်းလမ်းအတိုင်းထိုအမှုကိုစစ်ဆေးစီရင်ခွင့်ရရှိစေသည် ]
Comments
Post a Comment