တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)တွင်ပြဌာန်းထားသောအယူခံတရားရုံး​၏အာဏာများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)တွင်ပြဌာန်းထားသောအယူခံတရားရုံး​၏အာဏာများမှာအောက်ပါအတိုင်းဖြစ်သည်-


(က)အမှုကိုအပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်(to determine a case finally)


(ခ)အမှုကိုပြန်လည်စစ်ဆေးပိုင်ခွင့်(to remand a case)


(ဂ)ငြင်းချက်များထုတ်၍စစ်ဆေးပိုင်ခွင့်(to frame issues and refer them for trial)


(ဃ)နောက်ထပ်သက်သေခံချက်ရယူပိုင်ခွင့်သို့မဟုတ်ထိုသို့ရယူရန်ဆင့်ဆိုပိုင်ခွင့်(to take additional evidence or to require such evidence to be taken)


ပုဒ်မခွဲ(က)ပါ"a case"သည်အယူခံတရားရုံးသို့ဝင်ရောက်သောအမှု(case)ဖြစ်သည်။အယူခံ(appeal)မဟုတ်။အယူခံဝင်သည့်အမှုကိုအပြီးသတ်စီရင်သောအဆုံးအဖြတ်ဖြစ်သည်။အယူခံမှုကိုအပြီးသတ်စီရင်သောအဆုံးအဖြတ်မဟုတ်။


ပုဒ်မခွဲ(ခ)အရချမှတ်သော"remand"အမိန့်သည်ပုဒ်မခွဲ(က)တွင်အကျုံးမဝင်။ထိုအမိန့်သည်အပြီးသတ်အမိန့်မဟုတ်ကြောင်းပုဒ်မခွဲ(က)နှင့်(ခ)ပါကွဲပြားသောအာဏာများအရပေါ်လွင်သည်။


ဒေါ်မြရင်အမှုတွင်၊"ပဏာမဥပဒေပြဿနာကိုဆုံးဖြတ်ပြီးသည်နှင့်အမှုပြီးပြတ်လျှင်လည်း၊ယင်းပြဿနာကိုဆုံးဖြတ်ခြင်းသည်တမှုလုံးကိုဆုံးဖြတ်သည်မည်​၏။ယင်းပြဿနာဖော်ထုတ်ခြင်းမှားယွင်းနေလျှင်၊သို့မဟုတ်၊ပြဿနာပေါ်တွင်ဆုံးဖြတ်ပုံမှားယွင်းနေလျှင်၊အမှားကိုအမြန်ပြင်ပေးရန်အမြင့်ဆုံးအယူခံအဆင့်အထိတက်ရောက်နိုင်သင့်​၏။အမှုကိုအပြီးသတ်စေသောပြဿနာပေါ်တွင်အယူခံရုံးကအပြီးသတ်အမိန့်ကိုချမှတ်လျှင်၊ယင်းအမိန့်သည်ပုဒ်မ၆တွင်အကျုံးဝင်သောအပြီးသတ်အမိန့်ဖြစ်​၏။"ဟုပြဆိုသည်။


"remand"အမိန့်ကို၊တရားမကျင့်ထုံးဥပဒေအမိန့်၄၃၊နည်း၁အရအယူခံဝင်ခွင့်ပေးထားရာ၊အယူခံတရားရုံးကချမှတ်သောအမိန့်ကိုထပ်မံအယူခံမဝင်ရဟုပုဒ်မ၁၀၄(၂)တွင်ပိတ်ပင်ထားသည်။


မူလတရားရုံးနှင့်အယူခံတရားရုံးတို့သည်ဥပဒေပြဿနာတခုတည်းအပေါ်အမြင်ကွဲလွဲနေခြင်းကိုထောက်ရှုပါက၊အယူခံတရားရုံး​၏အဆုံးအဖြတ်ကိုထပ်မံအယူခံဝင်သည်ဟုစောဒကတက်ရန်အကြောင်းရှိပါသည်။သို့သော်ပုဒ်မ၁၀၄(၂)ကခွင့်မပြု၊ပိတ်ပင်ထားသည်။


ဦးအုန်းခင်အမှု၊၁၉၅၁မတစ(တရားလွှတ်တော်)၂၂၆တွင်-


"It is not the province of a Judge to inquire into the wisdom of the legislature. He is to administer the law as he finds it and he is not to be influenced by his own personal conceptions of propriety, or non-propriety, of the piece of legislation that comes for consideration before him. The Court should not give rigid definition of words not defined by Legislature."


ဟုပြဆိုထားရာ၊အဆုံးအဖြတ်တခုကိုအယူခံဝင်သင့်​၏ဟုတရားရုံးကတွေးခေါ်ဆင်ခြင်ရန်မဟုတ်ပါ။


အယူခံဝင်ခွင့်ပြုသင့်၊မသင့်မှာဥပဒေပြုအာဏာပိုင်​၏လုပ်ပိုင်ခွင့်အတွင်းကျရောက်သည်။အယူခံဝင်ခွင့်ကိုဥပဒေကပြဌာန်းပေးမှရသည်။၁၉၇၀မတစ၁၉၅(အထူးခုံရုံး)အမှုကိုကြည့်ပါ။


ဒေါ်မြရင်တို့အပေါ်စွဲဆိုသောအမှုကို၊ထိုစဉ်ကမြို့နယ်တရားမတရားရုံးတွင်တရားစွဲဆိုခဲ့ပြီး၊မူလတရားရုံးကအမှုကိုကာလစည်းကမ်းသတ်နှင့်စပ်လျဉ်းသည့်ပဏာမငြင်းချက်အရပလပ်လိုက်ရာ၌၊ခရိုင်တရားမတရားရုံးကအယူခံတွင်အောက်တရားရုံး​၏အမိန့်ကိုပယ်ဖျက်ကာ"remand"အမိန့်ချမှတ်လျှင်၊ထိုအမိန့်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄(၂)အရတရားရုံးချုပ်တွင်အယူခံဝင်ခွင့်မရှိနိုင်။


ဒေါ်မြရင်အမှုတွင်၊မူလမှုကိုစီရင်သောတရားရုံးသည်ရန်ကုန်မြို့တော်တရားမရုံးဖြစ်၍၊ထိုတရားမရုံးကချမှတ်သောအမိန့်ကိုတရားရုံးချုပ်တွင်ရန်ကုန်မြို့တော်တရားမရုံးအက်ဥပဒေအရအယူခံဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။


အယူခံတရားရုံးကချမှတ်သော"remand"ဒီကရီကိုထပ်မံအယူခံဝင်ခွင့်ရှိသည်ဟုဆိုလျှင်၊ရန်ကုန်မြို့တော်တရားမရုံးတွင်တရားစွဲဆိုခံရသောတရားပြိုင်တို့သည်၊တရားမမူလတရားရုံးဖြစ်သည့်မြို့နယ်တရားရုံးများတွင်တရားစွဲဆိုခံရသောတရားပြိုင်တို့ထက်၊အယူခံဝင်ခွင့်တဆင့်ပိုရခြင်းမှာဖြစ်သင့်ဖြစ်ထိုက်သည်မဟုတ်။


"remand"အမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)တွင်အကျုံးဝင်သောအမိန့်မဟုတ်ဟုကောက်ယူပါက၊ထိုအငြင်းပွားဖွယ်ပြဿနာ(အယူခံဝင်ခွင့်ပိုရသည့်ပြဿနာ)မပေါ်နိုင်။ဤရှုထောင့်မှကြည့်လျှင်၊11 Ran 58( PC )စီရင်ထုံးပါအမြင်မှန်ကန်ကြောင်းတွေ့မြင်နိုင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ