အင်္ဂလိပ်တရားသူကြီး Hon . Sir Charles Edmund Fox နှင့် Mr . Justice Sydney Maddock Robinson တို့အကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၈၇၂ခုနှစ်မှ၁၈၉၉ခုနှစ်အထိကာလအတွင်း၊အောက်မြန်မာပြည်တရားဌာနမင်းကြီးရုံးက SJLB နှင့် PJLB စီရင်ထုံးစာအုပ်ထူထူနှစ်အုပ်ထုတ်ဝေခဲ့သည်။
၁၉၀၀ပြည့်နှစ်မှ၁၉၂၂ခုနှစ်ကုန်အထိ၂၂နှစ်ကာလအတွင်း၊အောက်မြန်မာပြည်တရားရုံးချုပ်က၊နှစ်နှစ်လျှင်စီရင်ထုံးတအုပ်ကျ၊အတွဲလိုက်၁၁အုပ်ထုတ်ဝေခဲ့သည်။
အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးက၁၈၉၂ခုနှစ်မှ၁၉၂၂ခုနှစ်ကာလအတွင်း၊၁၈၉၂-၁၈၉၆၊၁၈၉၇-၁၉၀၁၊၁၉၀၂-၁၉၀၃၊၁၉၀၄-၁၉၀၆၊၁၉၀၇-၁၉၀၉၊၁၉၁၀-၁၉၁၃၊၁၉၁၄-၁၉၁၆၊၁၉၁၇-၁၉၂၀၊၁၉၂၁-၁၉၂၂စီရင်ထုံးကိုးအုပ်ထုတ်ဝေခဲ့သည်။
၁၈၇၂ခုနှစ်မှ၁၈၉၉ခုနှစ်ကာလအတွင်းအုပ်ချုပ်ရေးဝန်ထမ်းများကတရားမမှုများကိုစီရင်ခဲ့ရာမှ၊၁၉၀၀ပြည့်နှစ်တွင်တရားသူကြီးများသီးခြားခန့်ထားပြီး၊တရားမမှုနှင့်ရာဇဝတ်မှုများကိုစီရင်စေခဲ့သည်။
ခရိုင်ရာဇဝတ်တရားသူကြီး၊နယ်ပိုင်နှင့်မြို့နယ်၊တွဲဖက်မြို့နယ်ရာဇဝတ်တရားသူကြီးများသည်၊အရေအတွက်မများသောရာဇဝတ်မှုများကိုစီရင်ခဲ့သည်။
ရန်ကုန်မြို့တွင်မူ၊ခရိုင်ရာဇဝတ်တရားသူကြီးသည်အုပ်ချုပ်ရေးဝန်ထမ်းဖြစ်ပြီး၊နယ်ပိုင်ရာဇဝတ်တရားသူကြီးနှစ်ဦးမှာမူတရားဌာနဝန်ထမ်းများဖြစ်ကြသည်။
တရားလွှတ်တော်ကို၊ကိုလိုနီခေတ်တရားစီရင်ရေးစနစ်စတင်ပြီးနောက်၊နှစ်ငါးဆယ်ကြာမှ၁၉၂၂ခုနှစ်ကုန်တွင်တည်ထောင်ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင်မူတရားဌာနမင်းကြီးရုံးကိုရှေ့ပြေးတည်ထောင်ပြီး၊၁၅-၂၀နှစ်အကြာတွင်တရားလွှတ်တော်ကိုတည်ထောင်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင်နယ်များ၌၊အရည်အချင်းရှိသောရှေ့နေများရရှိအောင်လေ့ကျင့်ခဲ့ရသည့်အတွက်၊တရားလွှတ်တော်ကိုတည်ထောင်ရာ၌အချိန်ယူခဲ့ရသည်ဟုသိရပါသည်။အမှုများတည်ဆောက်ရာ၌မူလတရားရုံး၌လိုက်ပါဆောင်ရွက်သောရှေ့နေရှေ့ရပ်များအရေးပါမှုကိုမည်သူမျှငြင်းနိုင်မည်မဟုတ်။
ထိုစဉ်ကရန်ကုန်နှင့်မန္တလေးမြို့များတွင်သာဝါရင့်ရှေ့နေကြီးများအမှုလိုက်သည်ကိုစီရင်ထုံးများတွင်တွေ့မြင်ရပါသည်။နောက်ပိုင်းတွင်အိန္ဒိယလူမျိုးရှေ့နေများ၊တရားမမှုများသည့်မြို့နယ်များတွင်နေထိုင်ကာ၊ဌာနေရှေ့နေများအဖြစ်အမှုလ်ုက်ပါကြပါသည်။
တရားလွှတ်တော်အဆင့်တွင်ရုံးထိုင်ရန်တရားဝန်ကြီးရရှိရေးမှာခက်လှသည်မဟုတ်ပါ။အင်္ဂလန်နိုင်ငံမှဝတ်လုံများကိုခန့်ထားဆောင်ရွက်စေခဲ့သည့်သာဓကများရှိခဲ့ပါသည်။
တရားရုံးချုပ်တွင်အင်္ဂလန်နိုင်ငံမှတရားသူကြီးအဖြစ်ခန့်ထားခဲ့သော Mr . Robinson သည်၊တရားလွှတ်တော်ကိုတည်ထောင်သောအခါတရားဝန်ကြီးချုပ်ဖြစ်လာခဲ့ပါသည်။
ကာလကတ္တားတရားလွှတ်တော်မှတရားဝန်ကြီး Mr . Page ကိုတရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်ပြောင်းရွှေ့ခန့်ထားခဲ့ပါသည်။၁၉၃၆ခုနှစ်တွင်ထိုတရားဝန်ကြီးချုပ်အငြိမ်းစားယူသောအခါ၊အင်္ဂလန်နိုင်ငံမှ Mr . Roberts ကိုတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်တိုက်ရိုက်ခန့်ခဲ့ပါသည်။
ရန်ကုန်မြို့တရားလွှတ်တော်မှတရားဝန်ကြီး Mr . Leach ကိုမဒရပ်တရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ Mr . Young ကိုလားဟိုးတရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်လည်းကောင်းပြောင်းရွှေ့ခန့်ထားသည်များလည်းရှိပါသည်။
တဖက်တွင်ရန်ကုန်မြို့နှင့်မန္တလေးမြို့ကြီးမဟုတ်သော၊ခရိုင်မြို့မဟုတ်သော၊အခြားမြို့ကြီးမြို့ငယ်များတွင်၊အရည်အချင်းရှိသောရှေ့နေရှေ့ရပ်အများအပြားရှေ့နေလိုက်ရန်စဉ်းစားခဲ့ဟန်မတူ။
Comments
Post a Comment