8 Ran 524 ( D B )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
8 Ran 524 ( DB )အမွေမှုစွဲဆိုထားဆဲ၌၊မောင်အောင်ဖေက၎င်း၏အမွေဝေစုကိုချစ်တီး(1940 RLR 826အမှုမှအယူခံတရားပြိုင်Arjandas)ထံပေါင်နှံခဲ့သည်။
နောက်ပိုင်း၌အမွေမှုတွင်အပြီးသတ်ဒီကရီရရှိပြီးအမွေပစ္စည်းများကိုခွဲဝေရာ၌ပေါင်ထားသောအချင်းဖြစ်မြေနှင့်အိမ်ကိုဒေါ်စောခင်ကရပြီး၊မောင်အောင်ဖေကအခြားပစ္စည်းများရရှိသည်။
ဒေါ်စောခင်အမွေရသောအချင်းဖြစ်အိမ်နှင့်မြေကိုနောက်ဆုံးတွင်ဒေါ်ရှင်(အယူခံတရားလို)နှင့်ဒေါ်တင်တို့ကဝယ်ယူလိုက်သည်။
အပေါင်ခံသူချစ်တီးArjandas(အယူခံတရားပြိုင်)ကမောင်အောင်ဖေအပေါ်အပေါင်မှုစွဲဆိုရာမှနောက်ဆုံးတွင်ပေါင်ပစ္စည်းများကိုလေလံဆွဲဝယ်ယူပြီးနောက်၊ဒေါ်ရှင်တို့အပေါ်၎င်းတို့ဝယ်ထားသောအချင်းဖြစ်မြေနှင့်အိမ်တွင်ပေါင်သူမောင်အောင်ဖေ၏ဝေစု၃ပုံ၁ပုံကိုလက်ရောက်ရလိုကြောင်းမူလတရားရုံးတွင်တရားစွဲဆိုရာအမှုရှုံးသည်။
ခရိုင်တရားရုံးကလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဟုဆုံးဖြတ်သည်။
တရားလွှတ်တော်ဒုတိယအယူခံတွင်၊တရားလွှတ်တော်တရားဝန်ကြီးကအမွေပစ္စည်းများကိုခွဲဝေယူရာဒေါ်စောခင်သည်အချင်းဖြစ်အိမ်နှင့်မြေ၏၃ပုံ၂ပုံကိုသာရသည်။သို့မဟုတ်၎င်းခွဲဝေရသည့်ပစ္စည်းသည်ထိုပစ္စည်းများတွင်မောင်အောင်ဖေ၏ဝေစု၃ပုံ၁ပုံကိုအထောက်အထားပြု၍ရခြင်းဖြစ်သည်ဟုဆုံးဖြတ်ပြီးချစ်တီးကိုအနိုင်ပေးသည်။
အမွေမခွဲမီပူးတွဲအမွေဆိုင်ဒေါ်စောခင်နှင့်မောင်အောင်ဖေတို့သည်အမွေပစ္စည်းအသီးသီး၏၃ပုံ၂ပုံနှင့်၃ပုံ၁ပုံစီပိုင်သည်။
9 Ran 480 ( FB )အမှုတွင်၊လင်နှင့်မယားတို့သည်လင်မယားပိုင်ပစ္စည်းများတွင်ဝေစုအလျောက်ဘုံပိုင်သူများ(tenants-in common)ဖြစ်ကြပြီး၊လင်၊မယားသည်မိမိ၏အစုကိုထုခွဲခွင့်ရှိသည်ဟုထုံးဖွဲ့ထားသည်။
ဗုဒ္ဓဘာသာအမွေရှင်၏အမွေကိုအမွေဆိုင်များကဝေစုအလျောက်ဘုံပိုင်သူများအဖြစ်ဖြင့်ဆက်ခံကြောင်း1963 BLR 491(496), 1967 BLR 525(529) နှင့် AIR 1937 Ran 324 တို့တွင်ပြဆိုထားရာ၊အမွေဆိုင်တဦးသည်မိမိအစုကိုလွှဲပြောင်းနိုင်သည်။
ပူးတွဲအမွေဆိုင်တဦးသည်အမွေပစ္စည်း၌မိမိ၏အစုကိုပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄၏အဓိပ္ပာယ်အရလွှဲပြောင်းခွင့်ရှိသည်။(legally competent in that behalf)
သို့ဖြစ်ရာမောင်အောင်ဖေသည်မိမိ၏အစုဖြစ်သောအမွေဆိုင်ပစ္စည်း၏၃ပုံ၁ပုံကို၊ချစ်တီးထံပေါင်နှံ(ပေါင်နှံခြင်းသည်လွှဲပြောင်းမှုတမျိုးဖြစ်သည်။)ခွင့်ရှိသည့်အလျောက်၊အပေါင်မှုတွင်လေလံတင်ရောင်းချရာ၌ချစ်တီးကဝယ်ယူခြင်းဖြင့်ထို၃ပုံ၁ပုံ၏ပိုင်ရှင်ဖြစ်သွားသည်။
ဤဥပဒေရှုထောင့်သက်သက်မှကြည့်လျှင်၊အချင်းဖြစ်အိမ်နှင့်မြေ၏၃ပုံ၁ပုံသည်ချစ်တီးပိုင်ဖြစ်သည်ဟုဟိုက်ကုတ်လွှတ်တော်တဦးထိုင်တရားဝန်ကြီးကဆုံးဖြတ်ခြင်းမှန်သည်။
သို့သော်ပုဒ်မ၄၄ပါပြဌာန်းချက်များ၏ပထမဝါကျပါခြွင်းချက်ဖြစ်သော but subject to the condition and liabilities အစရှိသည့်ပြဌာန်းချက်များကိုဆက်စပ်ဆင်ခြင်ရန်ပျက်ကွက်သဖြင့်အဖြေမှားသွားရခြင်းဖြစ်သည်။
Comments
Post a Comment