အောင်မြင်သောမြန်မာရှေ့နေကြီးအချို့
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ယခင်တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့တွင်လိုက်ပါဆောင်ရွက်ခဲ့သောရှေ့နေကြီးများသည်၊တရားရုံးတော်ကမှန်ကန်သောစီရင်ချက်များချမှတ်နိုင်ရန်များစွာအထောက်အကူပြုခဲ့ကြောင်းစာရေးသူကြားသိခဲ့ရပါသည်။
စောဒကမှုတမှုကိုရက်သတ္တတပတ်(တနင်္လာနေ့မှစနေနေ့ဝက်)အထိလျှောက်ထားခဲ့ကြသည်ဟုဆိုပါသည်။ရှေ့နေခကိုပထမနေ့အတွက်မည်မျှ၊နောက်ရက်များအတွက်တနေ့လျှင်ရှေ့နေခမည်မျှဟုသတ်မှတ်ပေးသည်ဟုသိရပါသည်။
ထိုရှေ့နေကြီးများသည်ပညာအရာတွင်အလွန်တော်သည်ဟုကြားသိရပါသည်။အလုံရပ်ရှိဦးလူနီလမ်း၊ဗဟန်းမြို့နယ်ရှိလောင်းဝစ်လမ်းစသည်တို့မှာ၊တချိန်ကနာမည်ကြီးရှေ့နေများကိုအစွဲပြု၍ခေါ်ဝေါ်သောလမ်းများဖြစ်ချေသည်။
ဝတ်လုံဦးချန်ထွန်း(မြန်မာဓလေ့ထုံးတမ်းပြုစုသူ)၊ဝတ်လုံဦးမေအောင်(မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူ၊ထို့ပြင်ဒုတိယမြောက်မြန်မာတရားဝန်ကြီး)၊ပထမဆုံးမြန်မာတရားဝန်ကြီးဝတ်လုံဦးခင်(Law Firmsတွင်ပါဝင်ခဲ့သည်)၊စတုထ္ထမြန်မာတရားဝန်ကြီးဝတ်လုံဦးမောင်ကြီး၊ဆဌမမြောက်မြန်မာတရားဝန်ကြီးဝတ်လုံဦးမြဘူး(ဦးခင်နှင့်ဦးမြဘူးတို့သည်လက်ထောက်အစိုးရတရားလွှတ်တော်ရှေ့နေများဖြစ်ကြပြီး၊ရှေ့နေလည်းလိုက်ခဲ့ရာမှတရားဝန်ကြီးများဖြစ်လာသူများဖြစ်သည်၊ဦးသိမ်းမောင်(အငြိမ်းစားနိုင်ငံတော်တရားဝန်ကြီးချုပ်)၊ဒေါက်တာဧမောင်(အငြိမ်းစားတရားလွှတ်တော်ချုပ်တရားဝန်ကြီး)၊ဦးကျော်မြင့်(အငြိမ်းစားတရားလွှတ်တော်ချုပ်တရားဝန်ကြီး)စသည့်ပုဂ္ဂိုလ်ကြီးများသည်၊အောင်မြင်သောမြန်မာရှေ့နေကြီးအချို့ဖြစ်ပါသည်။
၁၉၇၉ခုနှစ်တွင်စာရေးသူဗဟိုတရားရုံးသို့တရားရေးအကြံပေးအဖြစ်ရောက်လာသောအခါတွေ့ရသောရှေ့နေကြီးအများစုသည်၊စာရေးသူမျှော်လင့်သလောက်ကိုက်ကိုက်စားစားကျယ်ကျယ်ပြန့်ပြန့်နှံ့နှံ့စပ်စပ်လျှောက်လဲကြခြင်းနည်းပါးသည်ကိုတွေ့ရပါသည်။စာရေးသူသည်၎င်းတို့ထံမှပညာရသင့်သလောက်မရခဲ့ပါ။
ပရီဗီကောင်စီတွင်လိုက်ပါကြသောရှေ့နေကြီးများ၏အမည်များဘေးတွင်၊K. C.(King's Counsel)၊Q. C.(Queen's Counsel)ဟုဖော်ပြသည်။၎င်းတို့သည်ဝါရင့်ရှေ့နေကြီးများဖြစ်ကြသည်။
ယခင်တရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့သော၊Mr. Rutledge သည်၊K. C.ဖြစ်သည်။
1 Ran မှ 1942 R. L. R. စီရင်ထုံးများတွင်၊ပရီဗီကောင်စီစီရင်ထုံးများပါရှိရာပရီဗီကောင်စီရှေ့တွင်နှစ်ဖက်ရှေ့နေများ၏လျှောက်လဲချက်အကျဉ်းချုပ်ကိုဖတ်ကြည့်ရာ၌၊ပရီဗီကောင်စီသည်အယူခံမှုများကိုဆုံးဖြတ်ရာတွင်၎င်းတို့၏အကူအညီရခဲ့ကြောင်းအကဲခတ်မိပါသည်။
၁၉၈၈ခုနှစ်အတွင်းတရားရုံးချုပ်ကိုတည်ထောင်ခဲ့ပြီးနောက်၊စာရေးသူသည်၁၉၈၉မှ၁၉၉၁ခုနှစ်ကုန်အထိ၊သုံးနှစ်တာဝန်ထမ်းဆောင်သည့်ကာလအတွင်းတရားရုံးချုပ်တွင်ဝါရင့်ရှေ့နေကြီးများကိုမတွေ့ရတော့ပါ။
ရှေ့နေအများစုတို့၏တင်ပြချက်တို့သည်၊တရားရုံးချုပ်တရားသူကြီးများမျှော်လင့်သလောက်အားရဖွယ်မရှိကြောင်းတွေ့ရပါသည်။၁၉၇၁ခုနှစ်အထိ၊ခရိုင်တရားရုံးများတွင်လိုက်ပါခဲ့သောရှေ့နေရှေ့ရပ်များလောက်အားထုတ်မှုမရှိသည်ကိုရိပ်စားမိပါသည်။၎င်းတို့ကိုအပြစ်ပြောရန်မရှိပါ။
အောက်မြန်မာပြည်တရားရုံးချုပ်လက်ထက်မှ၁၉၆၂ခုနှစ်တွင်တည်ထောင်ခဲ့သောတရားရုံးချုပ်သက်တမ်းအတွင်း၊၁၉၆၇ခုနှစ်ကုန်အထိရှေ့နေရှေ့ရပ်များတဗိုလ်ဆင်းတဗိုလ်တက်၊စဉ်ဆက်မပြတ်လိုက်ပါဆောင်ရွက်ခဲ့သောရှေ့နေရှေ့ရပ်တို့၏အခန်းကဏ္ဍမှာ၊၁၉၆၈ခုနှစ်မှစ၍ယိမ်းယိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
၁၉၆၈ခုနှစ်မှစ၍ရှေ့နေများခါးပြတ်ခဲ့ရာ၊အကြောင်းကြောင်းကြောင့်ပြန်လည်နလန်ထူနိုင်ပုံမပေါ်တော့ပါ။
ယနေ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်၊ယခင်တရားလွှတ်တော်ချုပ်တွင်အမှုလိုက်ပါခဲ့သောသမ္ဘာရင့်၊ဝါရင့်ရှေ့နေကြီးများ၏အထောက်အကူမျိုးကိုရရှိရန်၊လက်ရှိအခြေအနေ၌မျှော်လင့်နိုင်မည်မဟုတ်ပါ။တပန်းရှုံးနေပါသည်။
ရှေ့နေရှေ့ရပ်များ၏အရည်အသွေးမြှင့်တင်ရေးကို၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကတက္ကသိုလ်များရှိဥပဒေပညာပို့ချသူဆရာ၊ဆရာမများနှင့်စုစည်း၍၊ရနိုင်သေးသောဥပဒေပညာရှင်များနှင့်ပူးပေါင်းကာအဖြေမရှာနိုင်ပါက၊ရှေ့နေရှေ့ရပ်များခါးပြတ်ရုံမျှမကဗုန်းဗုန်းလဲမည့်အခြေအနေသို့ပင်ရောက်သွားနိုင်ကြောင်း၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်အယူခံဝင်သော၊မူလအမှုများကိုတည်ဆောက်ရာ၌ပေါ်ပေါက်သည့်အားနည်းချက်များကညွှန်ပြလျက်ရှိသည်ကိုတွေ့ရပါသည်။
Comments
Post a Comment