၁၉၇၄ခုနှစ်တွင်ပြည်သူ့တရားစီရင်ရေးစနစ်ကိုတည်ထောင်သောအခါ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၇၄ခုနှစ်တွင်ပြည်သူ့တရားစီရင်ရေးစနစ်ကိုတည်ထောင်သောအခါတာဝန်ထမ်းဆောင်လျက်ရှိသောတရားသူကြီးများအဆင့်ဆင့်သည်မြို့နယ်တရားရုံးများ၊ပြည်နယ်နှင့်တိုင်းတရားရုံးများနှင့်ဗဟိုတရားရုံးတို့တွင်တရားရေးအကြံပေးများဖြစ်လာကြသည်။


တရားဌာနဝန်ထမ်းများမလုံလောက်၍အုပ်ချုပ်ရေးဌာနမှတရားဌာနသို့ပြောင်းရွှေ့လာသောဝန်ထမ်းများကိုအကြံပေးများအဖြစ်ခန့်ထားရသည်။၎င်းတို့သည်ရာဇဝတ်မှုများကိုစီရင်သည့်အတွေ့အကြုံသာရှိကြသည်။


ဗဟိုတရားရုံးတွင်ရန်ကုန်မြို့တော်တရားမရုံး​၏တရားသူကြီးချုပ်နှင့်တွဲဖက်တရားသူကြီးချုပ်ဟောင်းတို့နှစ်ဦးသာလျှင်၊တရားစီရင်ရေးအတွေ့အကြုံဝါရင့်သူများဖြစ်ကြသည်။


တရားသူကြီးချုပ်ဟောင်းဦးမြင့်ထွန်းသည်ဝတ်လုံအဖြစ်ရှေ့နေလိုက်ခဲ့သည်။ပြည်နယ်များဥပဒေအကြံပေးအရာရှိအဖြစ်လည်းဆောင်ရွက်ခဲ့သည်။ရန်ကုန်မြို့တော်တရားမရုံးတွင်တရားသူကြီးချုပ်အဖြစ်(၁၀)နှစ်ကျော်ထမ်းဆောင်ခဲ့သည်။


တွဲဖက်တရားသူကြီးချုပ်ဦးအေးကျော်သည်၊စစ်ကြိုခေတ်ကမြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အငယ်တန်း)ရာထူးဖြင့်တရားသူကြီးဖြစ်လာသူဖြစ်သည်။၁၉၅၉ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ရာ၁၉၇၁ခုနှစ်အထိ၊သထုံ၊ဟင်္သာတ၊မကွေးနှင့်သာယာဝတီခရိုင်များတွင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်၊၁၉၇၁ခုနှစ်မှ၁၉၇၃ခုနှစ်ကုန်အထိ၊တွဲဖက်တရားသူကြီးချုပ်၊တရားရုံးချုပ်မူလဘက်ဌာနခွဲ(၂)​၏တရားသူကြီးအဖြစ်တာဝန်များထမ်းဆောင်ခဲ့သော၊တရားမနှင့်ရာဇဝတ်မှုများကိုစီရင်ရာ၌ဝါရင့်သည့်တရားသူကြီးဖြစ်သည်။


ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူမြန်မာဟူ၍ဦးဘိုးဟန်(တတိယမြောက်မြန်မာတရားဝန်ကြီး)၊ဦးဘ(ပဉ္စမမြောက်မြန်မာတရားဝန်ကြီး)နှင့်ဦးဘဦးတို့သုံးဦးသာရှိခဲ့သည်။


လွတ်လပ်သောမြန်မာနိုင်ငံ​၏တရားလွှတ်တော်တွင်တရားဝန်ကြီးဖြစ်လာသော၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးများသည်၊တရားဌာနဝန်ထမ်း(အကြီးတန်း)တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊အနည်းဆုံးနှစ်(၂၀)ကျော်တရားစီရင်ဖူးကြသည့်တရားသူကြီးများဖြစ်ကြသည်။


ခြွင်းချက်မှာတရားဝန်ကြီးဦးကျော်ဇံဦးဖြစ်သည်။၎င်းသည်စစ်တွေခရိုင်အစိုးရရှေ့နေဝတ်လုံဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်တိုက်ရိုက်ခန့်ထားခြင်းခံရသူဖြစ်၍၊ကိုးနှစ်အကြာတွင်တရားလွှတ်တော်တရားဝန်ကြီးဖြစ်လာသူဖြစ်သည်။ထုံးပြုထားသော၎င်း​၏စီရင်ချက်များကိုဖတ်ရှုကြည့်ပါက၊၎င်း​၏အရည်အချင်းကိုကောင်းစွာအကဲခတ်နိုင်သည်။


တရားရုံးချုပ်တရားသူကြီးဦးသက်ဖေ၊ဦးစိန်သင်းနှင့်ဦးဘသန်းတို့သည်၊တရားဌာနဝန်ထမ်း(အကြီးတန်း)အဖြစ်စတင်တာဝန်ထမ်းဆောင်ပြီး၊လုပ်သက်အနှစ်(၂၀)ကျော်မှ၊တရားရုံးချုပ်တရားသူကြီးများဖြစ်လာသူများဖြစ်ကြသည်။ထိုလုပ်သက်မျှဖြင့်တရားဝန်ကြီးဖြစ်ရမည်ဟုတထစ်ချတွက်၍မရ။


မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အကြီးတန်း)ရာထူးဖြင့်တရားရေးလောကသို့ရောက်လာသောတရားစီရင်ရေးဝါရင့်သည့်လုပ်သက်အနှစ်(၃၀)ကျော်သောတရားသူကြီးများအနက်၊တရားလွှတ်တော်တရားဝန်ကြီးများအဖြစ်ထမ်းဆောင်ခွင့်မရသူများ​၏အရေအတွက်မှာနည်းသည်မဟုတ်။


၁၉၇၇ခုနှစ်၌တရားရေးအကြံပေးအဖြစ်ဆောင်ရွက်သူများတွင်၊အနည်းဆုံးအနှစ်(၂၀)ကြာကိုယ်တိုင်ကိုယ်ကျတရားစီရင်ခဲ့ဖူးသူ(စာရေးသူအပါအဝင်)တရားသူကြီးဟောင်းများမပါဝင်တော့။


၎င်းတို့သည်၁၉၇၄ခုနှစ်မှ၁၉၈၈ခုနှစ်မကုန်မီကာလအတွင်း၊ကိုယ်တိုင်ကိုယ်ကျတရားစီရင်ခွင့်မရခဲ့။တရားသူကြီးများခါးပြတ်သွားသည်။


၁၉၅၂ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးများအဖြစ်ရာထူးတိုးပေးနိုင်ရန်၊တရားဌာနဝန်ထမ်း(အကြီးတန်း)တရားသူကြီးများအဖြစ်ဝါမရင့်သေးကြောင်းတွေ့ရသဖြင့်၊ခရိုင်များတွင်တာဝန်ထမ်းဆောင်လျက်ရှိသောအစိုးရရှေ့နေများကို၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်ခန့်ထားတာဝန်ပေးသည့်နည်းကိုသုံးခဲ့ရဖူးသည်။ထိုပုဂ္ဂိုလ်များတွင်၊၁၉၆၁ခုနှစ်၌တရားလွှတ်တော်တရားဝန်ကြီးဖြစ်လာသည့်ဦးကျော်ဇံဦးပါဝင်သည်။


၁၉၇၇ခုနှစ်တွင်၊ဗဟိုတရားရုံးအကြံပေးအဖြစ်ဝါရင့်အစိုးရရှေ့နေများကိုခန့်ထားတာဝန်ပေးရန်မဖြစ်နိုင်တော့။ရှေ့နေချုပ်ရုံး(ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့)တွင်လည်းခါးပြတ်သည့်ပြဿနာပေါ်လျက်ရှိသည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ