ရှေ့နေရှေ့ရပ်များစီရင်ထုံးများကိုလေ့လာသည့်အခါ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရှေ့နေရှေ့ရပ်များစီရင်ထုံးများကိုလေ့လာသည့်အခါ၊အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောဝေါဟာရများကိုနားလည်ရန်အခက်အခဲရှိနိုင်ကြောင်းသိနိုင်ရန်ဝေါဟာရနှင့်စကားအသုံးအနှုန်းအချို့ကိုထုတ်နုတ်ဆွေးနွေးဖော်ပြခဲ့ရခြင်းဖြစ်သည်။Internetသည်မည်မျှအကျိုးပြုသည်ကိုလည်းဖောက်သည်ချလို၍ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်လက်ရှိဥပဒေများကိုမြန်မာဘာသာပြန်ဆိုခြင်း၊အချို့သောဥပဒေဝေါဟာရများအတွက်အဓိပ္ပာယ်တူညီသောမြန်မာဘာသာဝေါဟာရများထားရှိခြင်းစသည်တို့ကိုဆောင်ရွက်နိုင်ရန်၊မြန်မာဘာသာပြန်ဥပဒေနှင့်ဥပဒေဝေါဟာရအက်ဥပဒေကို(၃-၅-၁၉၄၈)နေ့၌ပြဌာန်းခဲ့ပါသည်။
၁၉၆၀ပြည့်နှစ်တွင်"စစ်ဘက်ဥပဒေဝေါဟာရများ"စာအုပ်ကိုထုတ်ဝေခဲ့ပါသည်။
သို့သော်ဆိုခဲ့သည့်ဥပဒေတွင်မျှော်မှန်းခဲ့သည့်အတိုင်း"ဥပဒေဝေါဟာရများ"အဘိဓာန်ထုတ်ဝေကြောင်းမတွေ့ရပါ။ဝေါဟာရမည်၍မည်မျှစုဆောင်းပြီးသည်လည်းမသိရပါ။
ဥပဒေပြဌာန်းပြီးနောက်၊(၆၅)နှစ်ကာလအတွင်းဝါရင့်သမ္ဘာရင့်ဥပဒေပညာရှင်ကြီးများကွယ်လွန်ခဲ့ပါသည်။ထိုပုဂ္ဂိုလ်ကြီးများအားအစားထိုးနိုင်သည့်ပညာရှင်များမရှိတော့ပါ။
မြန်မာ၊အင်္ဂလိပ်ဘာသာပညာရှင်များထွက်ပေါ်ဆဲဖြစ်သော်လည်း၊မြန်မာ၊အင်္ဂလိပ်ဘာသာရပ်အပြင်ဥပဒေလည်းကျွမ်းကျင်သူများများစားစားရှိပုံမပေါ်တော့ပါ။
၁၉၉၅ခုနှစ်တွင်အနိစ္စရောက်သွားသောဒေါက်တာမောင်မောင်သည်မြန်မာ၊အင်္ဂလိပ်စွယ်စုံတတ်မြောက်သည့်ပညာရှင်ဖြစ်ပါသည်။ဥပဒေဘွဲ့စာမေးပွဲတွင်မေးခွန်းအားလုံး၌ဂုဏ်ထူးရခဲ့သည်ဟုသိရပါသည်။
ဒေါက်တာမောင်မောင်ကဲ့သို့စွယ်စုံရပညာရှင်ကိုအစားထိုးနိုင်ရန်မှာရှားပေလိမ့်မည်။
တရားရုံးချုပ်တရားသူကြီးအဖြစ်အငြိမ်းစားယူသောဦးဘိုကြီးသည်၊မီးသေခြင်း၊ဟန်ဆောင်စာချုပ်၊အပေးအယူ(consideration)စသည့်ဥပဒေဝေါဟာရများကိုဖန်တီးပေးခဲ့သူဖြစ်ပါသည်။
၁၉၄၈ခုနှစ်မှ၁၉၆၅ခုနှစ်စီရင်ထုံးစာအုပ်များတွင်၊တရားဝန်ကြီးဦးစံမောင်၏စီရင်ချက်အများအပြား(၁၉၆၃ခုနှစ်စီရင်ထုံးစာအုပ်တွင်၎င်းချမှတ်သောစီရင်ချက်[၇၇]စောင်ကိုထုံးပြုထားသည်။)ပါဝင်သည်ကိုတွေ့မြင်နိုင်သည်။
ဦးစံမောင်ကဆိုင်ရာပြဌာန်းချက်များကိုမပျက်မကွက်ဖတ်ပြီးမှစီရင်ချက်များကိုရေးလေ့ရှိကြောင်း၊ခရိုင်တရားမတရားသူကြီးတဦးအားပြောဖူးသည်ကို၊ထိုတရားသူကြီးကစာရေးသူအားပြန်ပြောသဖြင့်၊စာရေးသူကသောင်းပြောင်းထွေလာဥပဒေပြဿနာစာအုပ်တအုပ်တွင်ဖောက်သည်ချဖူးပါသည်။
ဦးစံမောင်၏ကောင်းမြတ်သောအကျင့်ကိုလိုက်နာကြဟန်မတူ။
တရားသူကြီးဒေါက်တာဦးဧမောင်နှင့်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်တို့က၊စီရင်ချက်များကိုကိုယ်တိုင်ရေး၍လက်နှိပ်စက်ရိုက်စေသည်ဟုသိရပါသည်။
ထိုပုဂ္ဂိုလ်နှစ်ဦးတကုတ်ကုတ်ဖြင့်စီရင်ချက်ရေးသည့်မြင်ကွင်းများကို၊ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့ရသည့်လက်ရေးတိုစာရေးများကစာရေးသူအားပြန်ပြောပြရာ၊စာရေးသူကိုယ်တိုင်မမြင်ဖူးသော်လည်း၊ရှေးဖြစ်ဟောင်းတို့မှာအားကျဖွယ်ဖြစ်၍၊စာရေးသူ၏စိတ်တွင်ယနေ့တိုင်ပုံရိပ်ထင်ဆဲဖြစ်ပါသည်။
Comments
Post a Comment