ယခင်ကဟိုက်ကုတ်လွှတ်တော်တွင်လိုက်ပါဆောင်ရွက်သောရှေ့နေရှေ့ရပ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ယခင်ကဟိုက်ကုတ်လွှတ်တော်တွင်လိုက်ပါဆောင်ရွက်သောရှေ့နေရှေ့ရပ်တို့သည်၊ဥပဒေပညာကိုမည်မျှခုံခုံမင်မင်လေ့လာသူများဖြစ်ကြောင်းစီရင်ထုံးများကညွှန်ပြပါသည်။


1940 RLR 826 ( DB )အမှုကိုစီရင်သော၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးချုပ်(Sir Ernest H. Goodman Roberts)နှင့်တရားဝန်ကြီး(Mr. Justice Mosely)တို့သည်၊ဒေါ်ရှင်​၏ရှေ့နေ(P. K. Basu)တင်ပြသောစီရင်ထုံးများအပြင်အခြားစီရင်ထုံးများကို၊မကိုးကားနိုင်ခြင်းကဒေါ်ရှင်​၏ရှေ့နေ(P. K. Basu)သည်ဆိုင်ရာစီရင်ထုံးများကို၊အကုန်အစင်တင်ပြနိုင်ကြောင်းမြင်သာစေသည်။


နောင်တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ​၏နိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာသူဦးသိမ်းမောင်သည်၊ဝတ်လုံစာမေးပွဲအောင်ပြီးမြန်မာနိုင်ငံသို့ပြန်ရောက်သောအခါ၊ထိုစဉ်ကအောက်မြန်မာပြည်တရားရုံးချုပ်ရှိတရားဝန်ကြီးဦးခင်(ပထမဆုံးမြန်မာတရားဝန်ကြီး)နှင့်တွေ့သောအခါ၊ဦးခင်ကဦးသိမ်းမောင်အား၊ရန်ကုန်တွင်မဟုတ်ဘဲနယ်တွင်စတင်ရှေ့နေလိုက်ရန်အကြံပေးခြင်းသည်၊ရန်ကုန်မြို့ဟိုက်ကုတ်လွှတ်တော်၌ရှေ့နေလိုက်သူများမှာ၊ 1940 RLR 826 ( DB )အမှု၌၊အယူခံတရားလိုဒေါ်ရှင်​၏ရှေ့နေကဲ့သို့ဝါရင့်ပညာရှင်ရှေ့နေများဖြစ်ကြသဖြင့်၊ဝင်တိုးရန်မလွယ်ခြင်းကြောင့်ဖြစ်တန်ရာသည်။


8 Ran 524 အမှုကို၊အယူခံတရားလိုဘက်မှဦးမောင်ကြီး(တရားလွှတ်တော်၌တရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ)၊အယူခံတရားပြိုင်ဘက်မှဦးသိမ်းမောင်လိုက်ပါဆောင်ရွက်ခဲ့ရာ၊ဦးသိမ်းမောင်ကစီရင်ထုံးစာမျက်နှာ၅၃၂တွင်ဖော်ပြထားသည့်အတိုင်းလျှောက်လဲခဲ့သော်လည်းအနိုင်မရခဲ့။


ရှေးအခါကမြန်မာနိုင်ငံ၌အဆင့်အမြင့်ဆုံးဟိုက်ကုတ်လွှတ်တော်၌သမ္ဘာရင့်ဝါရင့်ရှေ့နေကြီးများလိုက်ပါဆောင်ရွက်သဖြင့်၊တရားစီရင်သောတရားသူကြီးများအား၊များစွာအထောက်အကူဖြစ်စေခဲ့ပါသည်။


လွတ်လပ်သောမြန်မာနိုင်ငံတော်​၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာမည့်ဦးဘဦးသည်၊ဝတ်လုံအဖြစ်မြန်မာနိုင်ငံသို့ပြန်ရောက်သောအခါရန်ကုန်မြို့တွင်ရှေ့နေလိုက်ခဲ့ရာ၊၎င်း​၏ My Burma စာအုပ်တွင် Life at the Bar အခန်းတွင်၊၎င်း​၏ရှေ့နေဘဝကိုပြန်ပြောင်းရေးသားရာ၌၊စာမျက်နှာ၅၃၌-


"My father supported me and I had my way , but knew I would have to try hard , as the Rangoon bar was not only overcrowded , but the strongest bar in Burma . It was reputed that the Rangoon bar could hold its own against any in India."


ဟုရေးသားထားသည်ကိုကောက်နုတ်ဖော်ပြပါသည်။


(မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၉၇၂၌ hold its own against....ဟူသောစကားရပ်ကို၊တောင့်ခံသည်ဟုဘာသာပြန်ပါသည်)


ယနေ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်​၏အခြေအနေနှင့်မတူပါ။


ဥပဒေပြဿနာအဖြာဖြာစာအုပ်အမှာစာ၌၊စာရေးသူညွှန်ပြခဲ့သည့်လက်ခုပ်တဖောင်မြင့်သောဘီရိုကြီးများတွင်ဥပဒေစာအုပ်များအပြည့်ရှိသောရှေ့နေများကဲ့သို့စီရင်ထုံးများ၊ဥပဒေကျမ်းများပြည့်ပြည့်စုံစုံမရှိသူ၊မဖတ်ဖူးသူများလည်းရှေ့နေလိုက်လျက်ရှိရာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်၎င်းတို့ထံမှအကူအညီပြည့်ပြည့်စုံစုံရရန်မျှော်လင့်မရနိုင်သည်မှာဖြစ်သင့်သည်မဟုတ်။


ယခင်ကနယ်နှင့်ရန်ကုန်မြို့ရှိရှေ့နေကြီးများ​၏ဘီရိုကြီးများ၌၊မြန်မာနိုင်ငံစီရင်ထုံးများသာမကအိန္ဒိယနိုင်ငံတရားလွှတ်တော်များ၊ပရီဗီကောင်စီတို့​၏စီရင်ထုံးများလည်းရှိကြသည်။


မြန်မာနိုင်ငံတွင်၁၉၆၂ခုနှစ်မတ်လအထိ Asia Foundation မှ၊အိန္ဒိယနိုင်ငံစီရင်ထုံးများနှင့်ကျမ်းများကိုဝယ်ယူကာတရားလွှတ်တော်ချုပ်၊တရားလွှတ်တော်နှင့်ခရိုင်တရားရုံးများကိုလှူဒါန်းခဲ့သည်။တော်လှန်ရေးအစိုးရတက်လာသောအခါဆက်လက်၍ထောက်ပံ့ခြင်းမပြုတော့။


အိန္ဒိယနိုင်ငံမှဥပဒေစာအုပ်များကိုလည်းဝယ်မရတော့သဖြင့်၊ယခုအခါမြန်မာနိုင်ငံသည်ဥပဒေရေးရာတွင်ခေတ်နောက်ကျလျက်ရှိသည်။သို့သော် Internet တွင်၊ထိုစီရင်ထုံးများကိုဖတ်ခွင့်ရသဖြင့်စန်းတက်လာပြီဟုဆိုနိုင်သည်။အားထုတ်ဖို့သာလိုသည်။


ရှေ့နေရှေ့ရပ်တို့သည်၊ 1940 RLR 826 အမှုတွင်၊ဒေါ်ရှင်ဘက်မှလိုက်ပါဆောင်ရွက်သောရှေ့နေ(P. K. Basu)ကဲ့သို့၊ဥပဒေပညာဗဟုသုတရရှိကြိုးစားအားထုတ်ရန်တိုက်တွန်းလိုသည်။


တတ်အပ်သောဥပဒေပညာမရှိဘဲရှေ့နေလိုက်ခြင်းသည်၊သမ္မာအာဇီဝလောဟု၊မိမိကိုယ်ကိုမိမိစောကြောသင့်သည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]