ဟင်္သာတနယ်ပိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်စဉ်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၇၄ခုနှစ်မှ(၁၄)နှစ်ကျော်ကြာမြင့်သည့်ကာလအတွင်း၊တရားရေးအကြံပေးအဖြစ်ဆောင်ရွက်ရသူများသည်၊ကိုယ်တိုင်ကိုယ်ကျတရားစီရင်ရသည်မဟုတ်၍၊ဥပဒေပညာရရန်အခွင့်အရေးဆုံးရှုံးခဲ့ရသည်။
မြို့နယ်နှင့်ခရိုင်တရားရုံးများတွင်လိုက်ပါသောရှေ့နေအများစုမှာလည်း၊ရှေ့နေလုပ်သက်မရင့်သေး၍စာရေးသူကဲ့သို့မိမိတရားရုံးတွင်လိုက်ပါသောရှေ့နေကြီးများထံမှဥပဒေပညာရယူခွင့်လည်းမရှိခဲ့ချေ။
အလျဉ်းသင့်၍ကြားဖြတ်ရေးစရာတရပ်ရှိပါသည်။
စာရေးသူသည်ဟင်္သာတနယ်ပိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်စဉ်လပိုင်းအတွင်း၊တရားမမှုတမှုတွင်လိုက်ပါဆောင်ရွက်သောရှေ့နေကြီးသည်၊ဗုဒ္ဓဘာသာဥပဒေကျမ်းကိုပြုစုသောလာဟီရီနှင့်ခေတ်ပြိုင်ရှေ့နေကြီးဖြစ်သည်။အိန္ဒိယနိုင်ငံသို့မပြန်တော့ဘဲ၊မြန်မာနိုင်ငံ၌အရိုးထုတ်သူဖြစ်သည်။
၎င်းကရှေ့နေလုပ်သက်ရာစုနှစ်ဝက်ရှိပြီဟုရုံးရှေ့တွင်တင်ပြသောအခါ၊စာရေးသူကျောချမ်းခဲ့ရသည်။စာရေးသူသည်၎င်းထံမှ၊တရားမဥပဒေပညာများများစားစားသင်ယူခွင့်ရခဲ့သည်။
အခြားရှေ့နေတဦးမှာပညာအလွန်တော်သောအစိုးရရှေ့နေဖြစ်သည်။၎င်းသည်ဘွဲ့ရမဟုတ်။ဥပစာတန်းသာအောင်မြင်သည်။အိန္ဒိယနိုင်ငံသားတရားလွှတ်တော်ရှေ့နေများနှင့်ယှဉ်၍၊အင်္ဂလိပ်ဘာသာဖြင့်စာရေးသူရှေ့တွင်လျှောက်လဲသည်။အင်္ဂလိပ်စာတော်သူဖြစ်သည်။
၎င်း၏လျှောက်လဲချက်တွင်ပါသည့်"The two are poles apart"ဟူသော(အကြောင်းခြင်းရာနှစ်ရပ်အလှမ်းဝေးခြင်းကိုတင်စားပြောသည့်)လျှောက်လဲချက်ကိုသေသည်အထိမေ့မည်မဟုတ်။၎င်းသည်တရားလွှတ်တော်တရားဝန်ကြီးတဦးလောက်၊ဥပဒေပညာတတ်သည်ဟုစာရေးသူကထင်မြင်သည်။
မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အကြီးတန်း)နှင့်(အငယ်တန်း)တရားသူကြီးများသည်၊ရာထူးဝန်အဖွဲ့ကကျင်းပသောဌာနဆိုင်ရာစာမေးပွဲကိုအောင်မြင်ပါမှအမြဲတမ်းခန့်ထားခြင်းခံရသည်။ရာဇဝတ်တရားစီရင်ရေးအာဏာတိုး၍ရရှိနိုင်သည်။
(အကြီးတန်း)ဝန်ထမ်းတရားသူကြီးများသည်ဘာသာတိုင်းကိုအောင်မြင်ရမည်။ပျှမ်းမျှရမှတ်သည်အနည်းဆုံး(၆၀)၊(အငယ်တန်း)ဝန်ထမ်းတရားသူကြီးများ၏ပျှမ်းမျှရမှတ်သည်အနည်းဆုံး(၅၀)ဖြစ်သည်။အဖြေစာရွက်များကို၊တရားလွှတ်တော်တရားဝန်ကြီးတဦးကစစ်ဆေးသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းဆင်းတို့သည်၊၁၉၆၆ခုနှစ်မှစ၍ဌာနဆိုင်ရာစာမေးပွဲဖြေဆိုရခြင်းမှကင်းလွတ်ခွင့်ရသွားသဖြင့်၊ဥပဒေများကိုကိုက်ကိုက်စားစားလေ့လာရန်အခွင့်အရေးလက်လွတ်သွားပြန်သည်။
၁၉၇၄ခုနှစ်မှ၁၉၈၈ခုနှစ်ကာလအတွင်း၊အထက်ပါတရားရေးဝန်ထမ်းတို့သည်ကိုယ်တိုင်ကိုယ်ကျတရားစီရင်ခွင့်အပါအဝင်၊ဥပဒေပညာရရန်အခြားအခွင့်အရေးများလက်လွတ်ခဲ့ရသည့်အပြင်၊၁၉၈၈ခုနှစ်ကုန်ခန့်မှစ၍တရားစီရင်ခွင့်ရသောအခါ၊ရှေ့နေရှေ့ရပ်များထံမှစာရေးသူနည်းတူပညာရခွင့်လျော့ပါးသွားသည်။
တိုင်းတရားရုံး၊မြို့နယ်စုတရားရုံး၊ခရိုင်တရားရုံးများတွင်အယူခံမှုများကြားနာသောတရားသူကြီးအများစုသည်၊စာရေးသူများခေတ်ကကဲ့သို့၊တရားစီရင်ရေးအတွေ့အကြုံရှိသောခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးများ၏အရည်အချင်းကိုမှီသူများမဟုတ်တော့။
တချိန်ကတရားဌာနဝန်ထမ်း(အကြီးတန်း)တရားသူကြီးများကစီရင်သောတရားမမှုများ၌ချမှတ်သောအဆုံးအဖြတ်တို့ကို၊ခရိုင်တရားမတရားသူကြီးထံသာအယူခံဝင်ခွင့်ရှိခဲ့သည်။
ယခုအခါမြို့နယ်တရားရုံး၏အဆုံးအဖြတ်များအပေါ်တင်သွင်းသောအယူခံမှုများကိုတရားရေးဝန်ထမ်းအဆင့်(၂)ကလည်းစီရင်သဖြင့်၊စာရေးသူများကဲ့သို့အယူခံတရားရုံးထံမှဥပဒေပညာများများစားစားရရန်မမျှော်လင့်နိုင်တော့။
မြို့နယ်တရားရုံးများကဆုံးဖြတ်သောတရားမမှုများအနက်၊အမှုတန်ဖိုးကျပ်၅၀၀ထက်မပိုသောအမှုများမှတင်သွင်းသည့်အယူခံကိုသာလျှင်၊ရာဘက်ခရိုင်တရားမတရားသူကြီး(ယခုတရားရေးဝန်ထမ်းအဆင့်-၂)ကစီရင်ပိုင်ခွင့်အာဏာရှိသည်။
၁၉၈၈ခုနှစ်တွင်တည်ထောင်သောတရားရုံးချုပ်၌တရားရေးအကြံပေးစနစ်ကိုဆက်လက်ကျင့်သုံးသည်။
စာရေးသူ၁၉၉၂ခုနှစ်ဆန်းတွင်အငြိမ်းစားယူပြီးနောက်၊တဦးတည်းသာကျန်ရှိတော့သည့်မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အကြီးတန်း)တရားသူကြီးဟောင်းသည်၊ညွှန်ကြားရေးမှူးချုပ်ဖြစ်သွားသဖြင့်၊မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အငယ်တန်း)နှင့်အုပ်ချုပ်ရေးဌာနမှဝန်ထမ်းဟောင်းတို့က၊တရားရေးအကြံပေးများအဖြစ်ဆက်လက်တာဝန်ယူကြသည်။
နောက်ပိုင်းတွင်အောင်ဆန်း(၇)သင်တန်းဆင်းများသည်၊တရားရေးအကြံပေးများဖြစ်လာကြသောအခါ၊(၁၀)နှစ်ကျော်ကိုယ်တိုင်ကိုယ်ကျတရားစီရင်ဖူးသူများမှာအနည်းစုဖြစ်လာသည်။
Comments
Post a Comment