ရှေးကတရားလွှတ်တော်တရားဝန်ကြီးများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားလွှတ်တော်(မန္တလေးရုံးထိုင်)တွင်၊အမှုများကိုကြားနာပြီးမွန်းလွဲညနေပိုင်း၌တရားဝန်ကြီးကစီရင်ချက်များကိုလက်ရေးတိုစာရေးအားနှုတ်တိုက်ချပေးခြင်း၊ကိုယ်တိုင်ရေးခြင်းများပြုခဲ့သည်ဟုသိရပါသည်။


တရားရုံးချုပ်(မန္တလေးရုံးထိုင်)တွင်၊စာရေးသူဒုတိယအတွင်းဝန်အဖြစ်ဆောင်ရွက်စဉ်က၊လက်ရေးတိုစာရေးနှစ်ဦးမှာတရားသူကြီး​၏စီရင်ချက်များကိုလက်နှိပ်စက်ရိုက်ရာ၌လက်မလည်လောက်အောင်အလုပ်ရှုပ်ခဲ့သည်ကိုတွေ့ရပါသည်။


စီရင်ချက်များကိုအမှုကြားနာပြီး၊နောက်နေ့တွင်အမိန့်ချမှတ်လေ့ရှိသည်။


စာရေးသူဗဟိုတရားရုံးသို့၁၉၇၉ခုနှစ်တွင်ရောက်ပြီးလပိုင်းအတွင်း၊မန္တလေး၌ရုံးထိုင်သောဗဟိုတရားစီရင်ရေးအဖွဲ့နှင့်လိုက်ပါပြီး၊တရားရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့ရပါသည်။


အမှုကြားနာပြီးနောက်၊နောက်တနေ့တွင်စီရင်ချက်ချမှတ်နိုင်ရန်၊တရားရေးအကြံပေးနှင့်လက်ရေးတိုစာရေးတို့မှာညဉ့်နက်သန်းခေါင်အထိ၊မနားမနေဆောင်ရွက်ခဲ့ကြရပါသည်။


စနေနေ့(နောက်ပိုင်း၌သောကြာနေ့)တွင်ကြားနာပြီးသည့်အမှုအားလုံး၊စီရင်ချက်ချပြီးဖြစ်အောင်စီမံဆောင်ရွက်ခဲ့ရပါသည်။တရားရုံးချုပ်လက်ထက်တွင်လည်းအလားတူဆောင်ရွက်ခဲ့ရပါသည်။


စာရေးသူတရားသူကြီးဖြစ်ခါစက၊လက်ဦးဆရာခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးပြောဖူးသည့်စကားကိုမှတ်မိနေပါသေးသည်။


စစ်ကြိုခေတ်ကလျှောက်လဲချက်ကြားနာပြီးနောက်၊(၃)ရက်အတွင်းစီရင်ချက်မချလျှင်၊လာဘ်မျှော်ကိုးနေ၍ကြန့်ကြာရခြင်းဖြစ်သည်ဟု၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးကမှတ်ယူတတ်သည်ဟုဆိုပါသည်။


ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးတို့သည်၊လက်အောက်ခံတရားသူကြီးများကိုအကဲဖြတ်ခွင့်ရှိသဖြင့်၊ထိုသို့မှတ်ယူခြင်းခံရမည်ကိုစိုးရွံ့ခြင်းကြောင့်၊စီရင်ချက်များကိုချမှတ်ရာ၌(၃)ရက်ကျော်ကြန့်ကြာခြင်းမျိုးနည်းပါးခဲ့ပါသည်။


(၃)ရက်ကျော်လျှင်၊နေ့စဉ်မှတ်တမ်း၌အကြောင်းပြချက်ရေးပြီး(၄-၅)ရက်ခွာ၍ချိန်းပါသည်။(၅)ရက်ကျော်၍ချိန်းဆိုခဲ့ခြင်းဟူ၍မရှိခဲ့ပါ။နှစ်ချိန်း၊သုံးချိန်း၊ချိန်းဆိုခြင်းလည်းနည်းပါးပါသည်။နေထိုင်မကောင်း၍ချိန်းလျှင်အကြောင်းပြချက်ကိုမှတ်တမ်းတင်ပါသည်။


နှစ်ဘက်တင်ပြသောလျှောက်လဲချက်များမမေ့မီ၊စီရင်ချက်ရေးခြင်းက၊တပန်းသာသည်ကိုသတိထားမိသဖြင့်၊မြန်မြန်ဆန်ဆန်ရေးဖြစ်ခြင်းသည်လည်းအကြောင်းတရပ်ဖြစ်ပါလိမ့်မည်။


ခရိုင်တရားရုံးတွင်တာဝန်ထမ်းဆောင်ရသောအခါ၊လက်ရေးတိုစာရေးရှိသဖြင့်စီရင်ချက်ရေးရာ၌ကြန့်ကြာရန်အကြောင်းမရှိတော့။နှုတ်တိုက်ချကာလက်နှိပ်စက်ရိုက်စေခြင်းဖြင့်စီရင်ချက်ရေးရာ၌ပိုမိုမြန်ဆန်လာပါသည်။


ဗဟိုတရားရုံးရောက်သောအခါ၊စာရေးသူ​၏လက်ရေးတိုစာရေးဦးဘသန်း(ကွယ်လွန်ရှာပြီ)အား၊စီရင်ချက်များကိုနှုတ်တိုက်ချကာလက်နှိပ်စက်ဖြင့်ရိုက်စေရာ၌၊စာရေးသူစကားဆုံးသည်နှင့်တပြိုင်နက်၎င်းသည်လက်နှိပ်စက်ရိုက်ပြီးသည်အထိကျွမ်းကျင်ပါသည်။


အခြားလက်ရေးတိုစာရေးများလည်းအလားတူကျွမ်းကျင်ကြပါသည်။


တရားလွှတ်တော်တွင်လက်ရေးတိုစာရေးအများစုသည်အင်္ဂလိပ်ဘာသာကျွမ်းကျင်သူများဖြစ်ကြပါသည်။


ဦးဘသန်းသည်ထိုလက်ရေးတိုစာရေးတဦးဖြစ်ပါသည်။နောက်မှမြန်မာလက်နှိပ်စက်ကိုကျွမ်းကျွမ်းကျင်ကျင်ရိုက်နိုင်အောင်လေ့ကျင့်ခဲ့သူဖြစ်ပါသည်။


ဦးဘသန်းကတရားဝန်ကြီးဦးစံမောင်နှင့်စီရင်ချက်ရိုက်ရပုံကိုပြောပြပါသည်။


တနေ့တွင်တရားဝန်ကြီးဦးစံမောင်​၏လက်ရေးတိုစာရေးခွင့်ယူထားသဖြင့်၊ဦးဘသန်းသည်၎င်း​၏စီရင်ချက်ကိုလက်နှိပ်စက်ရိုက်ရန်တာဝန်ပေးခြင်းခံရသည်။


ဦးဘသန်းသည်တရားဝန်ကြီး​၏စဉ်းစားခန်းသို့အင်္ဂလိပ်လက်နှိပ်စက်ယူပြီးသွားရသည်။လက်နှိပ်စက်ကို၎င်း​၏စားပွဲကြီးပေါ်တွင်တင်ပြီးသောအခါ၊ဦးစံမောင်ကစီရင်ချက်အချော"It is a fair judgment"တန်းရိုက်မည်ဖြစ်၍၊အမှားမရှိရန်သတိထားရိုက်ဖို့သတိပေးသည်ဟုဆိုပါသည်။


ဦးစံမောင်ကအင်္ဂလိပ်ဘာသာဖြင့်နှုတ်တိုက်ချပေးသည်ကို၊ဦးဘသန်းကတဖြောင်းဖြောင်းရိုက်သည်။ဦးစံမောင်နှုတ်တိုက်မြွက်ဆိုပြီးသည်နှင့်တပြိုင်နက်ဦးဘသန်းကလည်းလက်နှိပ်စက်ရိုက်ပြီးဖြစ်သွားသည်။


ရှည်လျားသောစီရင်ချက်ကြီးပြီးဆုံးသောအခါ၊ဦးစံမောင်ကစီရင်ချက်ကိုဖတ်ပြီးလက်မှတ်ရေးထိုးသည်။စာလုံးတလုံးမျှပင်ပြင်စရာမလိုကြောင်းတွေ့ရသည်ဟု၊ဦးဘသန်းကပြန်ပြောပြပါသည်။


ရှေးကတရားလွှတ်တော်တရားဝန်ကြီးများသည်၊လက်ဖျားခါလောက်သောပညာရှင်များဖြစ်ကြပါတကားဟု၊စာရေးသူကဦးဘသန်း​၏ဇာတ်လမ်းအဆုံးတွင်၊စိတ်ထဲ၌ချီးကျူးမိပါသည်။


အမှားကင်းသောအင်္ဂလိပ်ဘာသာစီရင်ချက်ရိုက်သည့်ဦးဘသန်းသည်လည်းတော်ပါပေသည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ