စာတွေ့နှင့်လက်တွေ့ကွာဟမှုသည်ဖြစ်ရပ်မှန်တရပ်ဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စာတွေ့နှင့်လက်တွေ့ကွာဟမှုသည်ဖြစ်ရပ်မှန်တရပ်ဖြစ်သည်။
တက္ကသိုလ်ကျောင်းထွက်ဥပဒေဘွဲ့ရတို့သည်ဤအခက်အခဲကိုမုချကြုံတွေ့ရသည်။
ယင်းကွာဟမှုကြီးမားသည်နှင့်အမျှ၊အမှုသည်တို့မှာဓားစာခံများအဖြစ်ရင်စီးခံကြရသည်ကို၊ထိုဥပဒေဘွဲ့ရတရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့ဆင်ခြင်အပ်သည်။
ထိုမောဟသည်ထိုဘွဲ့ရများ၏အကြီးမားဆုံးရန်သူဖြစ်သည်။
အပြောကျယ်လှသောလက်တွေ့နယ်ပယ်တွင်၊ထိုဥပဒေဘွဲ့ရပညာရှင်များသည်မှုခင်းများကိုကိုင်တွယ်ရာ၌မုဆိုးစိုင်သင်သလို၊အသုံးချဥပဒေကိုလေ့လာသင်ယူခြင်းဖြင့်ထိုမောဟတို့ကိုလျော့ပါးသွားအောင်ပြုလုပ်ရန်ဖြစ်သည်။
မိမိကျူးလွန်မိသောအမှားများကိုအမှားဟုသိမြင်အောင်ရှုမြင်ပြီး၊နောက်ထပ်မံမကျူးလွန်မိရန်အားထုတ်ဖို့လိုသည်။အမှားကိုထပ်မံကျူးလွန်လျှင်ခွင့်လွှတ်နိုင်ရန်အကြောင်းမရှိသည်ကိုသတိချပ်အပ်သည်။
စာတွေ့မှသည်လက်တွေ့အသုံးချရသည့်ဥပဒေများကို၊စီရင်ထုံးများမှအဓိကအားဖြင့်ရရှိနိုင်သည်။ဥပဒေကျမ်းများသည်ယင်းစီရင်ထုံးများအပေါ်အခြေခံသောရေးသားချက်များဖြစ်ချေသည်။
သို့ဖြစ်ရာဥပဒေပညာရှင်တို့သည်ယင်းစီရင်ထုံးများ၊ဥပဒေကျမ်းများနှင့်ကင်းကွာ၍မရနိုင်။
ရှေ့နေရှေ့ရပ်များနှင့်ဆိုင်ရာတရားသူကြီးတို့သည်မှုခင်းတရပ်ကိုကိုင်တွယ်ရာ၌ဆိုင်ရာဥပဒေများကိုလည်းကောင်း၊ဆိုင်ရာထုံးသာဓကများကိုလည်းကောင်းလေ့လာစီရင်ကြလျှင်အမှားကင်းမည်။ယုတ်စွအဆုံးအမှားနည်းမည်ဖြစ်သည်။
စံကျမ်းများရှားပါးခြင်း
မျက်မှောက်ခေတ်တွင်ဥပဒေပညာရှင်များလေ့လာခွင့်ရသောဥပဒေကျမ်းအများစုမှာ၊အိန္ဒိယနိုင်ငံကအင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောကျမ်းများဖြစ်ကြသည်။ထိုကျမ်းများကိုဥပဒေပညာရှင်အများစုကလက်လှမ်းမီနိုင်မည်မဟုတ်။
မြန်မာနိုင်ငံ၌ပေါ်ထွက်ခဲ့သောအကျော်အမော်ဥပဒေပညာရှင်တို့သည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေများမှအပ၊အခြားဘာသာရပ်များကိုကျမ်းပြုစုခဲ့ခြင်းမရှိသလောက်ဖြစ်ခြင်းကအခက်အခဲပို၍ဖြစ်စေသည်။
နိုင်ငံတော်တရားရုံးချုပ်(၁၉၆၂-၇၃)ပင်စင်စားတရားသူကြီးဦးသက်ဖေကမြန်မာဘာသာဖြင့်ပြုစုသောရာဇသတ်ကြီးဆိုင်ရာကျမ်းကဲ့သို့စံချိန်မီကျမ်းများမရှိသလောက်နည်းပါးသည်။
Comments
Post a Comment