တရားသူကြီးဦးစံမောင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားသူကြီးဦးစံမောင်သည်၁၉၄၈ခုနှစ်မှ၁၉၆၅ခုနှစ်တိုင်၊တရားလွှတ်တော်နှင့်တရားရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ခိုက်၊၎င်းရေးသားသောစီရင်ချက်အများအပြားကို(၁၉၆၃ခုနှစ်စီရင်ထုံးစာအုပ်တွင်၎င်း​၏စီရင်ချက်၇၇စောင်ပါသည်။)ထုံးပြုထားကြောင်းတွေ့ရပါသည်။


တရားသူကြီးချုပ်ဦးဘိုကြီးသည်လည်း၁၉၄၈ခုနှစ်မှ၁၉၆၅ခုနှစ်အထိကာလအတွင်း၊တရားလွှတ်တော်၊တရားလွှတ်တော်ချုပ်နှင့်တရားရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ရာဝယ်၊ခန့်ညားသောစီရင်ချက်များကို၊မြန်မာဘာသာဖြင့်ရေးသားရာ၌ဦးဆောင်ခဲ့သူအဖြစ်သမိုင်းတွင်ကျန်ရစ်စေသူဖြစ်ပါသည်။


ယခုခေတ်တရားသူကြီးများအတုယူဖွယ်ဖြစ်ပါသည်။


စာရေးသူကဦးစွာလေ့လာခွင့်ရသောတရားမမှုကြီးများမှာ၊အိုင်စီအက်စ်ဦးစံမောင်(မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါ၊တရားလွှတ်တော်တွင်တရားသူကြီးဖြစ်လာသူ)စီရင်ခဲ့သောအမှုများဖြစ်သည်။အမှုများမှာ၁၉၃၆ခုနှစ်အတွင်းစွဲဆိုသောအမှုများဖြစ်သည်။


ဦးစံမောင်သည်၁၉၃၆ခုနှစ်ထက်နောက်မကျဘဲ၊ခရိုင်တရားမစက်ရှင်တရားသူကြီးဖြစ်ခဲ့သူဖြစ်သည်။ဦးစံမောင်သည်၁၉၀၅ခုနှစ်တွင်မွေးဖွားသူဖြစ်သဖြင့်၊နောက်အကျဆုံး(၃၁)နှစ်အရွယ်တွင်၊ခရိုင်တရားမစက်ရှင်တရားသူကြီးဖြစ်ခဲ့ကြောင်း၊တအံ့တဩတွေ့ရပါသည်။


အလျဉ်းသင့်၍ဖော်ပြရလျှင်၊နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်၁၉၅၂ခုနှစ်တွင်အသက်(၆၅)နှစ်ပြည့်၍၊နှစ်ပြည့်အငြိမ်းစားယူသောဒေါက်တာဘဦးသည် 11 LBR 439 စီရင်ထုံး​၏အောက်ခြေမှတ်စုအရ၊၁၉၂၂ခုနှစ်တွင်ပုသိမ်မြို့၌ခရိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။


ဦးဘဦးရေးသောကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် My Burma စာအုပ်စာမျက်နှာ၈၇၌၊၎င်းအားရှေ့နေအဖြစ်မှထိုရာထူးတွင်ပထမဆုံးတိုက်ရိုက်ခန့်ထားကြောင်းဖော်ပြထားသည်။


သို့ဖြစ်၍ဦးဘဦးသည်၊နောက်အကျဆုံးအသက်၃၅နှစ်အရွယ်တွင်ခရိုင်တရားမတရားသူကြီးဖြစ်ခဲ့ကြောင်းတွေ့ရပါသည်။


တရားလွှတ်တော်တရားဝန်ကြီးဦးစံမောင်က၊စီရင်ချက်မချမီဆိုင်ရာပြဌာန်းချက်များကိုဖတ်ရှုလေ့ရှိကြောင်း၊စာရေးသူ​၏လက်ဦးဆရာအားပြောပြဖူးကြောင်း၊သောင်းပြောင်းထွေလာဥပဒေပြဿနာစာအုပ်တအုပ်တွင်မှတ်တမ်းတင်ဖူးပါသည်။


၁၉၄၈မှ၁၉၆၅ခုနှစ်စီရင်ထုံးများကိုလေ့လာကြည့်ပါက၊ထုံးပြုသောစီရင််ချက်အများစုသည်၊ဦးစံမောင်ရေးသားသောစီရင်ချက်များဖြစ်သည်ကိုတွေ့မြင်နိုင်သည်။


ဤပုဂ္ဂိုလ်ထူးမျိုးထပ်မံပေါ်ပေါက်ရန်အချိန်တော်တော်စောင့်ရဦးမည်။


ဦးစံမောင်​၏ကောင်းမြတ်သောကျင့်စဉ်ကို၊မူလမှုကိုစီရင်သည့်တရားသူကြီးလိုက်နာရန်ပျက်ကွက်သင့်သည်မဟုတ်။အခြားတရားသူကြီးများသည်လည်းအမှားကိုသင်ခန်းစာယူသင့်သည်။


ရှေးအခါကပရီဗီကောင်စီ၊ဟိုက်ကုတ်လွှတ်တော်၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တို့တွင်လိုက်ပါသောရှေ့နေများသည်နှုတ်စောင့်စည်းကြသည်။မမှန်သည်ကိုမှန်သည်ဟုဇွတ်မပြောကြ။


တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်တရားဝန်ကြီးဦးစံမောင်တို့ရှေ့တွင်အမှုလိုက်သောရှေ့နေတို့သည်ပို၍သတိထားကြသည်ဟု၊တဆင့်စကားတဆင့်ကြားရဖူးပါသည်။မှန်မမှန်မသိပါ။


အမှားပြောလျှင်ထိုပုဂ္ဂိုလ်ကြီးများကချက်ခြင်းထောက်ပြတတ်သဖြင့်(ထိုသို့ထောက်ပြနိုင်ရန်အမှုတွဲကိုရုံးမထိုင်မီဖတ်ပြီးဖြစ်ဟန်တူသည်)ရှေ့နေများအလယ်၌ရှေ့နေအချို့သိက္ခာကျပြီးရုံးတော်ကိုတောင်းပန်ရသည်အထိဖြစ်ခဲ့ဖူးသည်ဟုဆိုပါသည်။


တခါကတရားရုံးချုပ်(မန္တလေးရုံးထိုင်)တွင်အမှုကြားနာစဉ်၊ရှေ့နေတဦးကအိန္ဒိယနိုင်ငံစီရင်ထုံးတရပ်ကိုကိုးကားသည်ဟုဆို​၏။ရုံးထိုင်တရားဝန်ကြီးဦးစံမောင်ကတရားခွင်တွင်ထိုတရားစီရင်ထုံးကိုချက်ချင်းရှာဖွေတင်ပြရန်စာရွက်တွင်ရေးပြီးရှေ့ဖတ်စာရေးကိုပေးသည်ဆို​၏။ရှေ့ဖတ်စာရေးကရုံးလုလင်အားပိဋကတ်တိုက်မှူးထံသို့လွှတ်သည်ဆို​၏။မိနစ်ပိုင်းအတွင်းထိုစာအုပ်ကိုရုံးလုလင်ကရှေ့ဖတ်စာရေးကိုပေးရာ(စာကြည့်တိုက်မှူးမည်မျှကျွမ်းကျင်ကြောင်းသတိပြုပါ)ရှေ့ဖတ်စာရေးကဦးစံမောင်ထံတင်ပြသောအခါ၊၎င်းကြားနာသည့်ကိစ္စကိုရပ်ပြီး၊ရှေ့နေကိုးကားသောစီရင်ထုံးစာမျက်နှာကိုလှန်ကာ၊ထိုရှေ့နေအားလျှောက်လဲတင်ပြချက်ကိုစီရင်ထုံးတွင်ရှာပြခိုင်းသည်ဆို​၏။ထိုရှေ့နေက၎င်း​၏ကိုးကားချက်မှားပါသည်ဟုလူပုံအလယ်၌ဝန်ခံရသည်ဆို​၏။


ရှေ့နေများတရားဝန်ကြီးဦးစံမောင်ကိုကြောက်ရလောက်အောင်၊တရားဝန်ကြီးတွင်ပညာရှိကြောင်းသာဓကဖြစ်သည်။


ယခုမူကား၊လွန်ခဲ့သောနှစ်အတွင်းကပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်၊တရားလွှတ်တော်ရှေ့နေတဦးက၊ခရစ်ယာန်ဓလေ့ထုံးတမ်းဥပဒေဟုမမှန်မကန်တင်ပြခဲ့သည့်အဆင့်သို့ရောက်ခဲ့သည်မှာဖြစ်ကောင်းပါသလား။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ