1961 BLR ( H C ) 132 မညို နှင့် မလှခင်ပါ၂
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1961 BLR ( HC ) 132
မညို နှင့် မလှခင်ပါ၂
တရားဝန်ကြီးဦးအောင်ခိုင်နှင့်ဦးစောဘသိန်းတို့ရှေ့မှောက်တွင်ကြားနာပြီးနောက်၊တရားဝန်ကြီးဦးစောဘသိန်းအမိန့်ချမှတ်သည်။
အမှုတွင်၊တရားလိုသည်မလှခင်ဖြစ်ပြီး၊တရားပြိုင်များသည်မညိုနှင့်မဖက်တီမာဘီဘီတို့ဖြစ်ကြသည်။
တရားလိုမလှခင်အမှုရှုံးပြီး၊တရားပြိုင်မညိုအမှုနိုင်ပါလျက်၊တရားလိုမလှခင်ကိုအရှုံးပေးဖြေဆိုသောငြင်းချက်(အမှန်စင်စစ်ငြင်းချက်အပေါ်အဆုံးအဖြတ်တွင်တရားလိုမလှခင်နှင့်တရားပြိုင်မညိုတို့အတူတူအကျိုးလိုလားသူများဖြစ်သည်)အပေါ်၊မူလတရားရုံး၏ကောက်ယူဆုံးဖြတ်ချက်( finding )ကိုအယူခံဝင်နိုင်သည်ဟု၊ 1961 BLR ( HC ) 132 စီရင်ထုံးကို၊အပေါ်ယံကြောအဓိပ္ပာယ်ကောက်ယူရန်မဟုတ်ဟု၊ကနဦးသတိထားရန်လိုသည်။
စီရင်ထုံးပါ"ထိခိုက်နစ်နာစေခြင်း"၊"ဆန့်ကျင်၍ထိခိုက်နစ်နာစေခြင်း"ဟူသော၊အသုံးအနှုန်းများကစိတ်ရှုပ်စရာဖြစ်နေသည်ကိုတွေ့ရပါသည်။
1961 BLR ( HC ) 132 အမှုကိုကြားနာသည့်အခါ၊အယူခံဝင်သူမညိုဘက်မှရှေ့နေမရှိ၍၊ခုံရုံးကိုအကူအညီပေးနိုင်စရာအကြောင်းမရှိပါ။
ခုံရုံးကကိုးကားသည့်( Krishna Chandra Goldar v. Mohesh Chandra Saha ) 9 C. W. N. 584.( Calcutta Weekly Notes စီရင်ထုံးများကိုအတွဲလိုက်ထုတ်ဝေသည်။)စီရင်ထုံးမှာ၊တရားလိုစွဲဆိုသောအမှုကိုပလပ်သည့်ဒီကရီသည်တရားပြိုင်အားထိခိုက်နစ်နာစေလျှင်( if he is aggrieved by the decree )တရားပြိုင်ကအယူခံဝင်နိုင်သည်ဟုပြဆိုထားချက်ကို၊၁၉၆၁ခုနှစ်စီရင်ထုံးပထမအပိုဒ်၌မြန်မာဘာသာဖြင့်ထုံးဖွဲ့ခြင်းဖြစ်သည်။
42 C. W. N. 492 စီရင်ထုံး၌ကောက်ယူဆုံးဖြတ်ချက်သည်၊တရားပြိုင်အားဆန့်ကျင်၍ထိခိုက်နစ်နာခြင်းဖြစ်စေလျှင်( a finding is adverse to him )ဟူသောစကားရပ်ကို၊မြန်မာဘာသာဖြင့်စီရင်ထုံးခေါင်းစီးဒုတိယအပိုဒ်၌ဖော်ပြရာတွင်၊စီရင်ထုံးပါထုံးဖွဲ့ချက်ကို၊စီရင်ထုံးခေါင်းစီးဒုတိယအပိုဒ်၌အပြည့်အစုံဖော်ပြခြင်းမပြုသဖြင့်၊ထိုမပြည့်စုံသောစီရင်ထုံးခေါင်းစီး(ဒုတိယအပိုဒ်)အရအဖြေထုတ်ယူ၍မရနိုင်သည်ကို၊ဒုတိယအချက်အနေဖြင့်သတိချပ်ရန်လိုပါသည်။
စီရင်ထုံးပြုစုသူစာတည်းနှင့်စာပြုသူတို့၏ချွတ်ယွင်းချက်ဖြစ်သည်။
မီးသေခြင်းနှင့်အယူခံဝင်ခွင့်သည်အညမညဆက်စပ်လျက်ရှိသည်။
မီးသေသောဆုံးဖြတ်ချက်ကိုအယူခံဝင်နိုင်သည်။
မီးသေခြင်းသည်နောက်ထပ်အမှုစွဲဆိုခြင်းကိုပိတ်ပင်သဖြင့်၊ဆုံးဖြတ်ချက်မှား၍နစ်နာစေပါက၊အယူခံဝင်ခွင့်ရှိပါမှ၊မတရားဖြစ်မှုကိုပိတ်ပင်နိုင်မည်။
အယူခံဝင်နိုင်သောဆုံးဖြတ်ချက်သည်မီးသေသည်။
ဤသည်မှာအကြမ်းပြင်းသဘောမျှသာဖြစ်သည်။
မီးသေခြင်းနှင့်အယူခံဝင်ခွင့်ဟူသောစကားရပ်တွင်၊ထပ်တူကျသောလေးနက်သည့်အချက်အလက်များရှိသေးသည်။
Comments
Post a Comment