မလှခင်ကမညိုနှင့်မဖက်တီမာဘီဘီအပေါ်တရားစွဲဆိုရာ၌
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မလှခင်ကမညိုနှင့်မဖက်တီမာဘီဘီအပေါ်တရားစွဲဆိုရာ၌၊၎င်း၏အမွေရှင်ဒေါ်အေးကြည်သည်ရေနံတွင်းအချို့ကို၊ကွယ်လွန်သူမဖက်တီမာဘီဘီ(စီရင်ထုံးပါထိုမဖက်တီမာဘီဘီသည်၊တရားပြိုင်နှင့်နံမည်တူဖြစ်သလားမသိရ။ကွယ်လွန်သူ၏အမည်သည်အခြားအမည်ဖြစ်နိုင်သည်။၎င်းသည်တရားပြိုင်မဖက်တီမာဘီဘီနှင့်မည်သို့တော်စပ်ကြောင်းစီရင်ထုံး၌ဖော်ပြထားခြင်းမရှိ)အားရောင်းချခဲ့ရာ၊ဝယ်သူကွယ်လွန်သောအခါရေနံတွင်းအရိုးသည်ရောင်းသူဒေါ်အေးကြည်ထံသို့ပြန်လည်ရောက်ရှိသည်ဟူသော၊ဥပဒေတမျှတည်နေသည့်ထုံးတမ်းစဉ်လာရှိသည်ဟုအဆိုပြုကာမိမိသည်ရောင်းသူဒေါ်အေးကြည်၏အနီးစပ်ဆုံးအမွေခံဖြစ်သည်ဆိုကာ၊အဆိုပါအရိုးကိုရထိုက်သူဖြစ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုခြင်းဖြစ်သည်။
တရားပြိုင်မညိုကထိုထုံးတမ်းစဉ်လာရှိသည်ဆိုခြင်းကိုဝန်ခံသည်။
သို့သော်မိမိသည်မလှခင်ထက်ဒေါ်အေးကြည်နှင့်သွေးပိုနီးသည်ဖြစ်၍မိမိသာလျှင်အချင်းဖြစ်ရေနံတွင်းအရိုးကိုရထိုက်သူဖြစ်သည်ဟုချေပခုခံသည်။
ကျန်တရားပြိုင်မဖက်တီမာဘီဘီကမူ၊ထိုထုံးတမ်းစဉ်လာမရှိဟုငြင်းသဖြင့်၊အမှုတွင်ထိုအငြင်းပွားမှုနှင့်စပ်လျဉ်းပြီးငြင်းချက်ထုတ်ကာကြားနာပြီးနောက်၊ထိုထုံးတမ်းစဉ်လာမရှိဟုအကြောင်းပြပြီး၊မလှခင်စွဲဆိုသောအမှုကိုပလပ်လိုက်ခြင်းဖြစ်သည်။
မူလတရားရုံး၏အဆုံးအဖြတ်သည်တရားလိုမလှခင်နှင့်တရားပြိုင်မညိုတို့အကြားတွင်မီးသေသည်။
တရားလိုနှင့်ကျန်တရားပြိုင်မဖက်တီမာဘီဘီတို့အချင်းချင်းတွင်လည်းမီးသေသည်မှာနားမလည်စရာအကြောင်းမရှိ။
မညိုသည်မလှခင်အပေါ်အငြင်းပွားမှုနှင့်စပ်လျဉ်း၍တရားတထုံးထပ်မံစွဲဆိုရန်အကြောင်းမရှိ။
အကြောင်းမူရေနံတွင်းအရိုးနှင့်စပ်လျဉ်း၍ဓလေ့ထုံးတမ်းရှိမရှိသည်၊မညိုနှင့်မလှခင်တို့ထပ်မံအငြင်းပွားနိုင်ရန်အကြောင်းမရှိတော့။
၎င်းတို့နှစ်ဦးသည်၊ဓလေ့ထုံးတမ်းရှိသည်ဆိုသောအချက်ကိုလက်ခံထားသူများဖြစ်သည်။
၎င်းတို့၏ရန်သူမှာ၊ထိုထုံးတမ်းမရှိဟုငြင်းသောမဖက်တီမာဘီဘီဖြစ်သဖြင့်၊မညိုသည်ထိုထုံးတမ်းမျိုးရှိသည်ဟုအဆိုပြုပြီး၊မဖက်တီမာဘီဘီအပေါ်တရားတထုံးထပ်မံစွဲဆိုရန်အကျိုးလိုလားသူဖြစ်သည်။
မညိုကမဖက်တီမာဘီဘီအပေါ်ထိုအမှုမျိုးထပ်မံစွဲဆိုခွင့်ရှိမရှိသည်၊အချင်းဖြစ်ထုံးတမ်းမရှိဟု၊တရားရုံးကချမှတ်သောဆုံးဖြတ်ချက်မှာ၊မညိုအပေါ်မီးသေခြင်းရှိမရှိဖြစ်သည်။
စီရင်ထုံးစာမျက်နှာ၁၃၅တွင်၊ပိတ်ပင်တားမြစ်ခြင်း(မီးသေခြင်းကိုဆိုလိုသည်)မရှိဟုဆုံးဖြတ်ရာ၌အကြောင်းမပြ။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁တွင်ပြဌာန်းထားသော Res judicata ကိုမီးသေဆုံးဖြတ်ချက်ဟု၊ 1964 BLR 917 စီရင်ထုံးတွင်စတင်သုံးသည်။
ယခုအခါတွင်တွင်ကျယ်ကျယ်သုံးလျက်ရှိသည်။
Comments
Post a Comment