မြန်မာ့အိမ်ထောင်တွင်ဖြစ်ထွန်းလာသောပစ္စည်းများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

မြန်မာ့အိမ်ထောင်မှာဖြစ်ထွန်းလာတဲ့ပစ္စည်းတွေမှာလင်တို့မယားတို့ဆိုင်ကြတယ်လို့ပြောနေတာ၊လင်ရော၊မယားရောမဆိုင်တဲ့ပစ္စည်းလဲရှိတယ်။အထက်ပါပစ္စည်းမှာမဆိုင်ဘူး။မယားရဲ့အထက်ပါပစ္စည်းမှာလင်ဘာမှရပိုင်ခွင့်မရှိဘူး။လင်ရဲ့အထက်ပါပစ္စည်းမှာလည်းမယားရပိုင်ခွင့်မရှိပါဘူး။ဒီကိစ္စနဲ့ပတ်သက်တဲ့စီရင်ထုံးဟာတော်တော်ရှားရှားပါးပါးပဲဖြစ်ပါတယ်။

အိမ်ထောင်ကြီးချင်းအိမ်ထောင်ကျတာရှားပါးတယ်ဆိုတော့၊ဒီအမှုမျိုးကရုံးရောက်တာလည်းရှားပါးတယ်ထင်ပါတယ်။ 1962 BLR ( C . C ) 34 မှာ၊တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးကျော်ဇံဦးတို့ကဆုံးဖြတ်ထားပါတယ်။

အဲဒီအမှုမှာမယားရဲ့အထက်ပါပစ္စည်းမှာလင်ဘာမှမဆိုင်ဘူးလို့ထုံးဖွဲ့ထားပါတယ်။မယားကသူ့အထက်ပါပစ္စည်းကိုရောင်းတယ်။လင်လုပ်သူကအဲဒီပစ္စည်းကိုသူတဝက်ဆိုင်တယ်၊သူသဘောမတူဘဲရောင်းတာပါ၊ရောင်းတဲ့တဝက်ဟာပျက်ပါတယ်လို့တရားစွဲတယ်။

ဒီလင်ဟာအိမ်ထောင်ကြီးမယားရဲ့အထက်ပါပစ္စည်းမှာဘာမှမဆိုင်ပါဘူး။ရစရာဘာမှမရှိဘူး။မယားလုပ်သူဟာသူ့အထက်ပါပစ္စည်းကိုတခုလုံးရောင်းခွင့်ရှိတယ်။လင်ကပယ်ဖျက်ခွင့်မရှိဘူးလို့ဆုံးဖြတ်တယ်။

ဆရာဦးဘိုကြီးကဓမ္မသတ်တခုကိုကိုးကားတယ်။ဓမ္မသတ်ထဲမှာအိမ်ထောင်ကြီးမယားလုပ်သူဟာမိမိရဲ့အထက်ပါပစ္စည်းကိုလင်ငယ်ကလွဲလို့ဘယ်သူ့ကိုမဆိုပေးခွင့်ရှိတယ်လို့ရေးထားပါတယ်။ခြွင်းချက်တော့ရှိတယ်။မယားလုပ်သူကအထက်ကပြောသလိုရောင်းတာမဟုတ်ပဲလင်ငယ်ကိုပေးတယ်ဆိုရင်တော့၊လင်ကြီးလုပ်သူဟာပျက်ပြယ်တယ်လို့တရားစွဲခွင့်ရှိပါလိမ့်မယ်။

လင်ငယ်ကိုပေးတာကလွဲရင်၊အိမ်ထောင်ကြီးမယားဟာသူ့အထက်ပါပစ္စည်းကိုရောင်းမလား၊ပေါင်မလား၊ပေးမလား၊အကုန်လုပ်လို့ရတယ်။ဒီစီရင်ထုံးဟာအထက်ပါပစ္စည်းနဲ့ပတ်သက်ပြီးအကောင်းဆုံးစီရင်ထုံးဖြစ်တယ်။ဒီလောက်ကောင်းတဲ့စီရင်ထုံးမှာတောင်ဟိုက်ကုတ်တရားသူကြီးလဲမှားသွားတာရှိတယ်။လင်ကိုအနိုင်ပေးထားတယ်။ဆရာဦးဘိုကြီးဆီရောက်မှပြန်ဖျက်ပြီးတော့မယားကိုအနိုင်ပေးထားတယ်။

ပြန်ချုပ်ရရင်မြန်မာ့အိမ်ထောင်မှာမယားရခွင့်လင်ရခွင့်ရှိတယ်။အထက်ပါပစ္စည်းမှာတော့မယားရဲ့ပစ္စည်းမှာလင်ရခွင့်မရှိဘူး။လင်ရဲ့အထက်ပါမှာတော့မယားရခွင့်မရှိဘူး။ကျန်တဲ့ပစ္စည်းမှာတော့အသီးသီးရခွင့်ရှိကြတယ်။ဒါပေမယ့်လင်မယားဖြစ်နေသမျှကာလပတ်လုံးခွဲဖို့အရေးဆိုခွင့်မရှိဘူး။

သို့သော်လင်သို့မဟုတ်မယားဟာမိမိအစုမိမိရခွင့်မိမိရဲ့interestကိုထုခွဲခွင့်ရှိတယ်။တဘက်ကကန့်ကွက်ခွင့်မရှိဘူး။ဒါပေမယ့်လင်ငယ်ပေးမယ်၊မယားငယ်ပေးမယ်ဆိုရင်တော့တဘက်ကကန့်ကွက်ခွင့်ရှိမှာပေါ့၊ကျန်တဲ့လူရဲ့အစုကိုထုခွဲခွင့်ရှိမရှိကတော့အထက်ကပြောပြထားတဲ့စီရင်ထုံးတွေနဲ့ဆက်စပ်ကြည့်ရပါလိမ့်မယ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ