မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌၊အပိုင်ပေးသူသည်အပိုင်ရသူအား၊အပိုင်ပေးသောပစ္စည်းကိုလက်ရောက်ပေးအပ်ရန်လိုသလော ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌အပိုင်ပေးသူသည်အပိုင်ရသူအားအပိုင်ပေးသောပစ္စည်းကိုလက်ရောက်ပေးအပ်ရန်လိုသလော ?


ဦးမောင်မြပါ၆ နှင့် မသန်းသန်းချို

၂၀၀၁ မတစ ၂၉၀ ( အထူးခုံရုံး )


အမှုတွင်"မူလရုံးတရားလို​၏အဆိုလွှာ၊၎င်း​၏ထွက်ဆိုချက်နှင့်အမှုတွဲပေါ်ပေါက်ချက်အရ၊ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်အမှတ်၁၅/၀၈ဖြင့်ပေးကမ်းခြင်းကိုလက်ခံရယူသူများကလက်ရောက်မရခဲ့သဖြင့်၊ထိုပေးကမ်းခြင်းစာချုပ်သည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂နှင့်ညီညွတ်မှုမရှိ၍ထိုပေးကမ်းခြင်းသည်တရားမဝင်သောကြောင့်ပျက်ပြယ်သည့်စာချုပ်ဖြစ်ကြောင်းတွေ့ရှိရသည်"ဟုထုံးဖွဲ့ရာ၌-


"ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂အရမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုမေတ္တာဖြင့်ပေးကမ်းရာတွင်ရယူသူကိုယ်တိုင်ဖြစ်စေ၊ရယူသူကိုယ်စားတဦးဦးကဖြစ်စေ၊လက်ခံရယူရမည်ဖြစ်ပြီးယင်းမေတ္တာဖြင့်ပေးကမ်းစာချုပ်ကိုလည်းမှတ်ပုံတင်ရန်လိုအပ်သည်။ယင်းကဲ့သို့လက်ရောက်ပေးကမ်းခြင်းမရှိပါကပေးကမ်းခြင်းအထမြောက်မည်မဟုတ်ပေ"ဟုအကြောင်းပြသည်။


ဦးအောင်နိုင်(ခ)ဦးဝေလွင်ပါ၃ နှင့် ဒေါ်လဲ့လဲ့ကြူပါ၃

၂၀၁၂ မတစ ၁၄၉ ( အထူးခုံရုံး )


အမှုတွင်၊အထက်ဖော်ပြပါ၊ ၂၀၀၁ မတစ ၂၉၀ ၊ဦးမောင်မြအမှုကိုကိုးကားကာ၊စီရင်ထုံးစာမျက်နှာ၁၅၂နှင့်၁၅၃တို့တွင်၊အယူခံတရားလိုများ​၏ရှေ့နေကလျှောက်လဲတင်ပြသည်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂တွင်အပိုင်ပေးခြင်းကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်-


[ "Gift" is the transfer of certain existing moveable or immoveable property , made voluntarily and without consideration , by one person , called the donor , to another , called the donee , and accrpted by or on behalf of the donee . ]


( "အပိုင်ပေးခြင်း"ဆိုသည်မှာ၊တည်ဆဲရွှေ့ပြောင်းနိုင်သည့်ပစ္စည်းသို့မဟုတ်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို၊အပိုင်ပေးသူဟုခေါ်တွင်သူက၊အပိုင်ရသူဟုခေါ်တွင်သူသို့၊အဖိုးစားနားမရှိဘဲအလိုအလျောက်လွှဲပြောင်းပေးရာ၊အပိုင်ရသူကဖြစ်စေ၊၎င်းအတွက်ဖြစ်စေလက်ခံရယူခြင်းဖြစ်သည်။)


အထက်ပါပြဌာန်းချက်များတွင်ဝါကျနှစ်ခုပါရှိရာ၊၎င်းဝါကျတို့ကို"and"ဖြင့်ဆက်ထားသည်။


မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်ဝေသောအင်္ဂလိပ်-မြန်မာအဘိဓာန်(၂၀၀၆ခုနှစ်ထုတ်)စာမျက်နှာ၄၅တွင်"and"​၏အဓိပ္ပာယ်အမျိုးမျိုးကိုပြဆိုရာ၌၊ She came in and sat down . ဟူသောဝါကျတခုကိုဥပမာပေးထားသည်ကိုတွေ့မြင်နိုင်သည်။


She came in . နှင့် She sat down . ဟူသောဝါကျနှစ်ခုကို "and" နှင့်ဆက်ပြီးရေးသည့်အခါ၊ကတ္တား(subject )မှာ "She" တခုတည်းဖြစ်သဖြင့်၊အင်္ဂလိပ်သဒ္ဒါအရ "and" နောက်တွင်၊ကတ္တားကိုမြုပ်လိုက်ရသည်။


အထက်ပါပြဌာန်းချက်များတွင် "and" နောက်၌ "accepted" ဟုသုံးထားသည်ကိုထောက်ချင့်ပါက၊ထိုကြိယာ​၏ကတ္တားသည်ပထမဝါကျ​၏ကတ္တား "gift" ဖြစ်ကြောင်းပေါ်လွင်သည်။


သို့ဖြစ်ရာအပိုင်ပေးခြင်းကိုလက်ခံသည်ဟုဆိုလိုခြင်းဖြစ်သည်။


အပိုင်ပေးသောပစ္စည်းကိုလက်ခံသည်ဟုမဆိုလို။


အင်္ဂလိပ်သဒ္ဒါအရပုဒ်မ၁၂၂ကိုအဓိပ္ပာယ်ကောက်ယူပါက၊အပိုင်ပေးရာ၌အပိုင်ပေးသောပစ္စည်းကိုလက်ရောက်ပေးအပ်သည့်ပြဿနာအကျုံးမဝင်ကြောင်းထင်ရှားသည်။


ဦးမောင်မြပါ၆ နှင့် မသန်းသန်းချို၊၂၀၀၁ မတစ ၂၉၀ ( အထူးခုံရုံး )စီရင်ထုံးနှင့်စပ်လျဉ်း၍၊စာရေးသူကဥပဒေပြဿနာအဖြာဖြာစာအုပ်၊စာမျက်နှာ၃၀၉မှစ၍အကျယ်တဝင့်ဆွေးနွေးထားပါသည်။


ဦးအောင်နိုင်(ခ)ဦးဝေလွင်ပါ၃ နှင့် ဒေါ်လဲ့လဲ့ကြူပါ၃၊၂၀၁၂ မတစ ၁၄၉ ( အထူးခုံရုံး )အမှုတွင်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊ဦးမောင်မြအမှုနှင့်ကွဲလွဲဆုံးဖြတ်ထားသည်ကိုတွေ့ရသည်။


အထူးအယူခံခုံရုံး​၏မြွက်ဆိုချက်ကိုပယ်ဖျက်(Overruled )ခြင်းမပြု။


ဒေါ်ရီပြုံးပါ၂(ကိုယ်တိုင်နှင့်အယူခံတရားလိုအမှတ်၂​၏အခွင့်ရကိုယ်စားလှယ်) နှင့် ဒေါ်ခင်သန်းအေး

၂၀၁၅ မတစ ၁၃၇


အမှု၊စီရင်ထုံးစာမျက်နှာ၁၅၁တွင်၊ဦးမောင်မြပါ၆စီရင်ထုံးကိုရည်ညွှန်းပြီးနောက်၊အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်ထုံးပြုသည်-


"အဆိုပါစီရင်ထုံးတွင်၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂တွင်ပါရှိသည့် "accepted" ဆိုသည့်စကားရပ်ကိုမှန်ကန်စွာအဓိပ္ပာယ်ဖွင့်ဆိုသုံးသပ်ထားခြင်းမရှိ၍၊ယင်းစီရင်ထုံးတွင်ဆုံးဖြတ်ချက်ကို၊ကျွန်ုပ်တို့သဘောမတူပေ။"


မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌၊အပိုင်ပေးသူသည်အပိုင်ရသူအား၊အပိုင်ပေးသောပစ္စည်းကိုလက်ရောက်ပေးအပ်ရန်လိုသလောပြဿနာနှင့်စပ်လျဉ်း၍အောက်ဖော်ပြပါစီရင်ထုံး(၅)ရပ်အားယှဉ်တွဲဖတ်ရှုလေ့လာရန်လိုသည်။


ဦးမောင်မြပါ၆ နှင့် မသန်းသန်းချို

၂၀၀၁ မတစ ၂၉၀ ( အထူးခုံရုံး)


ဒေါ်လေးတင်(၎င်း​၏အထူးကိုယ်စားလှယ်စာရသူဦးအုန်းတင်) နှင့် ဦးအောင်ဝင်းပါ၃

၂၀၀၁ မတစ ၃၉၂ ( အထူးခုံရုံး )


ဦးထွန်းထွန်း(၎င်း​၏အထွေထွေကိုယ်စားလှယ်စာရသူဒေါ်အေးအေးမာ) နှင့် ဦးမြတ်ဇော်အောင်

၂၀၀၇ မတစ ၅၂


ဦးအောင်နိုင်(ခ)ဦးဝေလွင်ပါ၃ နှင့် ဒေါ်လဲ့လဲ့ကြူပါ၃

၂၀၁၂ မတစ ၁၄၉ ( အထူးခုံရုံး )


ဒေါ်ရီပြုံးပါ၂(ကိုယ်တိုင်နှင့်အယူခံတရားလိုအမှတ်၂​၏အခွင့်ရကိုယ်စားလှယ်) နှင့် ဒေါ်ခင်သန်းအေး

၂၀၁၅ မတစ ၁၃၇ ( စုံညီခုံရုံး )











 






 


































Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ