မဟာမေဒင်တဦးကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌လက်ရောက်ပေးအပ်ရန်မလို

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စာရေးသူသည်ဥပဒေပညာတရပ်ကိုဆွေးနွေးတိုင်းဆက်စပ်နေသောဥပဒေပြဿနာကိုတပါတည်းဆွေးနွေးတတ်သည့်ဝသီရှိသည့်အားလျော်စွာအပိုင်ပေးရာ၌လက်ရောက်ပေးအပ်ရန်လိုကြောင်းပြဆိုသည့်မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်မဟာမေဒင်ဥပဒေအကြောင်းတို့ကိုလည်း၊ဥပဒေပြဿနာအဖြာဖြာစာအုပ်တွင်တပါတည်းဆွေးနွေးရာ၌၊မဟာမေဒင်ဘာသာဝင်တဦးကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌၊အပိုင်ပေးခြင်းမြောက်ရန်ပစ္စည်းကိုလည်းလက်ရောက်ပေးအပ်ရန်လိုမလိုပြဿနာကို၊စာအုပ်စာမျက်နှာ၃၁၁-၃၁၂၌အောက်ပါအတိုင်းဆွေးနွေးပြပါသည်-


"ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၉တွင်"Nothing in this chapter shall be deemed to effect any rule of Mohamedan Law."ဟုပြဌာန်းထားသည်။မဟာမေဒင်ဥပဒေအရမဟာမေဒင်တဦးသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌လက်ရောက်ပေးအပ်မှသာအထမြောက်သည်။သို့ဖြစ်ရာထိုသို့လက်ရောက်မပေးလျှင်အပိုင်ပေးခြင်းမမြောက်ဟုအထက်ပါပုဒ်မ၁၂၉ပါပြဌာန်းချက်များကိုကိုးကား၍အငြင်းပွားမှုများမြန်မာနိုင်ငံ၌ပေါ်ပေါက်ခဲ့သည်။မအရှာပါအများ နှင့် ဘီ၊ကေ၊ဟော်လ်ဒါး၊ရန်ကုန်အတွဲ၁၄၊စာ၄၃၉(စုံညီ)အမှုတွင်မဟာမေဒင်ဥပဒေကိုဥပဒေအာနိသင်ရရှိစေသောမြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၁)၌အပိုင်ပေးခြင်းကိစ္စမပါသည်ကိုထောက်ပြကာ၊မဟာမေဒင်တဦးကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌အပိုင်ရသူအားလက်ရောက်ပေးအပ်ရန်မလိုဟုအောက်ပါအတိုင်းထုံးဖွဲ့သည်-


"S. 13( 1 ) of the Myanmar(Burma)Laws Act does not include questions regarding gifts and therefore there in no available rule of Mohamedan Law applicable to gifts."


14 Ran 439


Ma Asha and others  v.  B. K. Haldar .


Before Mr . Justice Mya Bu , Mr . Justice Dunkley , and Mr . Justice Braund .


စီရင်ထုံးတွင်၊ထုံးပြုသောဦးဆောင်စီရင်ချက်ကိုတရားဝန်ကြီးဦးမြဘူးရေးပါသည်။


ဦးမြဘူးသည်အစိုးရတရားလွှတ်တော်ရှေ့နေရုံး(ထိုစဉ်ကရှေ့နေချုပ်ရုံးမရှိသေးပါ)တွင်၊လက်ထောက်တရားလွှတ်တော်ရှေ့နေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊အောက်မြန်မာပြည်တရားရုံးချုပ်စီရင်ထုံးများ၌တွေ့မြင်နိုင်ပါသည်။


ထိုစဉ်ကတရားမမှုများတွင်အရပ်သားများဘက်မှရှေ့နေလိုက်ခဲ့ကြောင်းစီရင်ထုံးများတွင်ဖော်ပြထားသည်။


၎င်းနည်းတူလက်ထောက်ရှေ့နေအဖြစ်ဆောင်ရွက်သောဦးခင်သည်အောက်မြန်မာပြည်တရားရုံးချုပ်တွင်၊ပထမဆုံးမြန်မာတရားဝန်ကြီးအဖြစ်ခန့်ထားခြင်းခံခဲ့ရသည်။


ဦးမြဘူးသည်ဟိုက်ကုတ်လွှတ်တော်တွင်၁၃-၁၁-၁၉၂၆နေ့၌တရားဝန်ကြီးဖြစ်လာသည်။


14 Ran 439 ( F B )စီရင်ထုံး၌ထုံးပြုထားသောစီရင်ချက်ကို၂၂-၇-၁၉၃၆နေ့တွင်ချမှတ်စဉ်က၊ဦးမြဘူးသည်တရားဝန်ကြီးလုပ်သက်(၁၀)နှစ်နီးပါးရှိပြီး၊တရားဝန်ကြီးချုပ်ပြီးလျှင်ဝါအရင့်ဆုံးတရားဝန်ကြီးဖြစ်သည်။


စုံညီခုံရုံး​၏အဆုံးအဖြတ်ကိုခံယူသည့်ခဲကတ်သော(Thorny)ဥပဒေပြဿနာများနှင့်စပ်လျဉ်းပြီး၊ဦးမြဘူးကစီရင်ထုံးစာမျက်နှာ၄၅၂မှ၄၆၈အထိရှည်လျားသောစီရင်ထုံးတွင်၊အချင်းဖြစ်ပြဿနာကိုစေ့စေ့စုံစုံစိစစ်ချပြသည်။


မြန်မာနိုင်ငံပထမနှင့်ဒုတိယစီရင်ထုံးပေါင်းချုပ်ကိုပြုစုသော၊ Mr . Dunkley သည်၊စီရင်ထုံးစာမျက်နှာ၄၆၈(စာလေးကြောင်းမျှသာရှိသည်)မှ၊စာမျက်နှာ၄၈၀အထိ၊မိမိအမြင်ကိုလည်းကောင်း၊ကျန်တရားသူကြီး( Mr . Justice Braund )က၊စာမျက်နှာ၄၈၀မှ၄၈၄အထိမိမိအမြင်ကိုလည်းကောင်းရေးသားကာ၊ဦးမြဘူး​၏အဆုံးအဖြတ်ကိုထောက်ခံရေးသားသည်။


မဟာမေဒင်တဦးကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌လက်ရောက်ပေးအပ်ရန်မလိုဟူသောဥပဒေမှာ၊မြန်မာနိုင်ငံတွင်၁၉၃၆ခုနှစ်မှစ၍အခြေကျလျက်ရှိသောတရားဥပဒေ( settled law )ဖြစ်ပါသည်။


ဤအခြေအနေတွင်၊တရားရုံးချုပ်အထူးခုံရုံးက၊ 2001 BLR 290 အမှုတွင်၊အနှစ်၆၅နှစ်ခန့်တည်လျက်ရှိသည့်အခြေကျလျက်ရှိသောတရားဥပဒေနှင့်ကွဲလွဲဆုံးဖြတ်ခြင်းသည်ဖြစ်သင့်သလား။


ဟိုက်ကုတ်လွှတ်တော်စုံညီခုံရုံး​၏အဆုံးအဖြတ်ရှိကြောင်းနှစ်ကြာသဖြင့်သတိမထားမိ၍ဖြစ်တန်ရာသည်ဟုဖြေသိမ့်ရန်သာရှိသည်။


စာရေးသူ​၏ဥပဒေပြဿနာအဖြာဖြာစာအုပ်ထွက်ပေါ်ပြီးလေးနှစ်ကြာကာလတွင်၊တရားရုံးသုံးဆင့်၌တရားဆိုင်သောအမှုတမှုတွင်၊မဟာမေဒင်ဘာသာဝင်တဦးကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌ပစ္စည်းလက်ရောက်မရ၍မဟာမေဒင်ဥပဒေနှင့်မညီဟုဆုံး​ဖြတ်ခြင်းမှာမူ၊တရားရုံးချုပ်အထူးအယူခံခုံရုံးကဟိုက်ကုတ်လွှတ်တော်စုံညီခုံရုံး​၏အဆုံးအဖြတ်ကိုလိုက်နာရန်ပျက်ကွက်မှုနှင့်မတူ၊ဆိုးဝါးသည်ဟုစာရေးသူကမှတ်ချက်ချလျှင်ပြင်းထန်သည်ဟုဆိုပါမည်လား။


မငြင်းနိုင်သောဖြစ်ရပ်အမှန်မှာ၊အထက်၌ထောက်ပြထားသောအမှားများပေါ်ပေါက်ခြင်းက၊စာရေးသူ​၏ဥပဒေပြဿနာအဖြာဖြာစာအုပ်သည်အချင်းဖြစ်အမှုများတွင်ပါဝင်သောရှေ့နေများနှင့်တရားရုံးတို့ကိုအထောက်အကူမပြုနိုင်ခဲ့သည့်အချက်ဖြစ်သည်။


တဆင့်တက်၍ဆင်ခြင်သည်ရှိသော်ရှေ့နေရှေ့ရပ်များနှင့်တရားရုံးတို့ကိုအထောက်အကူပြုရန်စာရေးသူ​၏ရည်ရွယ်ချက်အထမမြောက်၊ရေးရကျိုးမနပ်ဟုကောက်ချက်ချရန်ရှိသည်။


နောက်ဆုံးတွင်စာရေးသူဆုံးဖြတ်ချက်ချလိုက်ပါသည်။


မြန်မာနိုင်ငံ​၏စီးပွားရေးအရအထူးလိုအပ်လျက်ရှိသောနိုင်ငံခြားငွေဖြင့်ဝယ်ယူရသည့်စက္ကူများဖြင့်စာရေးသူ​၏စာအုပ်များထုတ်ဝေခြင်းသည်အကျိုးမရှိဟုခံစားမိသည်။


အချည်းအနှီးဖြစ်မှန်းသိလျက်နှင့်ဆက်လုပ်ပါလျှင်မိုက်မဲရာကျမည်။


စာရေးသူသည်မိမိရေးသောစာအုပ်များဖုံအလိမ်းလိမ်းဖြစ်နေသည်ကိုစိတ်ကူးတွင်ပင်မမြင်လို၊မတွေ့လို။


ဤအခြေအနေတွင်စာအုပ်ရေးခြင်း၊ထုတ်ဝေခြင်းကိုရပ်တန်းကရပ်ရန်ဖြစ်သည်။


စွန့်လွှတ်ခြင်းသည်သာလျှင်စာရေးသူ​၏စိတ်မချမ်းမြေ့ခြင်းကိုကုစားနိုင်ပေလိမ့်မည်။


ပညာဒါနစာစဉ်စာအုပ်များအပြီးအပိုင်ရပ်ရန်ဆုံးဖြတ်လိုက်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ