ဆရာပြောချင်တာကရှေ့နေတွေနှံ့နှံ့စပ်စပ်စာဖတ်ဖို့ပဲ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဆရာပြောချင်တာကရှေ့နေတွေနှံ့နှံ့စပ်စပ်စာဖတ်ဖို့ပဲ။
ခင်ဗျားရှေ့နေဆိုရင်ကိုယ်လျှောက်လဲမယ့်အမှုဟာဘယ်ဥပဒေနဲ့ဆိုင်သလဲဆိုတာ အရင်တင်ပြဖို့လိုလိမ့်မယ်။တကယ်လို့ဓလေ့ထုံးတမ်းဥပဒေနဲ့စဉ်းစားရမယ်လို့ပြောချင်ရင်ဓလေ့ထုံးတမ်းဥပဒေမှာဓမ္မသတ်၊စီရင်ထုံး၊လက်ရှိကျင့်သုံးနေတဲ့ဓလေ့ထုံးတမ်းတို့နဲ့ဆိုင်တာပါ။ဘယ်ဥပဒေနဲ့ဆိုင်တယ်ဆိုတာတရားရုံးကိုအရင်တင်ပြပါ။
ဆရာ့တရားသူကြီးအတွေ့အကြုံအရပြောရရင်လျှောက်လဲတဲ့ကုလားရှေ့နေတွေက အမှုအကြောင်းအရာအကျဉ်းချုပ်ပြောပြီးရင်သက်ဆိုင်တဲ့ဥပဒေ တန်းပြောတာပဲ။အဲဒီဥပဒေနဲ့သူလိုက်တဲ့အမှုနဲ့သွင်းယူပြီးမှလျှောက်လဲကြတာ။
ပြောတဲ့လျှောက်လဲချက်ကလဲနားဝင်လက်ခံအောင်ပြောနိုင်ရတယ်။
နားထောင်တဲ့ တရားသူကြီးကလဲအာရုံစူးစိုက်ပြီးနားထောင်ရတယ်။
လက်ရှိအခြေအနေကတော့ ရေးသားလျှောက်လဲချက်ဆိုတာကြီးကအဓိကဖြစ်နေတယ်။
တရားရုံးများလက်စွဲစာပိုဒ်-၁၅၈၊စာပိုဒ်ခွဲ-၁၂ကိုကြည့်ပါ။အင်္ဂလိပ်ဘာသာဖြင့်ပြုစုထားသော BCM ကိုဆိုလိုသည်။ယင်းစာပိုဒ်တွင်နှစ်ဘက်သက်သေစစ်၍ပြီးလျှင်ပြီးချင်းလျှောက်လဲချက်တန်းပေးခိုင်းပါဟုဆိုသည်။
စိတ်အာရုံတွင်အမှုနှင့်ပတ်သက်၍မှတ်မှတ်သားသားရှိနေဆဲဖြစ်သောကြောင့်ဖြစ်သည်။လျှောက်လဲချက်အတွက်ရုံးချိန်းဝေးဝေးမပေးရပါ။ရေးသားလျှောက်လဲချက် တင်သွင်းခြင်းကိုမူတားမြစ်ထားသည်။နှုတ်ဖြင့်သာလျှောက်လဲချက်ပေးရမည်ဟု ပြဌာန်းထားသည်။
ရေးသားလျှောက်လဲချက်မတင်ရတာက prejudice ဖြစ်မှာစိုးလို့ပါ။အိမ်မှာတင် တပတ်လောက်ထိုင်ပြီးရေးနေရင်အရေးကောင်းတဲ့ဘက်ပါသွားမှာစိုးလို့ပြောတာပါ။အဓိပ္ပာယ်ကတော့နှုတ်နဲ့လျှောက်လဲတာကိုကျကျနနနားထောင်စေချင်တဲ့သဘောပါပဲ။
High Court Judgeတွေက First Appeal မှာဘယ်တော့မှအမှုတွဲဖတ်မသွားဘူး။လျှောက်လဲတဲ့ရှေ့နေကသက်သေထွက်ချက်တွေကိုဖတ်ပြရတယ်။ကြိုဖတ်သွားရင် တရားသူကြီးစိတ်ထဲမှာ prejudice ဖြစ်မှာစိုးလို့ပါ။
အမှုတွဲမှာစာမျက်နှာတပ်ရတယ်။စာရွက်ကျွတ်သွားရင်ပျောက်တာသိအောင်လို့လို့ တချို့လူတွေကထင်နေတာ။လျှောက်လဲတဲ့ရှေ့နေကသက်သေထွက်ချက်ကိုအမှုတွဲစာမျက်နှာနဲ့ ပြောပြီးတရားသူကြီးကရှေ့နေညွှန်းတဲ့စာမျက်နှာကိုတခါတည်းလှန်ကြည့်တာ။
အဓိပ္ပာယ်ကတော့ပြောတဲ့လူကအမှုတွဲပါသက်သေခံချက်အတိုင်းလတ်လတ်ဆတ်ဆတ်ပြောသလိုတရားသူကြီးကလဲခေါင်းထဲချက်ခြင်းထည့်ပြီးစီရင်ချက်၊ချက်ခြင်းရေးနိုင်အောင်လို့ပါ။
အဲဒီရည်ရွယ်ချက်နဲ့စာမျက်နှာတပ်တာဖြစ်တယ်။သက်သေထွက်ချက်၊သက်သေခံစာရွက်စာတမ်းစတာတွေကိုကြည့်ပြီးထုတ်ပြီးချက်ခြင်းအဖြေရှာရတာ။ရှေ့နေလျှောက်လဲတာလျှာရှည်တယ်လို့သဘောမထားသင့်ပါဘူး။ဒါကသူ့အလုပ်ပဲ။သည်းညည်းခံပြီးစိတ်ရှည်ရှည်နားထောင်ရတယ်။
ဒီကိစ္စတွေကိုဆရာ့အနေနဲ့နောင်လာနောက်သားတွေကိုသိစေချင်တယ်။
Comments
Post a Comment