တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၁ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၁ )
1992 BLR 94အမှု၌ တရားရုံးချုပ်အယူခံတရားလိုမမီလုံးသည် မူလရုံးတရားပြိုင်တဦးဖြစ်သောမောင်ထွန်းမြင့်က ၎င်း၏ကိုယ်စားလှယ်ဦးတင်ဝင်းမှတဆင့်ချုပ်ဆိုသောကတိစာချုပ်၌ မမီလုံးအားပေးရန်ကတိပြုသောငွေ၃၇၅၀ကျပ်ကိုရလိုကြောင်း မောင်ထွန်းမြင့်နှင့်မောင်ထွန်းမြင့်၏ကိုယ်စားလှယ်အဖြစ် ပဋိညာဉ်စာချုပ်ချုပ်ဆိုသောဦးတင်ဝင်းတို့အပေါ်တရားစွဲဆိုသည်။
တရားရုံးချုပ်အယူခံတွင်မမီလုံးသည်အရွယ်မရောက်သေးသဖြင့်နီးစပ်ရာမိတ်ဆွေကအယူခံတွင်ဆောင်ရွက်ပေးခြင်းဖြစ်ရာကတိစာချုပ်ချုပ်စဉ်က၎င်းအရွယ်မရောက်သေးသည်မှာယုံမှားဖွယ်မရှိ။
စာရေးသူ၏ပဋိညာဉ်အက်ဥပဒေနှင့်စီရင်ထုံးပေါင်းချုပ်စာအုပ်၊ပထမတွဲစာမျက်နှာ၁၇၉တွင်အရွယ်မရောက်သေးသူသည်မည်သည့်ခိုင်မာသောပဋိညာဉ်ကိုမျှမပြုလုပ်နိုင် ဟု မောင်ဖိုးဒေါက်နှင့်မောင်ဘကျော်၊ AIR 1916 LB 29(1) ( LB မှာအောက်မြန်မာပြည်ဖြစ်သည်။)စီရင်ထုံးပါထုံးဖွဲ့ချက်ကိုကိုးကားဖော်ပြထားပါသည်။
တရားရုံးချုပ်တရားသူကြီး(အငြိမ်းစား)ဦးသက်ဖေထုတ်ဝေသော ပဋိညာဉ်ဥပဒေ၏သိကောင်းစရာများကျမ်းစာမျက်နှာ၂၃၉တွင် ပုဒ်မ၁၈၃ကိုဋီကာချဲ့ရာ၌ အရွယ်မရောက်သေးသူများသည်ပဋိညာဉ်စာချုပ်ကိုမိမိကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်မှတဆင့်ဖြစ်စေပြုနိုင်သူမဟုတ်ပေ ဟုပြဆိုသည်။
တရားစွဲဆိုရာ၌အခြေပြုသောပဋိညာဉ်စာချုပ်ကို မမီလုံးကိုယ်စားဦးအောင်ကိုကချုပ်ဆိုသည်။
ပဋိညာဉ်ပျက်ပြယ်(void)သည်ဖြစ်၍ထိုပျက်ပြယ်သောပဋိညာဉ်အပေါ်အခြေခံကာငွေရလိုကြောင်း မမီလုံးတရားစွဲဆိုပိုင်ခွင့်မရှိ။
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂(ဆ)ကိုဖတ်ပါ။
Comments
Post a Comment