အမှုရပ်စဲခြင်း(အပိုင်း၁)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုရပ်စဲခြင်း၊အပိုင်း၁


တရားမမှုများမှာအမှုသွားအမှုလာအရသာလျှင်ရှုံးတတ်သည်မဟုတ်။တရားမကျင့်ထုံးဥပဒေပါလုပ်ထုံးလုပ်နည်းများကိုမလိုက်နာခြင်း၊သက်သေခံအက်ဥပဒေနှင့်အညီသက်သေခံအထောက်အထားများမတင်ပြနိုင်ခြင်းစသည့်အကြောင်းကြောင်းကြောင့်လည်းရှုံးနိုင်သည်ကိုရှေ့နေရှေ့ရပ်များအထူးသတိချပ်သင့်သည်။


မဖြစ်သင့်ဘဲထိုအကြောင်းတရားတရပ်ရပ်ကြောင့်အမှုမရှုံးမိစေရန်သင်ခန်းစာယူသင့်သောအမှုများကိုဆွေးနွေးလိုသည်။ထိုသို့အမှုကိုရှုံးစေနိုင်သောအကြောင်းတရားများကိုရှေ့နေများသိရှိပါက၊မလိုအပ်ဘဲအမှုရှုံးရခြင်းကိုတားဆီးနိုင်မည့်အပြင်၊ထိုအကြောင်းကြောင့်ကိုဖော်ထုတ်ကာအနိုင်ယူနိုင်သည်ကိုလည်းသတိမူသင့်သည်။


တရားစွဲဆိုပိုင်ခွင့်နှင့်အမှုသည်သေဆုံးသွားလင့်ကစားအမှုကိုဆက်လက်ဆောင်ရွက်နိုင်ခြင်းကိစ္စ။


အမှုစွဲဆိုထားဆဲ၌အမှုသည်များသေဆုံးသွားခြင်းနှင့်စပ်လျဉ်း၍၊တရားမကျင့်ထုံးဥပဒေအမိန့်၂၂တွင်ပြဌာန်းထားသည်ကိုမသိသောမြို့နယ်တရားရုံးတရုံးရှိနေသည်ကိုအံ့ဩဘွယ်တွေ့ရသည်။


ပြဿနာတရပ်မှာအမိန့်၂၂၊နည်း၁ပါ " the right to sue " (တရားစွဲဆိုပိုင်ခွင့်)ဟူသောစကားရပ်​၏အဓိပ္ပာယ်ဖြစ်သည်။


ထိုစကားရပ်ကိုတရားမကျင့်ထုံးဥပဒေတွင်အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိခြင်းကြောင့်ပြဿနာပေါ်ရခြင်းဖြစ်သည်။


တရားစွဲဆိုပိုင်ခွင့်၊တရားစွဲဆိုရန်အကြောင်းစသည့်၊တရားမကျင့်ထုံးဥပဒေပါစကားရပ်တို့မှာယနေ့အထိတရားရုံးများတွင်ဒုက္ခပေးဆဲဖြစ်သည်။


တရားလိုသည်တရားစွဲဆိုပိုင်ခွင့်ရှိပါမှ၊တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ပါမှ၊တရားမအမှုစွဲဆိုနိုင်သည်ကိုဥပဒေပညာရှင်တိုင်းမသိရန်အကြောင်းမရှိ။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၆မှ၂၀တွင်၊တရားမမှုတမှုကိုမည်သည့်တရားရုံးတွင်တရားစွဲဆိုရမည်ဖြစ်ကြောင်းပြဌာန်းချက်၌၊တရားပြိုင်သည်မရွှေ့မပြောင်းနိုင်သောပစ္စည်းတည်ရာဒေသရှိငွေကြေးဆိုင်ရာစီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးတွင်တရားစွဲဆိုရန်ပုဒ်မ၁၆မှ၂၇တွင်ပြဌာန်းထားသည်။


အခြားကိစ္စများနှင့်စပ်လျဉ်း၍ပုဒ်မ၁၇၊၁၈၊၁၉နှင့်၂၀တို့တွင်ပြဌာန်းထားရာ၌၊ပုဒ်မ၂၀(ဂ)တွင်သာလျှင်၊တရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်ပါရှိသည်။တရားစွဲဆိုပိုင်ခွင့်ဟူသောဝေါဟာရမပါ။


ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယား၊အမှတ်စဉ်၁၂၀ပါ " the right to sue " (တရားစွဲဆိုပိုင်ခွင့်)စကားရပ်သာပါရှိသည်။


တရားစွဲဆိုပိုင်ခွင့်ဟူသည်အခွင့်အရေးတရပ်ကိုအခိုင်အမာတောင်းဆိုသောတရားမကြီးမှုကိုစွဲဆိုပိုင်ခွင့်ကိုဆိုလိုသည်ဟု 36 All 799 အမှု၌ပြဆိုချက်သည်အဓိပ္ပာယ်ကိုအတော်အတန်ဖွင့်ဆိုနိုင်သော်လည်း၊ထင်သာမြင်သာအောင်ဖွင့်ဆိုရာရောက်သည်ဟုအတိအကျမဆိုနိုင်ပါ။


အမှန်စင်စစ်၊တရားစွဲဆိုပိုင်ခွင့်၊ဟူသောစကားရပ်ကပင်တရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်ထက်ပို၍အဓိပ္ပာယ်ပေါ်လွင်သည့်သဘောဆောင်သည်။


အမြင်သာဆုံးသာဓကမှာ၊အမွေရှင်ကွယ်လွန်သွားခြင်းသည်အမွေဆိုင်များအနေဖြင့်မိမိတို့​၏အမွေဝေစုအသီးသီးကိုရလိုကြောင်း၊တရားစွဲဆိုပိုင်ခွင့်ရရှိစေခြင်းဖြစ်သည်။


တနည်းအားဖြင့်၊အမွေရှင်ကွယ်လွန်သွားခြင်းသည်အမွေခွဲဝေရန်အလို့ငှာတရားစွဲဆိုရန်အကြောင်းကိုဖြစ်ပေါ်စေသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၆(က)မှ(ဂ)၊ပုဒ်မ၁၇နှင့်ပုဒ်မ၁၉တို့တွင်ဖော်ပြထားသောသက်သာခွင့်တရပ်ရပ်ကိုရထိုက်စေသောအခွင့်အရေးသည်၊တရားစွဲဆိုပိုင်ခွင့်ဖြစ်သည်။


အောက်ပါသက်သာခွင့်များရလိုကြောင်းစွဲဆိုသောအမှုများကိုစွဲဆိုဆဲ၌၊တရားလိုသို့မဟုတ်တရားပြိုင်ကွယ်လွန်ပါက၊တရားစွဲဆိုပိုင်ခွင့်ကျန်ရစ်ခြင်းမရှိ၊တရားစွဲဆိုရန်အကြောင်းကျန်ရစ်ခြင်းမရှိဟု၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၀၆တွင်ပြဌာန်းထားသည်-


(က)တရားမကျင့်ထုံးဥပဒေပုဒ်မ၁၉တွင်အကျုံးဝင်သောလူကိုထိခိုက်စေသည့်အတွက်လျော်ကြေးရလိုမှုများ။

(၁)အသရေဖျက်မှု

(၂)ရာဇသတ်ကြီး၌အဓိပ္ပာယ်ဖွင့်ဆိုထားသောလက်ရောက်မှု

(၃)လူကိုမသေစေသောကိုယ်အင်္ဂါနာကျင်မှုများ၊ 13 Ran 385 ကိုကြည့်ပါ။


(ခ)အမှုသည်သေဆုံးပြီးနောက်တောင်းဆိုသောသက်သာခွင့်ကိုခွင့်မပြုနိုင်တော့ခြင်း၊သို့မဟုတ်၊သက်သာခွင့်ကိုခွင့်ပြုခြင်းသည်အချီးနှီးဖြစ်ခြင်း။

(၁)လင်မယားကွာရှင်းပေးစေလိုမှု၊ပုဒ်မ၃၀၆​၏ဥပမာ(၁)

(၂)ပဋိညာဉ်အက်ဥပဒေပုဒ်မ၃၇​၏ဥပမာ(ခ)


13 Ran 385


 ( D . K . Cassim & Sons  v.  Sara Bibi and others. )


( Before Sir Arthur Page , Kt . , Chief Justice , and Mr . Justice Ba U. )


အမှုတွင်၊တရားပြိုင်များ​၏မတရားပြုမှုကြောင့်တရားလိုများအပေါ်ယုံကြည်မှုဆုံးရှုံးခြင်းနှင့်တရားလိုများ​၏ကျော်ဇောသတင်းဆုံးရှုံးခြင်းသည်၊အမွေဆက်ခံရေးအက်ဥပဒေပါ " personal injuries not causing the death of the party "ဟူသောစကားရပ်တွင်အကျုံးဝင်မဝင်၊ခုံရုံးကဆုံးဖြတ်ရာ၌ထိုစကားရပ်သည်လက်ရောက်မှုနှင့်အမျိုးအစားသို့မဟုတ်သဘောသဘာဝချင်းတူသည်။အသရေဖျက်မှုနှင့်မတူဟုပြဆိုပြီး၊အမှုအတောအတွင်းကွယ်လွန်သူတရားပြိုင်​၏မတရားပြုမူမှုကြောင့်တရားလိုများအပေါ်ယုံကြည်မှုဆုံးရှုံးခြင်းနှင့်တရားလိုများ​၏ကျော်ဇောသတင်းဆုံးရှုံးခြင်းကိုအကြောင်းပြုပြီးလျော်ကြေးရလိုကြောင်းတရားစွဲဆိုရန်အကြောင်းသည်၊ကွယ်လွန်သူ​၏၊အမွေစားအမွေခံများအပေါ်ကျန်ရစ်ခြင်းမရှိဘဲ၊ကွယ်လွန်သူ​၏အမွေကိုစီမံခန့်ခွဲလိုသောသေတမ်းစာအတည်ပြုသူနှင့်အမွေထိန်းတို့အပေါ်ကျန်ရစ်သည်ဟုထုံးဖွဲ့သည်။


အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၀၆ပါပြဌာန်းချက်ကိုဖတ်ပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]