တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်သောစနစ်​၏ဆိုးကျိုး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


2001 BLR 290 ( SAB )


ဦးမောင်မြပါ၆ နှင့် မသန်းသန်းချို


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဒေါက်တာတင်အောင်အေးနှင့်ဦးမြင့်သိန်းတို့ရှေ့တွင်


စီရင်ထုံးအစတွင်အောက်ပါအတိုင်းဖော်ပြထားသည်-


"ဧရာဝတီတိုင်းတရားရုံး၊၁၉၉၅ခုနှစ်၊တရားမကြီးမှုအမှတ်၂၂တွင်တရားလိုမသန်းသန်းချိုကဦးမောင်မြ၊ဦးတင့်ဆွေ၊ဒေါ်ကြည်ဝင်း၊ဒေါ်တင်တင်ဝင်း၊မခင်မြတ်ဆွေနှင့်ဦးမြတ်စိုးတို့အပေါ်၊မှတ်ပုံတင်စာချုပ်အမှတ်၁၅/၉၀(အမှန်မှာ၁၅/၈၀ဖြစ်သည်)ဖြင့်ခွဲဝေပြီးသောအိမ်ယာမြေ(အမှန်မှာအိမ်ရာယာမြေဖြစ်ရပါမည်)​၏၆ပုံ၊၁ပုံ၊မှတ်ပုံတင်စာချုပ်အမှတ်၄၅/၈၆ဖြင့်အမွေပုံစီမံခန့်ခွဲသောနေအိမ်အဆောက်အအုံ​၏၄ပုံ၊၁ပုံနှင့်နဂါးဆေးတိုက်ဆေးကုသခြင်းလုပ်ငန်း၊ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းတို့မှအကျိုးအမြတ်များခွဲဝေပေးစေလိုမှုစွဲဆိုရာတိုင်းတရားရုံးကမသန်းသန်းချိုစွဲဆိုသည့်အမှုကိုပလပ်သည်။"


တရားလိုမသန်းသန်းချိုစွဲဆိုသောအမှု


စီရင်ထုံးစာမျက်နှာ၂၉၅နှင့်၂၉၆တွင်၊တရားလိုမသန်းသန်းချို​၏အဆိုပြုချက်များအကျဉ်းချုပ်ကိုအောက်ပါအတိုင်းဖော်ပြသည်-


"မူလရုံးတရားလိုမသန်းသန်းချိုက၎င်းသည်တရားပြိုင်ဦးမောင်မြ​၏သားကိုဇော်လင်း​၏ဇနီးဖြစ်ကြောင်း၊ဦးမောင်မြသည်၎င်းပိုင်ဆိုင်သောဟင်္သာတမြို့၊အကွက်အမှတ်၃၄၊ဦးပိုင်အမှတ်၇/ဇနှင့်၎င်းမြေပေါ်ရှိတိုက်တလုံး၊အဆိုပါအိမ်တွင်ဖွင့်လှစ်ထားသောနဂါးဆေးတိုက်ဆေးကုသခြင်းနှင့်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းတို့ကိုတရားလို​၏ခင်ပွန်းကိုဇော်လင်းအပါအဝင်သားသမီး၆ဦးအားအမွေပစ္စည်းအဖြစ်ခွဲဝေပေးခဲ့ကြောင်း၊တရားလိုသည်အမွေဝေစု၆ပုံ၊၁ပုံကိုခွဲဝေပေးရန်တရားမကြီးမှုအမှတ်၁/၉၅ဖြင့်စွဲဆိုဆောင်ရွက်နေစဉ်၊(၁)တရားပြိုင်ဦးမောင်မြသည်တရားလို​၏ခင်ပွန်းအပါအဝင်သားသမီးမြေးများအားမိသားစုစီမံမှုဖြင့်မှတ်ပုံတင်စာချုပ်အမှတ်၄၅/၈၆ကိုထပ်မံပြုလုပ်ခဲ့ကြောင်းသိရှိရသဖြင့်စွဲဆိုသည့်အမှုကိုရုပ်သိမ်းပြီး၊မှတ်ပုံတင်စာချုပ်အမှတ်၁၅/၈၀နှင့်စာချုပ်အမှတ်၄၅/၈၆တို့အရ၊တရားလို​၏ခင်ပွန်းဖြစ်သူကိုဇော်လင်းရထိုက်သည့်အစုအတွက်၊စုစုပေါင်းငွေကျပ်၁၂၆၁၈၇၅/-ကိုတရားပြိုင်များထံမှရလိုကြောင်းအဆိုပြုတင်ပြသည်။"


အမှား​၏အစ


အပိုင်ပေးစာချုပ်အမှတ်၁၅/၈၀အရကွယ်လွန်သူခင်ပွန်းရရန်ရှိသောအစု၆ပုံ၊၁ပုံကိုခွဲပေးရန်တရားမကြီးအမှတ်၁/၉၅ကိုပူးတွဲအပိုင်ရရှိသောကျန်(၅)ဦး(အပိုင်ပေးသူပါရန်မလို)အပေါ်ခင်ပွန်း​၏အမွေကိုရသောမသန်းသန်းချိုကတရားစွဲဆိုခြင်းဖြစ်ခဲ့ပါလျှင်၊ထိုအမှုကိုရုပ်သိမ်းခြင်းမှာအမှား​၏အစဖြစ်ပေလိမ့်မည်။


နောက်စာချုပ်ဖြစ်သောမှတ်ပုံတင်စာချုပ်အမှတ်၄၅/၈၆ဟုဖော်ပြထားပြီး၊အယူခံတရားလိုများ​၏ရှေ့နေလျှောက်လဲချက်၌"ဒုတိယစာချုပ်၄၅/၈၆တွင်စာချုပ်စာမျက်နှာတိုင်းတွင်ပေးကမ်းသူဦးမောင်မြနှင့်လက်ခံသူသားသမီး၊မြေး၊ချွေးမ(၇)ဦးတို့ကသဘောတူလက်မှတ်ရေးထိုးထားကြောင်း"(စီရင်ထုံးစာမျက်နှာ၂၉၃ကိုကြည့်ပါ)ဟုပါရှိပါသည်။


အမွေစီမံခန့်ခွဲမှုစာချုပ်ဖြစ်လျှင်၊ဦးမောင်မြသည်ပေးကမ်းသူမဖြစ်နိုင်သကဲ့သို့ကျန်လက်မှတ်ရေးထိုးသူများသည်လက်ခံသူမဖြစ်နိုင်။ဘာကြောင့်ကွဲလွဲသည်မသိရပါ။


စီရင်ထုံးစာမျက်နှာ၂၉၅တွင်တရားရုံးချုပ်​၏သုံးသပ်ချက်များကိုဖော်ပြရာ၌"မှတ်ပုံတင်စာချုပ်အမှတ်၁၅/၈၀သည်တရားဝင်အတည်ဖြစ်လျက်ရှိသည့်အခြေအနေတွင်ဦးမောင်မြအနေဖြင့််အဆိုပါပစ္စည်းများကိုမိသားစုစီမံမှုစာချုပ်ပြုလုပ်၍ထပ်မံခွဲဝေခွင့်မရှိကြောင်း"ဟုပါရှိသည်ဟုရည်ညွှန်းထားရာ၊ဒုတိယစာချုပ်သည်မိသားစုစီမံမှုစာချုပ်ဖြစ်တန်ရာသည်။


သို့သော်တရားရုံးချုပ်ကထပ်မံခွဲဝေခွင့်မရှိဟုဆိုခြင်းကိုနားလည်ရခက်သည်ကိုတွေ့ရပါသည်။


မိသားစုအမွေစီမံခန့်ခွဲသည့်စာချုပ်(family settlement)သည်၊ပစ္စည်းခွဲ(partition)စာချုပ်မဟုတ်ပါ။


စီရင်ထုံးတရပ်လုံးကိုဖတ်ကြည့်သောအခါစာချုပ်အမှတ်၄၅/၈၆သည်၊မိသားစုအမွေစီမံခန့်ခွဲသည့်စာချုပ်ဖြစ်ပုံပေါ်သည်။


ထိုစာချုပ်အရအမွေခွဲဝေရန်ကိစ္စမှာ၊အမွေရှင်ဦးမောင်မြကွယ်လွန်မှသာပေါ်ပေါက်မည်ဖြစ်သည်။


စီရင်ထုံးအစ၌မသန်းသန်းချိုကဦးမောင်မြပါ၆ဦးတို့အပေါ်တရားစွဲဆိုသည်ဟုဖော်ပြထားရာ၊အမွေရှင်ဦးမောင်မြမကွယ်လွန်သေးသည့်သဘောဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၂၉၆ဒုတိယအပိုဒ်အစတွင်ကျန်တရားပြိုင်ဦးမောင်မြပါ၅ဦးက၊ဦးမောင်မြသည်အသက်ရှင်ဆဲရှိနေ၍အမွေခန်းကိစ္စမပေါ်ပေါက်ကြောင်း"ထုချေသည့်သဘောဖော်ပြထားသည်ကိုတွေ့ရသည်။


တရားပြိုင်များမှာဦးမောင်မြ၊ဦးတင့်ဆွေ၊ဒေါ်ကြည်ဝင်းနှင့်ဒေါ်တင်တင်ဝင်း၊မခင်မြတ်ဆွေနှင့်ဦးမြတ်စိုး(စီရင်ထုံးစာမျက်နှာ၂၉၁ကိုကြည့်ပါ)ဖြစ်ကြသဖြင့်၊စီရင်ထုံးစာမျက်နှာ၂၉၆တွင်ကျန်တရားပြိုင်ဦးမောင်မြပါ၅ဦးဟုဆိုခြင်းမှာမမှန်နိုင်။


ဦးမောင်မြကိုချန်လှပ်လိုက်လျှင်၊ကျန်တရားပြိုင်(၅)ဦးသည်ဦးတင့်ဆွေ၊ဒေါ်ကြည်ဝင်းစသည့်(၅)ဦးသာဖြစ်ရပါမည်။


၎င်းတို့(၅)ဦးကအမွေရှင်ဦးမောင်မြမသေသေးဟုထုချေရန်အကြောင်းမရှိ။


ဦးမောင်မြသည်တရားပြိုင်တဦးအဖြစ်ငုတ်တုတ်ပါနေသည်။


စီရင်ထုံး၌အထက်တွင်ဖော်ပြသည့်စာအရေးအသားများလွဲမှားနေခြင်းသည်၊တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်သောစနစ်​၏ဆိုးကျိုးကိုဖွင့်လှစ်ပြရာရောက်သည်။


တရားစီရင်သည့်တရားသူကြီးတို့သည်အမှုတွဲကိုစလယ်ဆုံးဖတ်ကြည့်ဖြစ်သည်မဟုတ်။လျှောက်လဲချက်ကြားနာရာ၌နှစ်ဖက်ရှေ့နေတို့​၏တင်ပြချက်များကိုနားထောင်ပြီးနောက်၊တရားရေးအကြံပေး​၏ဆွေးနွေးတင်ပြချက်ကိုနားထောင်ကာအဖြေပေးသည်။


တရားရေးအကြံပေးရေးပေးထားသောစီရင်ချက်မူကြမ်းကိုဖတ်၊ပြင်လိုကပြင်သည်၊စီရင်ချက်အချောကိုလက်မှတ်ရေးထိုးပြီးစီရင်ချက်ချမှတ်သည်။


အမှုတွဲကိုပြည့်ပြည့်စုံစုံဖတ်ခြင်း၊ကိုယ်တိုင်စီရင်ချက်ရေးခြင်းမပြုသဖြင့်၊စီရင်ချက်များတွင်အထက်၌ဖော်ပြသည့်အမှားမျိုးရှိတတ်သည်။


ဥပဒေနှင့်မညီသောသုံးသပ်ချက်များပါသောစီရင်ထုံးများလည်းရှိသည်။


အရည်အချင်းမပြည့်မီသူရေးသောစီရင်ချက်မူကြမ်းကိုစေ့စေ့စပ်စပ်ဖတ်ရန်ပျက်ကွက်သောရုံးထိုင်တရားသူကြီးများက၊တရားရေးအကြံပေးအပေါ်လုံးဝဥဿုံမှီခိုခြင်း​၏အနိဌာရုံများဖြစ်သည်။


မြန်မာနိုင်ငံတွင်အဆင့်မြင့်ဆုံးတရားရုံးဖြစ်သောဗဟိုတရားရုံးနှင့်တရားရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ကြသောတရားရေးအကြံပေးတို့သည်၊ယုတ်စွအဆုံးယခင်ဝါရင့်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးများကဲ့သို့အရည်အချင်းပြည့်မီသူများဖြစ်သင့်သည်။


ဖြစ်နိုင်လျှင်ယခင်တရားလွှတ်တော်တရားဝန်ကြီးများကဲ့သို့အရည်အချင်းရှိသူများဖြစ်သင့်သည်။


ဗဟိုတရားရုံးနှင့်တရားရုံးချုပ်ကိုတည်ထောင်သောအခါယခင်တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်ကဲ့သို့ဝါရင့်ရှေ့နေရှေ့ရပ်များ​၏အကူအညီမရနိုင်တော့။


ယခင်တရားလွှတ်တော်ချုပ်၌အချို့အမှုများတွင်နှစ်ဘက်မှလိုက်ပါသောရှေ့နေများ၂ဦးထက်ပို၍ဆောင်ရွက်ခဲ့ကြသည်ကိုစီရင်ထုံးများ၌တွေ့မြင်နိုင်သည်။၎င်းတို့သည်ဝါရင့်ရှေ့နေများဖြစ်ကြသည်။


ဗဟိုတရားရုံးနှင့်တရားရုံးချုပ်လက်ထက်တွင်ရှေ့နေများထံမှအကူအညီရရှိနိုင်မှုမှာသိသိသာသာလျော့နည်းသွားသည်။


အဆင့်မြင့်စီရင်ချက်ချမှတ်နိုင်ရန်တရားရေးအကြံပေးတို့သည်ဥပဒေအရာတွင်မြင့်မားရန်လိုသည်မှာပြောရန်မလိုမြင်သာသည်။


လက်တွေ့တွင်မူပြောင်းပြန်ဖြစ်သွားသည်။


သို့ဖြစ်၍ဗဟိုတရားရုံးနှင့်တရားရုံးချုပ်တို့​၏စီရင်ထုံးများသည်ယခင်တရားလွှတ်တော်ချုပ်ကိုမဆိုထားဘိ၊ယခင်တရားလွှတ်တော်​၏အဆင့်ကိုပင်မမီကြောင်း၊စီရင်ထုံးများကိုလေ့လာခြင်းဖြင့်သိနိုင်ပါသည်။


စီရင်ထုံးများကိုလေ့လာသောရှေ့နေများကိုယ်တိုင်လည်းသိနိုင်ပါသည်။


အကြောင်းရင်းကိုဖော်ထုတ်ခြင်းဖြင့်အကျိုးမရှိနိုင်ပါ။


ခေတ်မီတိုးတက်သောနိုင်ငံတော်သစ်ကြီးကိုတည်ထောင်ရာ၌၊တရားစီရင်ရေး​၏ကဏ္ဍမြင့်မားရန်လိုမည်ဖြစ်ရာ၊အိမ်နီးချင်းနိုင်ငံများ၊ယုတ်စွအဆုံးစင်္ကာပူ၊ဟောင်ကောင်၊မလေးရှားနိုင်ငံများရှိအဆင့်မြင့်တရားရုံးများ​၏အဆင့်ကိုမီရန်ကြိုးပမ်းရမည်ဖြစ်၍အထောက်အကူရနိုင်ရန်၊မြန်မာနိုင်ငံ​၏တရားစီရင်ရေးကိုကနဦးစောကြောကြရန်ဆွေးနွေးခြင်းဖြစ်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]