အမွေဆက်ခံပုံဆက်ခံနည်းနှစ်မျိုး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်းသည်တရားမစွဲဆိုမီပေါ်ပေါက်ရမည်
မှတ်ပုံတင်စာချုပ်အမှတ်၄၅/၈၆ပါပဋိညာဉ်ကိုချုပ်ဆိုခြင်းကြောင့်၊မှတ်ပုံတင်စာချုပ်အမှတ်၁၅/၈၀ပါပဋိညာဉ်သည်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၆၂အရဆောင်ရွက်ရန်မလိုဟုမူလတရားရုံးကကောက်ယူဆုံးဖြတ်ခြင်း(စီရင်ထုံးစာမျက်နှာ၂၉၇ကိုကြည့်ပါ)သည်မမှန်ကြောင်းဆွေးနွေးပြီးဖြစ်သည်။
သို့သော်အမွေရှင်ဦးမောင်မြမသေဆုံးသေး၍စာချုပ်အမှတ်၄၅/၈၆အရ၊တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်သေးသဖြင့်၊ထိုစာချုပ်အရတောင်းဆိုသောသက်သာခွင့်နှင့်စပ်လျဉ်း၍အမှုကိုတရားရုံးချုပ်အယူခံခုံရုံးကပလပ်ခြင်းမှာမူမှန်သည်။
တရားစွဲဆိုရန်အကြောင်းသည်တရားမစွဲဆိုမီပေါ်ပေါက်ရမည်ဟုပြဆိုထားသော၊1952 BLR ( H C ) 410စီရင်ထုံးကိုကြည့်ပါ။
1952 BLR ( H C ) 410
U Po Thi and one v. Maung Kyaw Sint .
Before U Aung Khine , J .
စီရင်ထုံးတွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
"Cause of Action" means every fact which , if traversed , will be necessary for the plaintiff to prove in order to support his right to the judgment of the Court . The cause of action must be antecedent to the institution of the suit . When the plaintiff files his suit for any relief before he is entitled to his suit is bound to fail for want of a cause of action .
အပိုင်ပေးမှတ်ပုံတင်စာချုပ်အမှတ်၁၅/၈၀အရ၊မသန်းသန်းချိုသည်ခင်ပွန်းမောင်ဇော်လင်းရရန်ရှိသောအစုကိုရထိုက်ခွင့်မရှိဟု၊ 2001 BLR 290 ( S A B )အမှုတွင်ဆုံးဖြတ်ခြင်းမှာ၊အခြားဥပဒေအချက်အရမှန်ကန်ကောင်းမှန်ကန်ပေလိမ့်မည်။
အဆိုပါအပိုင်ပေးစာချုပ်ကိုစီရင်ထုံးတွင်အပြည့်အစုံ(ယုတ်စွအဆုံးဆက်လက်ဆွေးနွေးမည့်ဥပဒေပြဿနာအလို့ငှာလိုအပ်သည့်အကြောင်းခြင်းရာ)ဖော်ပြထားခြင်းမရှိချေ။
အကယ်၍အပိုင်ပေးစာချုပ်တွင်ဖော်ပြထားသောပစ္စည်းများကိုအပိုင်ရသူ(၆)ဦးတို့အားအညီအမျှသို့မဟုတ်၆ပုံ၁ပုံစီပေးကြောင်းစာချုပ်၌ဖော်ပြခဲ့လျှင်၊အပိုင်ရသူ(၆)ဦး(တရားလိုအပါအဝင်)တို့သည်၊ဝေစုအလျောက်ဘုံပိုင်သူများ(tenants-in-common)အဖြစ်သို့ရောက်ရှိမည်။
ထိုသို့ဆိုလျှင်အပိုင်ရသူတဦးဖြစ်သောမောင်ဇော်လင်းကွယ်လွန်ခဲ့သည့်အခါ၊၎င်း၏အစုကိုတရားလိုမသန်းသန်းချိုကအမွေဆက်ခံမည့်ဖြစ်၍၊ပစ္စည်းခွဲဝေပေးရန်တရားစွဲဆိုခွင့်ရှိပေလိမ့်မည်။
တဖက်တွင်၊အပိုင်ပေးစာချုပ်၌အပိုင်ရသူများအားအညီအမျှဖြစ်စေ၊၆ပုံ၁ပုံစီဖြစ်စေအပိုင်ပေးသည်ဟုဖော်ပြထားခြင်းမရှိခဲ့ပါမူ၊အပိုင်ရသူတို့သည်ပူးတွဲပိုင်သူများ(jount tenants)ဖြစ်ကြပေလိမ့်မည်။
အမွေဆက်ခံပုံဆက်ခံနည်းနှစ်မျိုး
မြန်မာဗုဒ္ဓဘာသာဝင်လင်မယားပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းများတွင်၊လင်နှင့်မယားတို့ဝေစုအလျောက်ဘုံပိုင်သူများဖြစ်ကြောင်း၊ဗုဒ္ဓဘာသာအမွေရှင်၏အမွေကိုဆက်ခံသောတွဲဖက်အမွေဆိုင်များ(co-heirs)သည်လည်းဝေစုအလျောက်ဘုံပိုင်သူများဖြစ်ကြောင်း၊ပြသောဥပဒေသဘောကိုဥပဒေပညာရှင်များသိသော်လည်း၊ပူးတွဲပိုင်ဆိုင်သူများ၏အမွေကိုဆက်ခံသည့်ဥပဒေသဘောမှာမူ၊ယင်းဥပဒေပညာရှင်များနှင့်စိမ်းနေသည်။
တရားစီရင်ရာတွင်မသိမဖြစ်သိရမည်ဖြစ်သောအဆိုပါဥပဒေကိုဥပဒေသင်တန်းများတွင်သင်ကြားပေးရန်ဆိုင်ရာဆရာများသတိချွတ်ချော်ပုံပေါ်သည်။
နောက်ပိုင်းတွင်ထိုဥပဒေကိုသိလိမ့်မည်ဟုသဘောပိုက်ပုံပေါ်သည်။
လက်တွေ့၌ထိုအမြင်မှာတက်တက်စင်မှားသည်ကိုတွေ့ရသဖြင့်၂၀၁၄ခုနှစ်တွင်ထုတ်ဝေသောဥပဒေပြဿနာအဖြာဖြာစာအုပ်အဆုံး၌"ခြားနားချက်တရပ်မှာဝေစုအလျောက်ဘုံပိုင်သူများအနက်တဦးကွယ်လွန်သွားပါက၊၎င်း၏ဝေစုသည်၎င်း၏အမွေစားအမွေခံများထံသက်ဆင်းသည်။
သို့သော်ပူးတွဲပိုင်ဆိုင်သူများအနက်တဦးကွယ်လွန်ပါက၊၎င်း၏ဝေစုသည်သေသူ၏အမွေစားအမွေခံများထံသက်ဆင်းခြင်းမရှိ။
ထိုဝေစုသည်ကျန်ပူးတွဲပိုင်ရှင်များထံသက်ရောက်သည်"ဟုပြဆိုထားပါသည်။
(အမှာစာ၊စာမျက်နှာ"ခဖ"၌ဆွေးနွေးကိုးကားသောကျမ်းပါအဆိုအမိန့်တို့ကိုကောက်နုတ်ဖော်ပြသည့်အခါ၊ပုံနှိပ်သူ၏ပေါ့လျော့မှုကြောင့် joint tenants အကြောင်းပုံနှိပ်ခြင်းမပြု။ကျပ်သုံးထောင်ဖြင့်ထိုစာအုပ်ကိုရောင်းချသည့်အခါတွင်မူဖြည့်စွက်ပုံနှိပ်ဖော်ပြခဲ့သည်။
Joint tenancy ကိုအမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍
"The principle feature of this tenancy is that on the death of one of the parties his share accrues to the others by survivorship , till it passes to a single hand and the joint tenancy ceases."
ဟူသောမြွက်ဆိုချက်ကိုကြည့်ပါ။
ပူးတွဲပိုင်သူသုံးဦးအနက်၊တဦးကွယ်လွန်သောအခါ၊၎င်းတို့သုံးဦးပိုင်ခဲ့သောပစ္စည်းသည်၊ကျန်ရစ်သူနှစ်ဦးပိုင်ဖြစ်သွားသည်။
ကျန်နှစ်ဦးအနက်တဦးကွယ်လွန်ပြန်သောအခါ၊အချင်းဖြစ်ပစ္စည်းသည်ကျန်တဦးတည်းပိုင်ဖြစ်သွားသဖြင့်၊ပူးတွဲပိုင်ခြင်းရပ်စဲသွားသည်။
နောက်ဆုံးပုဂ္ဂိုလ်သေဆုံးသောအခါ၊ထိုပစ္စည်းကို၎င်း၏အမွေဆိုင်များကဝေစုအလျောက်ဘုံပိုင်သူများအနေဖြင့်အမွေဆက်ခံကြသည်။
အချင်းဖြစ်အပိုင်ပေးစာချုပ်တွင်အပိုင်ရသူများအား၆ပုံ၁ပုံစီပေးသည်သို့မဟုတ်အညီအမျှပေးသည်ဟုဖော်ပြထားခြင်းမရှိခဲ့ပါမူ၊မောင်ဇော်လင်းကွယ်လွန်သောအခါ၊အပိုင်ပေးပစ္စည်းတရပ်လုံးမှာ၊ကျန်(၅)ဦးပူးတွဲပိုင်ဖြစ်သွားလိမ့်မည်။
မသန်းသန်းချိုအမွေရခွင့်မရှိနိုင်သဖြင့်အမှုရှုံးပေလိမ့်မည်။
တရားပြိုင်များ၏ရှေ့နေသည်ဤဥပဒေသဘောကိုသိခဲ့လျှင်၊အပိုင်ပေးစာချုပ်အရအပိုင်ရသူခြောက်ဦးသည်ပူးတွဲပိုင်သူများ(joint owner)ဟုတ်မဟုတ်၊စာချုပ်တွင်ရှာဖွေထုချေရန်ဖြစ်သည်။
ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်အဖြစ်မှတ်ယူရာ၏။
Comments
Post a Comment