၁၉၈၆ မတစ ၁၅၆၊ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ်စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၈၆ မတစ ၁၅၆
ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ်
အမှုတွင်အမှုဖြစ်စဉ်အကျဉ်းချုပ်မှာအောက်ပါအတိုင်းဖြစ်သည်-
ရွှေဘိုမြို့နယ်တရားရုံးတွင်ဒေါ်ကြည်ကဦးဘကြည်နှင့်ဒေါ်ငွေရှင်တို့အပေါ်ဒေါ်ချစ်ရဆိုသူကဦးဘကြည်နှင့်ဒေါ်ငွေရှင်တို့အားမြေရောင်းချသောမှတ်ပုံတင်စာချုပ်မှာပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုရာမြို့နယ်တရားရုံးကဒေါ်ကြွယ်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ကြောင်းကောက်ယူ၍ပလပ်လိုက်သည်။
ဒေါ်ကြွယ်ကမြို့နယ်တရားရုံး၏စီရင်ချက်နှင်ဒီကရီကိုမကျေနပ်၍စစ်ကိုင်းတိုင်းတရားရုံးတွင်အယူခံဝင်ရာတိုင်းတရားရုံးကမြို့နယ်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီးအမှုကိုဆက်လက်စစ်ဆေးစေရန်အမိန့်ချမှတ်လိုက်သောကြောင့်ဦးဘကြည်တို့ကဗဟိုတရားရုံးတွင်ဒုတိယအယူခံမှုကိုတင်သွင်းသည်။
စီရင်ထုံးစာမျက်နှာ၁၆၁၊ဒုတိယစာပိုဒ်တွင်ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်သည်-
“စစ်ကိုင်းတိုင်းတရားရုံးကဒေါ်ကြွယ်စွဲဆိုသည့်အမှုကိုပလပ်သည့်ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပြီးအမှုကိုဆက်လက်စစ်ဆေးစေရန်အယူခံမှုတွင်ချမှတ်သောအမိန့်မှာ၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရချမှတ်သောအမိန့်ဖြစ်သဖြင့်၊ယင်းအမိန့်ကိုတရားမကျင့်ထုံးဥပဒေအမိန့်၄၃၊နည်း၁( ပ )အရအယူခံဝင်ခွင့်ရှိသောအမိန့်ဖြစ်သဖြင့်ပုဒ်မ၂( ၂ )( က )တွင်ပြဌာန်းထားသည့်အတိုင်း၊ယင်းအမိန့်သည်ဒီကရီမဟုတ်ချေ။သို့ဖြစ်ရာဤအယူခံအတွက်ရုံးခွန်ကိုရုံးခွန်အက်ဥပဒေဇယား၂၊အမှတ်စဉ်၁၁( ခ )အရရုံးခွန်၅-ကျပ်သာထမ်းဆောင်ရမည်ဖြစ်သည်။ထို့အပြင်ထိုအယူခံအတွက်တရားမအထွေထွေအယူခံမှုဖွင့်လှစ်ဆောင်ရွက်ရန်ဖြစ်သည်။အယူခံတရားလိုတို့သည်ဤအယူခံတွင်ရုံးခွန်ကျပ်၂၅၀/-ထမ်းဆောင်ထားကြောင်းတွေ့ရသည်ဖြစ်၍၊ဒေါ်လှခင်ပါ၂ နှင့် မသိန်းတင်၊၁၉၆၇ မတစ ၂၄၊အမှုတွင်ထုံးဖွဲ့ထားသည့်အတိုင်းပိုမိုထမ်းဆောင်ထားသော၂၄၅ကျပ်ကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရပြန်အမ်းရမည်ဖြစ်သည်။”
စီရင်ထုံးစာမျက်နှာ၁၆၁၊တတိယစာပိုဒ်တွင်ဗဟိုတရားရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“စစ်ကိုင်းတိုင်းတရားရုံးကအယူခံမှုတွင်မြို့နယ်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီးအမှုကို၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရဆက်လက်စစ်ဆေးစေသည်ဖြစ်ရာ၊ယင်းအယူခံတွင်ဒေါ်ကြွယ်ထမ်းဆောင်ထားသောရုံးခွန်၂၅၀ကျပ်ကိုရုံးခွန်အက်ဥပဒေပုဒ်မ၁၃အရပြန်လည်အမ်းရမည်ဖြစ်ပါလျက်တိုင်းတရားရုံးကရုံးခွန်ပြန်အမ်းသည့်သက်သေခံလက်မှတ်ကိုထုတ်ပေးခြင်းမရှိကြောင်းတွေ့ရသည်။”
ထို့နောက်စီရင်ထုံးစာမျက်နှာ၁၆၁၊စတုတ္ထစာပိုဒ်တွင်ဗဟိုတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ထို့ကြောင့်ဤအယူခံကိုခွင့်ပြု၍တိုင်းတရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီးမြို့နယ်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပြန်လည်အတည်ပြုလိုက်သည်။နှစ်ဘက်အမှုသည်များသည်ဤအယူခံတွင်ကုန်ကျသောတရားစရိတ်များကိုမိမိတို့ကိုယ်တိုင်ကျခံကြစေ။”
တိုင်းတရားရုံးကအမှုကိုremandလုပ်ခြင်းသည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရဖြစ်သည်။
ထိုအမိန့်ကိုဗဟိုတရားရုံးတွင်ပုဒ်မ၉၆အရဖြစ်စေ၊ပုဒ်မ၁၀၄အရဖြစ်စေအယူခံဝင်ခွင့်မရှိ 1963 BLR 1 ။
တိုင်းတရားရုံး၏အဆုံးအဖြတ်သည်အထင်အရှားမှားယွင်းသည်ဖြစ်၍ဗဟိုတရားရုံးသည်အယူခံကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲဆုံးဖြတ်သင့်သည်၊သို့မဟုတ်၊1951 BLR ( HC )394( DB )စီရင်ထုံးစာမျက်နှာ၃၉၈တွင်ပြဆိုထားသကဲ့သို့၊အယူခံလွှာကိုပြင်ဆင်မှုလျှောက်လွှာအဖြစ်မှတ်ယူ၍အဆုံးအဖြတ်ပေးနိုင်သည်။
စာရေးသူ၏တရားမကျင့်ထုံးဥပဒေ(ပထမတွဲနှင့်ဒုတိယတွဲ)(၂၀၁၀ပြည့်နှစ်ထုတ်)စာမျက်နှာ၁၉၄ကိုကြည့်ပါ။
တိုင်းတရားရုံးကအမှုကိုပြန်လည်စစ်ဆေးစေသောအမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်ခွင့်မရှိသဖြင့်၊တရားမဒုတိယအယူခံမှုဖြင့်မှားယွင်းဖွင့်လှစ်မိသောအယူခံတွင်ဗဟိုတရားရုံးကဘာမျှဆောင်ရွက်ခွင့်မရှိချေ။
1963 BLR 1 စီရင်ထုံးသည်သာဓကဖြစ်သည်။
တရားဝင်သောအယူခံ( competent appeal )ဖြစ်ပါမှယင်းအယူခံမှုကိုစီရင်ပိုင်ခွင့်အာဏာရှိမည်။
အယူခံဝင်လိုသောဒီကရီမိတ္တူကိုပူးတွဲ၍အယူခံလွှာကိုတင်သွင်းခြင်းမပြုလျှင်ထိုအယူခံသည်တရားဝင်သောအယူခံမဟုတ်ဟုထုံးဖွဲ့သော1962 BLR( CC )152အမှုသည်အစွန်းရောက်သောအမှုဖြစ်သည်။
၁၉၃၂ခုနှစ်၊ဒီဇင်ဘာလ၁၉ရက်နေ့တွင်11 Ran 58( PC )အမှု၌၊ပရီဗီကောင်စီက၊စီရင်ထုံးစာမျက်နှာ၆၆တွင်ရီမန်( Remand )အမိန့်အပေါ်တင်သွင်းသောအမှုသည်တရားဝင်သော( incompetent )အယူခံမဟုတ်ဟုပြဆိုပြီးအယူခံမှုကိုပလပ်လိုက်သည့်သာဓကကို၊ဗဟိုတရားရုံးကမဆင်ခြင်မိခြင်းသည်ဖြစ်သင့်ပါသလား။
ထိုအယူခံကိုပလပ်ရုံမှတပါးဘာမျှဆောင်ရွက်ခွင့်ရှိသည်မဟုတ်။
1950 BLR ( HC )(156)အမှု၌၊မပါမဖြစ်ပါဝင်ရန်လိုအပ်သောအမှုသည်မပါဘဲတင်သွင်းသောအယူခံသည်၊တရားမဝင်သောအယူခံ( incompetent appeal )ဖြစ်သည်ဟုပြဆိုရာ၌၊ထိုအယူခံကိုခရိုင်တရားရုံးကပလပ်ခြင်းသည်မှန်သည်ဟုတရားလွှတ်တော်ကဆုံးဖြတ်သည်ကိုဂရုပြုပါ။
တရားမဒုတိယအယူခံဝင်ခွင့်ရရှိစေသည့်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀ပါ-
" an appeal shall lie to the High Court from every decree passed in appeal."
ဟူသောပြဌာန်းချက်များကိုဆင်ခြင်ပါက-
တရားလွှတ်တော်(တရားရုံးချုပ်)(ဗဟိုတရားရုံး)တွင်အယူခံဝင်နိုင်ရန်၊တိုင်းတရားရုံးကအယူခံ၌ချမှတ်သောအဆုံးအဖြတ်သည်ဒီကရီဖြစ်ရန်လိုသည်ဖြစ်ရာ၊အယူခံတရားရုံးကအမှုကိုပြန်လည်စစ်ဆေးစေရန်ချမှတ်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေအမိန့်၄၃၊နည်း(၁)(ယူ)တွင်အကျုံးမဝင်သဖြင့်၊မှားယွင်းတင်မိသောဗဟိုတရားရုံးတရားမဒုတိယအယူခံမှုကို၊1963 BLR 1 စီရင်ထုံးအရပလပ်ရန်သာဖြစ်သည်။
Comments
Post a Comment