1940 Rangoon Law Reports 826 [ D B ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1940 Rangoon Law Reports 826 


Daw Shin v. Arjandas .


Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely.


အမှုအကြောင်းဆက်လက်ဆွေးနွေးပါမည်။


မြန်မာဓလေ့ထုံးတမ်းဥပဒေအရပူးတွဲအမွေဆိုင်များသည်၊၂ပုံ၁ပုံ၊၃ပုံ၁ပုံ၊၄ပုံ၁ပုံစသည်ဖြင့်အစုလိုက်အမွေဆက်ခံကြသည်။


အမွေမခွဲမဝေမချင်း၎င်းတို့အသီးသီးရရှိသောအမွေစုသည်တသီးတခြားတည်ရှိသည်မဟုတ်ပေ။


အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်တရားရုံး၏ဒီကရီဖြစ်စေ၊သဘောတူညီချက်အရဖြစ်စေ၊အမွေခွဲဝေယူမှသာအမွေဆိုင်တဦးစီ၏အမွေစုမှာသီးခြားပေါ်လာသည်။


1940 RLR ( D B )826တွင်ရည်ညွှန်းသောအမွေမှုကို၊ 8 Ran 524စီရင်ထုံး၌ဆုံးဖြတ်သည်။


ထိုစီရင်ထုံးတွင်အမွေမှု၌ထုတ်နုတ်ထားသောငြင်းချက်များကိုဖော်ပြထားရာ၊ချစ်တီးထံပေါင်သည်ဆိုသောပစ္စည်းမှာအမွေဆိုင်ဟုတ်မဟုတ်အငြင်းပွါးပုံမပေါ်။


ထိုသို့ဆိုလျှင်တရားလိုချစ်တီးအား၊အမွေဆိုင်မောင်အောင်ဖေကပေါင်နှံခြင်းသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းရန်အကြောင်းမရှိနိုင်။


အထူးခုံရုံးသည်၊ 1940 RLR ( D B )826အမှုကိုဆုံးဖြတ်ရာ၌အခြားဥပဒေပြဿနာအရအဖြေထုတ်နိုင်သဖြင့်ပုဒ်မ၅၂သည်အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်သက်ဆိုင်ခြင်းရှိမရှိအငြင်းပွါးလျက်ရှိသောဥပဒေပြဿနာကိုဖော်ထုတ်ဆုံးဖြတ်ခြင်းမပြုတော့။


အမွေမှုမပြီးပြတ်မီအတွင်းတရားပြိုင်မောင်အောင်ဖေကအမွေဆိုင်ပစ္စည်းတွင်မိမိ၏အစုကိုချစ်တီးထံပေါင်နှံခဲ့သည်။


ထိုစဉ်ကအမွေမခွဲရသေး။


သို့ဖြစ်ရာအမွေခွဲဝေရာ၌ပူးတွဲအမွေဆိုင်မစောခင်(မောင်အောင်ဖေ၏အဒေါ်)ရသွားသောအိမ်နှင့်မြေ(တရားပြိုင်ဒေါ်ရှင်တို့သည်ထိုပစ္စည်းများကိုနောက်ဆုံးဝယ်ယူလက်ရောက်ရခဲ့သူများဖြစ်ကြသည်)မှာ၊တရားလိုချစ်တီးထံပေါင်ထားခြင်းနှင့်လွတ်ကင်းသည်မဟုတ်၍၊အပေါင်မှုတွင်အပေါင်ပစ္စည်းကိုဝယ်ယူခဲ့သောတရားလိုချစ်တီးကထိုပစ္စည်းများတွင်ပေါင်သူမောင်အောင်ဖေ၏ဝေစု၃ပုံ၁ပုံကိုရထိုက်ခွင့်ရှိသည်ဟုအရေးဆိုခြင်းဖြစ်သည်။


တရားလွှတ်တော်ကတရားမဒုတိယအယူခံမှုတွင်[ 1940 RLR ( D B )826 အမှုမဟုတ် ]ထိုဥပဒေသဘောတရားကိုလက်ခံကာချစ်တီးအားအနိုင်ပေးခြင်းဖြစ်သည်။


ထိုဥပဒေရှုထောင့်မှကြည့်လျှင်မှန်ပုံရသည်ကိုမငြင်းနိုင်။


သို့သော်ဥပဒေမှာအပြောကျယ်လှပါသည်။


ရှုထောင့်တရပ်တည်းမှမှုခင်းများကိုဆုံးဖြတ်ရုံမျှဖြင့်အမှန်မရနိုင်ပါ။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေတွင်အကျုံးဝင်သောရောင်းချခြင်း၊ပေါင်နှံခြင်း၊ငှါးရမ်းခြင်း၊လဲလှယ်ခြင်းနှင့်အပိုင်ပေးခြင်းတည်းဟူသောလွှဲပြောင်းမှုများနှင့်သက်ဆိုင်သောပြဌာန်းချက်များမတိုင်မီလွှဲပြောင်းခြင်းဆိုင်ရာဥပဒေသများကိုပုဒ်မ၆မှ၅၃(ဂ)တွင်ပြဌာန်းထားသည်။


(အလျဉ်းသင့်၍ဖော်ပြရန်ဥပဒေသတရပ်မှာဗုဒ္ဓဘာသာလင်မယားတို့သည်လင်မယားပိုင်ပစ္စည်းတွင်လည်းကောင်း၊အမွေဆိုင်များသည်အမွေဆိုင်ပစ္စည်းတွင်လည်းကောင်း”vested interest “အပြီးအပိုင်ရရှိမည့်အကျိုးခံစားခွင့်(ပိုင်ခွင့်)ရရှိသည်ဟုစီရင်ထုံးများတွင်ပြဆိုထားရာပုဒ်မ၁၉တွင်(အဆိုပါစကားရပ်ကိုပြဆိုထားသည်ကိုရှင်းပြလိုပါသည်။)


ပူးတွဲအမွေဆိုင်မောင်အောင်ဖေထံမှအမွေဆိုင်ပစ္စည်းများတွင်၎င်း၏အစုကိုအပေါင်ခံသောချစ်တီးသည်နောက်ပိုင်း၌အပေါင်မှုတွင်ထိုအစုကိုဝယ်ယူသောအခါပုဒ်မ၄၄တွင်သတ်မှတ်ထားသောအခွင့်အရေးများရရှိသည်မှန်သော်လည်းအကြွင်းမဲ့အခွင့်အရေးများရရှိသည်မဟုတ်။


ပုဒ်မ၄၄ပါ”subject to the condition and liabilities”ဟူသောပြဌာန်းချက်ကိုအထောက်အထားပြု၍ရရှိခြင်းဖြစ်သည်။


(မှတ်ချက်။  ။ subject to မှာအဓိပ္ပာယ်အမျိုးမျိုးရရှိကြောင်း၊ဥပဒေပြဿနာအဖြာဖြာစာအုပ်စာမျက်နှာ၂၂တွင်ရှင်းပြပြီးဖြစ်သည်)


အထက်ပါပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကျမ်း၊ပထမတွဲစာမျက်နှာ၆၄၀တွင်၊ 1 IA 116 အပါအဝင်စီရင်ထုံးအများအပြားကိုကိုးကားကာ၊ပုဒ်မ၄၄ပါ”subject to the condition and liabilities”ဟူသောပြဌာန်းချက်ကိုရည်ညွှန်းပြီးအောက်ပါအတိုင်းပြဆိုသည်-


“ပူးတွဲပိုင်ရှင်များပိုင်သောပစ္စည်းများအနက်ပစ္စည်းတခုတွင်ပူးတွဲပိုင်ရှင်တဦးကမိမိရရန်ရှိသောအစုကိုအပေါင်ခံသူသည်အခြားပူးတွဲပိုင်ရှင်များကပစ္စည်းခွဲဝေစေခွင့်ကိုအထောက်အထားပြု၍သာလျှင်ထိုအစုကိုရမည်ဖြစ်သည်။ထိုသို့ခွဲဝေရာ၌အပေါင်ခံပစ္စည်းကိုအခြားပူးတွဲပိုင်ရှင်အားခွဲဝေပေးလိုက်လျင်ခွဲဝေရရှိသူသည်ပစ္စည်းကိုအပေါင်လွတ်ရရှိပြီးအပေါင်ခံသူလက်ဝယ်ရှိအစားထိုးရရှိသောပစ္စည်း(မှတ်ချက်။  ။ပစ္စည်းခွဲဝေရာ၌ရရှိသောပစ္စည်း)အပေါ်တွင်သာအရေးယူဆောင်ရွက်နိုင်သည်”


ချစ်တီးစွဲဆိုသောအမှုကိုအဆုံးအဖြတ်ပေးရသည့်တရားလွှတ်တော်တဦးထိုင်တရားသူကြီးသည်အမှုနှင့်တိုက်ရိုက်သက်ဆိုင်သောပုဒ်မ၄၄ပါပြဌာန်းချက်များကိုသတိမမူဘဲဆုံးဖြတ်ခြင်းဖြစ်သည်။


သို့သော်အမှုတွင်သက်ဝင်လျက်ရှိသောဥပဒေပြဿနာနက်ရှိုင်းသည်ကိုရိပ်စားမိသဖြင့်၊တရားမအယူခံတင်သွင်းသင့်ကြောင်းထောက်ခံသဖြင့်၊အယူခံတွင်အမှန်ကိုဖော်ထုတ်ဆုံးဖြတ်ခွင့်ရရှိခဲ့သည်။


ထိုထောက်ခံချက်ကိုငြင်းပယ်ခဲ့လျှင်အမှန်တရားကိုဖော်ထုတ်နိုင်မည်မဟုတ်။


တရားလွှတ်တော်များသည်အယူခံမှု၌မိမိတို့ဆုံးဖြတ်ချက်များမသေချာဟုသဘောရရှိလျှင်ထောက်ခံချက်ပေးပါက၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(ဂ)အရပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံဝင်ရန်လမ်းပွင့်သွားနိုင်သည်ကိုသတိချပ်သင့်သည်။


စီရင်ထုံးသမိုင်းကိုကြည့်လျှင်တရားလွှတ်တော်တရားသူကြီးများကအယူခံတွင်မိမိအဆုံးအဖြတ်များအပေါ်ထပ်မံအယူခံသင့်ကြောင်းထောက်ခံချက်ပေးသဖြင့်အမှားများပြင်ဆင်နိုင်ခဲ့သည်ကိုတွေ့မြင်နိုင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ