1998 BLR 177 ( F B )စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1998 BLR 177 ( F B )
ဒေါ်ခင်သောင်း(၎င်း၏ကိုယ်စားလှယ်ဦးသန်းအောင်) နှင့် ဦးကျော်ညွန့်
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ
သေသူအပေါ်တင်သွင်းသောအထူးအယူခံမှု
အထူးအယူခံမှုကိုမဖွင့်မီ၊တဦးတည်းသောအယူခံတရားပြိုင်သေဆုံးပြီးဖြစ်ခြင်း၌၊1983 BLR 181 (ဒေါ်အေးခင်ပါ၃ နှင့် ဒေါ်လှခင်)ပါထုံးဖွဲ့ချက်နှင့်မသက်ဆိုင်နိုင်။
1998 BLR 177 ( F B )
ဒေါ်ခင်သောင်း(၎င်း၏ကိုယ်စားလှယ်ဦးသန်းအောင်) နှင့် ဦးကျော်ညွန့်
အမှုတွင်၊တရားရုံးချုပ်၁၉၉၆ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၇၆ကို၂၇-၈-၉၇ရက်နေ့အပြီးသတ်အမိိန့်မချမှတ်မီအမှုအတောအတွင်းလျှောက်ထားခံရသူဦးကျော်ညွန့်ကွယ်လွန်ခဲ့ရာ၊အမိန့်၂၂၊နည်း၆တွင်အကျုံးမဝင်သဖြင့်စီရင်ထုံးစာမျက်နှာ၁၈၀၌၊ထိုအမှုမှာရပ်စဲသွားပြီဟုဆုံးဖြတ်သည်။
အထူးအယူခံဝင်ခွင့်ပြုကြောင်းသေသူဦးကျော်ညွန့်အပေါ်ချမှတ်သည့်အဆုံးအဖြတ်သည်၊9 Ran 482 ( F B )စီရင်ထုံးအရပျက်ပြယ်သည်။အတည်မဖြစ်။
သို့ဖြစ်ရာထိုအမိန့်စီရင်ချက်ကိုအကြောင်းပြုပြီးဖွင့်သောတရားမအထူးအယူခံမှုမှာတရားမဝင်။
1938 RLR 629
Mathura Prasad v. R. A. Philips.
Before Mr. Justice Sharpe.
အမှုတွင်၊လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာနှင့်အတူစွဲဆိုလိုသည့်အဆိုလွှာကိုပူးတွဲတင်ပြရန်အမိန့်၃၃၊နည်း၂( ၁ )တွင်ပြဌာန်းထားသည်။
နည်း၂( ၂ )တွင်အဆိုလွှာနှင့်လျှောက်လွှာကိုလျှောက်ထားသူကတင်သွင်းရန်ပြဌာန်းထားသည်။
ထိုလျှောက်လွှာကိုပယ်ပြီးနောက်တရားရုံးကပုဒ်မ၁၄၉အရသတ်မှတ်ပေးသောကာလအတွင်းရုံးခွန်ကိုထမ်းဆောင်လျှင်၊အဆိုလွှာကိုလူမွဲလျှောက်လွှာတင်သွင်းစဉ်ကပင်စွဲဆိုသည်ဟုမှတ်ယူရန်ဖြစ်ကြောင်းခုံရုံးကပြဆိုထားသည်။
အထူးအယူခံဝင်ခွင့်ပြုရန်လျှောက်လွှာနှင့်ပူးတွဲတင်ပြရသည်ဖြစ်ရာ၊အထူးအယူခံဝင်ခွင့်ပြုသည့်အမိန့်ချမှတ်ပြီးနောက်၊အထူးအယူခံအတွက်ရုံးခွန်ထမ်းဆောင်သောအခါ၊အထူးအယူခံကိုလျှောက်လွှာတင်သွင်းသည့်နေ့တွင်တင်သွင်းသည်ဟုမှတ်ယူရန်ဖြစ်သည်။
အထူးအယူခံမှုကိုဖွင့်သောအခါအယူခံဝင်သောဒီကရီအပေါ်အယူခံဝင်ခွင့်မှာကာလစည်းကမ်းသတ်ကျော်သည်မှန်သော်လည်း၊အထူးအယူခံကိုလက်ခံကြားနာဆောင်ရွက်ခြင်းက၊ကာလစည်းကမ်းသတ်မကျော်ဟုမှတ်ယူရာရောက်သည်ကိုထောက်ချင့်ပါက၊အထူးအယူခံဝင်ခွင့်ပြုရန်လျှောက်ထားသည့်နေ့တွင်အထူးအယူခံလွှာကိုတင်သွင်းရာရောက်သည်။
အမိန့်၃၃အရလူမွဲအဖြစ်အယူခံတင်သွင်းခြင်းနှင့်သဘောသဘာဝချင်းတူသည်ကိုသတိပြုပါ။
တရားမအထွေထွေလျှောက်လွှာ(အထူး)အမှုရပ်စဲသွားလျှင်၊ထိုလျှောက်လွှာမှာပြိုလဲသွားသဖြင့်ထိုလျှောက်လွှာနှင့်ပူးတွဲတင်သွင်းသောအထူးအယူခံမှုမှာလည်းပြိုလဲသွားသည်။
အထူးအယူခံဝင်ခွင့်မပြုလျှင်အထူးအယူခံမှုဖွင့်ရန်အကြောင်းမရှိ။
အထူးအယူခံဝင်ခွင့်မပြုဘဲလျှောက်လွှာကိုပယ်လျှင်၊အထူးအယူခံမှုကိုမဖွင့်ခြင်းမှာလျှောက်လွှာပြိုလဲသွားခြင်းကြောင့်၊အထူးအယူခံလွှာမှာလည်းမြေခသွားသဖြင့်၊အထူးအယူခံမှုဖွင့်ရန်မလိုတော့ဟူသောဥပဒေသဘောတရားအပေါ်အခြေခံသည်။
ထိုဥပဒေသဘောကိုလက်ခံပါလျှင်၊ပျက်ပြယ်သောအထူးအယူခံဝင်ခွင့်ပြုသည့်အမိန့်အရဖွင့်သောအထူးအယူခံမှုမှာတရားမဝင်ကြောင်းဆက်လက်ဆင်ခြင်ရန်မှာခက်ခဲသည်မဟုတ်။
တဦးတည်းသောလျှောက်ထားခံရသူသေဆုံးသွားခြင်းကြောင့်၊အထူးအယူခံဝင်ခွင့်ပြုသောအမိန့်ပျက်ပြယ်သွားကြောင်းအထူးအယူခံဖွင့်ပြီးမှသိရလျှင်၊မှားယွင်းဖွင့်မိသောအယူခံကိုပိတ်ရန်ဖြစ်သည်။ပလပ်ရန်အကြောင်းမရှိ။
တရားဝင်ဖွင့်ထားသောအယူခံကိုသာပလပ်ရန်ဖြစ်သည်။
မှားယွင်းဖွင့်မိသောအထူးအယူခံမှုမှာတရားမဝင်သည်ဖြစ်၍ပိတ်ရန်မှတပါးအခြားနည်းမရှိနိုင်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁၌ရည်ညွှန်းထားသောမူလဘူတအာဏာကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကသုံးစွဲခွင့်ရှိရပါမည်။
အထူးအယူခံမှုမှာတရားမကျင့်ထုံးဥပဒေနှင့်အကျုံးမဝင်သဖြင့်ထိုအာဏာကိုသုံးစွဲခွင့်ရှိမည်မဟုတ်ဟုစောဒကတက်ပါကခိုင်လုံမည်မဟုတ်။
ပုဒ်မ၁၅၁တွင်ပြဌာန်းထားသည့်အတိုင်းအမှုတွင်တရားမျှတမှုဖြစ်စေရန်လိုအပ်သည့်အမိန့်ကိုချမှတ်ခွင့်ရှိရမည်သာဖြစ်သည်။
သို့ဖြစ်၍၎င်းပုဒ်မ၁၅၁ပါအာဏာကိုတရားရုံးတွင်ရှိမြဲရှိသည့်အခွင့်အာဏာဟုရည်ညွှန်းထားခြင်းဖြစ်သည်။
တရားရုံး၏အာဏာကိုအကုန်အစင်ပြဌာန်းနိုင်မည်ဟုမျှော်လင့်နိုင်မည်မဟုတ်၍၊တရားမျှတမှုဖြစ်စိမ့်သောငှါထိုအခွင့်အာဏာရှိရစမြဲဖြစ်သည်။
1998 BLR 177 ( F B )အမှုတွင်အထူးအယူခံဝင်ခွင့်ပြုရန်တင်သွင်းသောလျှောက်လွှာသည်ရပ်စဲသွားသည်ဖြစ်၍၊အထူးအယူခံဝင်ခွင့်ပြုကြောင်းချမှတ်သည့်အမိန့်သည်၊စီရင်ပိုင်ခွင့်အာဏာမရှိဘဲချမှတ်သောအမိိန့်ဖြစ်၍အတည်မဖြစ်နိုင်။
တရားမအထွေထွေလျှောက်လွှာ(အထူး)မှုခင်းမှလျှောက်ထားသူကအမှုရပ်စဲသည့်အမိန့်ကိုအမိန့်၂၂၊နည်း၉( ၂ )အရပယ်ဖျက်ပြီး၊လျှောက်ထားခံရသူ၏နေရာတွင်၎င်း၏တရားဝင်ကိုယ်စားလှယ်ကိုထည့်သွင်းပြီးလျှောက်လွှာကိုပြန်လည်ကြားနာအဆုံးအဖြတ်ပေးရန်လျှောက်ထားနိုင်သည်။
အထူးအယူခံဝင်ခွင့်ပြုကြောင်းထပ်မံအမိန့်ချမှတ်လျှင်ဖွင့်ထားပြီးသောအထူးအယူခံမှုကိုဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်။
သို့မဟုတ်မှားယွင်းဖွင့်မိသောအထူးအယူခံမှုကိုပိတ်၍၊အထူးအယူခံမှုအသစ်ဖွင့်လှစ်ဆောင်ရွက်ခြင်းကပို၍သင့်မြတ်သည်။
Comments
Post a Comment