2003 BLR 258 ( D B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


2003 BLR 258 ( D B )


ဦးအမ်အစ္စလမ်း နှင့် ဦးဟေမာလ်( ခ )ဦးသန်းထွန်းအောင်ပါ၂


တရားရုံးချုပ်တရားသူကြီးဦးစိန်လှိုင်နှင့်ဦးသက်ထွန်းတို့၏ရှေ့တွင်


အမှုဖြစ်စဉ်အကျဉ်းချုပ်မှာအောက်ပါအတိုင်းဖြစ်သည်-


ပြင်ဦးလွင်ခရိုင်တရားရုံးတွင်ဦးအမ်အစ္စလမ်း(၎င်း၏အခွင့်ရကိုယ်စားလှယ်ဦးမိုဟာမက်ခါလစ်)မှဦးဟေမာလ်( ခ )ဦးသန်းထွန်းအောင်အပေါ်အရောင်းအဝယ်ကတိပဋိညာဉ်ကိုဖျက်သိမ်းပြီးထွက်ခွါသွားစေလိုမှုစွဲဆိုခဲ့ရာပလပ်ခြင်းခံရသည်။


ထိုဒီကရီအပေါ်ဦးအမ်အစ္စလမ်းကမန္တလေးတိုင်းတရားရုံးသို့အယူခံတင်သွင်းရာပလပ်ခြင်းခံရသည်။


ဦးအမ်အစ္စလမ်းကတရားရုံးချုပ်(မန္တလေးရုံးထိုင်)သို့ဒုတိယအယူခံဆက်လက်ဝင်ရောက်သော်လည်းပလပ်ခြင်းခံရသည်။


ထိုစီရင်ချက်နှင့်ဒီကရီအပေါ်ဦးအမ်အစ္စလမ်းကတရားမအထွေထွေလျှောက်လွှာ(အထူး)ကိုတင်သွင်းခဲ့ရာ၊တရားရုံးချုပ်(မန္တလေးရုံးထိုင်)၏တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၁၂၅/၂၀၀၂အဖြစ်လက်ခံခဲ့သည်။


အလားတူပင်ပြင်ဦးလွင်ခရိုင်တရားရုံးတွင်ဦးဟေမာလ်(ခေါ်)ဦးသန်းထွန်းအောင်ကဦးအမ်အစ္စလမ်းအပေါ်ပဋိညာဉ်အတိုင်းဆောင်ရွက်စေလိုမှုစွဲဆိုခဲ့ရာအနိုင်ဒီကရီချမှတ်ခဲ့သည်။


ဦးအမ်အစ္စလမ်းကထိုဒီကရီကိုမန္တလေးတိုင်းတရားရုံးသို့အယူခံဝင်ရောက်သော်လည်းပလပ်ခံရသည်။


ဦးအမ်အစ္စလမ်းကတရားရုံးချုပ်(မန္တလေးရုံးထိုင်)သို့ဆက်လက်အယူခံဝင်ရောက်သော်လည်းပလပ်ခံရပြန်သည်။


ထိုစီရင်ချက်နှင့်ဒီကရီအပေါ်ဦးအမ်အစ္စလမ်းကတရားမအထွေထွေလျှောက်လွှာ(အထူး)ကိုတင်သွင်းခဲ့ရာ၊တရားရုံးချုပ်(မန္တလေးရုံးထိုင်)၏တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၁၂၆/၂၀၀၂အဖြစ်လက်ခံခဲ့သည်။


စီရင်ထုံးစာမျက်နှာ၂၆၀နှင့်၂၆၁တွင်နှစ်ဦးထိုင်တရားသူကြီးကအောက်ပါအတိုင်းသုံးသပ်သည်-


“လျှောက်ထားသူ၏ရှေ့နေကလျှောက်ထားခံရသူဘက်ကလျှောက်ထားခံရသူကိုယ်စားအမှုတွင်ပါဝင်ရန်တင်သွင်းသောပုဂ္ဂိုလ်များမှာကွယ်လွန်သူ၏တရားဝင်ကိုယ်စားလှယ်မဟုတ်ဟုမငြင်းဆိုကြောင်း၊”ဦးသက်ပြင်း နှင့် ဒေါ်တုတ်တုတ်”အမှု(၁၉၇၁ မတစ ၂၆)အရ၊အယူခံမှုမစွဲဆိုမီသေဆုံးသူအပေါ်အယူခံမှုစွဲဆိုခြင်းသည်တရားမကျင့်ထုံးဥပဒေအမိိန့်၂၂နှင့်အကျုံးမဝင်သဖြင့်အမှုရပ်စဲခြင်းမရှိကြောင်း၊ထိုစီရင်ထုံးအရသေဆုံးသူ၏နေရာတွင်ယခုတင်သွင်းသောတရားဝင်ကိုယ်စားလှယ်များကိုတရားမကျင့်ထုံးဥပဒေအမိန့်၁၊နည်း၁၀( ၂ )အရမှန်အောင်ပြင်၍ထည့်သွင်းနိုင်ကြောင်းလျှောက်လဲတင်ပြသည်။”


ထို့အတူစီရင်ထုံးစာမျက်နှာ၂၆၁၊တတိယအပိုဒ်တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“ဤတရားမအထွေထွေလျှောက်လွှာ(အထူး)မှုများကိုလျှောက်ထားစဉ်ကအမိန့်ချမှတ်ပြီးနောက်မိတ္တူကူးသည့်ရက်များကိုထုတ်နုတ်လျှင်၊တရားရုံးချုပ်တရားမအယူခံမှုအမိန့်ချမှတ်ပြီးနောက်ရက်ပေါင်း(၁၇၀)အတွင်း[သက်ဆိုင်ရာအမှုများ၏၂၂-၁၀-၂၀၀၂ရက်စွဲပါနေ့စဉ်မှတ်တမ်းအရ]လျှောက်ထားခြင်းဖြစ်၍ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းမရှိသေးပေ။”


စီရင်ထုံးစာမျက်နှာ၂၆၂၊ဒုတိယအပိုဒ်တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“တရားမအထွေထွေလျှောက်လွှာ(အထူး)အမှုများတွင်လျှောက်ထားခံရသူဦးဟေမာလ်(ခေါ်)ဦးသန်းထွန်းအောင်သည်၁၃-၁၀-၂၀၀၂နေ့တွင်သေဆုံးကြောင်းလျှောက်ထားသူဘက်ကတင်ပြသည့်တရားဝင်ကိုယ်စားလှယ်လျှောက်ထားလွှာအရတွေ့ရသည်။တရားမအထွေထွေလျှောက်လွှာ(အထူး)အမှုများကို၂၂-၁၀-၂၀၀၂နေ့တွင်မှလျှောက်ထားခြင်းဖြစ်ရာ၊လျှောက်ထားခံရသူသေဆုံးပြီးမှလျှောက်ထားခံရသူအပေါ်အမှုစွဲဆိုလျှောက်ထားခြင်းဖြစ်ကြောင်းမှာပေါ်ပေါက်သည်။”


တရားရုံးချုပ်(မန္တလေးရုံးထိုင်)ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ထို့ကြောင့်ဤတရားမအထွေထွေလျှောက်လွှာ(အထူး)အမှုများကိုလက်ခံဆောင်ရွက်ရန်အကြောင်းမရှိတော့သဖြင့်ပလပ်လိုက်ကြောင်းအမိန့်ချမှတ်သည်။”


အယူခံလွှာတင်ပြီးမှတဦးတည်းသောအယူခံတရားပြိုင်သေဆုံးကြောင်းသိရလျှင်၊သေသူ၏အခွင့်အရေးကိုဆက်ခံသူများအပေါ်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၆တွင်ခွင့်ပြုထားသည့်အတိုင်းအယူခံလွှာအသစ်တင်ရန်ဖြစ်သည်။


ကာလစည်းကမ်းသတ်ကျော်လျှင်ကာလစည်းကမ်းသတ်ကျော်ရခြင်းအတွက်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၅တွင်အကျုံးဝင်သောလုံလောက်သောအကြောင်းရှိကြောင်းကျမ်းကျိန်လွှာတင်သွင်းလျှောက်ထားရန်ဖြစ်သည်။


တရားလွှတ်တော်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တွင်တင်သွင်းသောအယူခံမှုများ၌လည်းအလားတူဆောင်ရွက်ရန်ဖြစ်သည်။


သေသူအပေါ်အယူခံတင်မိသည့်ကိစ္စတွင်ဆိုင်ရာရှေ့နေ၌တာဝန်ရှိသည်ကိုသတိချပ်အပ်သည်။


တဦးတည်းသောအယူခံတရားပြိုင်ကွယ်လွန်ပြီးဖြစ်၍၎င်း၏အမွေစားအမွေခံများအပေါ်အယူခံတင်သွင်းခြင်းသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၆တွင်အကျုံးဝင်သည်။


1990 BLR 34 ( F B )


ဒေါ်တင်ကြည် နှင့် ဦးစန်းမြင့်ပါ၂


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးအေးအုန်း၊ဦးကျော်တင့်နှင့်ဦးမျိုးထွန်းလင်း၊ဦးကျော်ဝင်းတို့ရှေ့တွင်


စီရင်ထုံးကိုကြည့်ပါ။


အယူခံလွှာကိုအယူခံတရားပြိုင်များအပေါ်တွင်တင်သွင်းရာ၌၊တဦးမှာကွယ်လွန်ပြီးဖြစ်စေကာမူ၊အယူခံမှာမူတရားဝင်သည်။


၎င်း၏နေရာတွင်တရားဝင်ကိုယ်စားလှယ်များကိုအမှုသည်များအဖြစ်ထည့်သွင်းပေးရန်တရားမကျင့်ထုံးဥပဒေအမိန့်၁၊နည်း၁၀( ၂ )နှင့်ပုဒ်မ၁၀၇( ၂ )အရလျှောက်ထားရန်ဖြစ်သည်။


အမိန့်၂၂၊နည်း၄( ၂ )အရလျှောက်ထားရန်မဟုတ်။


အကြောင်းမူအယူခံမှုတင်သွင်းထားဆဲ၌အမှုသည်သေဆုံးခြင်းမဟုတ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]