တရားဝင်သောအယူခံမှုများ၊ဒီကရီမိတ္တူမတင်မိခြင်း။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားဝင်သောအယူခံမှုများ


—————————————-


ဒီကရီမိတ္တူမတင်မိခြင်း


——————————————


ဇာတ်များ၊အငြိမ့်များကပြသောဇာတ်ခုံခိုင်ပါမှအငြိမ့်ကိုကပြနိုင်သည်။


ထိုနည်းတူအယူခံတရားဝင်(competent)ပါမှ၊အယူခံကိုကြားနာခွင့်ရနိုင်သည်။


အယူခံတရားမဝင်( incompetent )လျှင်၊အယူခံကိုအမှုသွားအမှုလာအရဆုံးဖြတ်ရန်မလိုတော့။


1962 BLR ( C C )152စီရင်ထုံးသည်သာဓကဖြစ်သည်။


1962 BLR ( C C )152အမှုမှာပထမအယူခံမှုဖြစ်သည်။


————————————————-


1962 BLR ( C C )152


ဗွီ၊အိုင်၊အီး၊အိုင်စမိုလမ်စကဂျာ နှင့် အီဘရာဟင်ရန်းကုမ္ပဏီလီမိတက်


တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစံမောင်တို့ရှေ့မှောက်တွင်


အမှုတွင်စီရင်ထုံးစာမျက်နှာ၁၅၃၌”ထို့နောက်၁၉၅၉ခုနှစ်၊ဩဂုတ်လ၁၂နေ့၌ယင်းကုန်တိုက်၏ရှေ့နေကြီးများကအယူခံလွှာတင်သွင်းပြီးလိုအပ်သောဒီကရီမိတ္တူကိုနောက်မှတင်သွင်းပါမည်ဟုဝန်ခံကတိပြုကြ၏။၁၉၅၉ခုနှစ်၊စက်တင်ဘာလ၁၈ရက်နေ့ကျမှသာလျှင်လိုအပ်သောဒီကရီမိတ္တူကိုတင်သွင်းသည်ဟုအယူခံမှုနေ့စဉ်မှတ်တမ်းတွင်ဖော်ပြထားသည်ကိုတွေ့ရသည်”ဟုဖော်ပြပြီးနောက်၊တရားရုံးချုပ်က”တရားမကျင့်ထုံးအမိန့်၄၁၊နည်း၁တွင်အတိအလင်းပြဌာန်းထားသည်မှာအယူခံတင်သွင်းရာ၌အယူခံလွှာနှင့်အတူအယူခံသောဒီကရီမိတ္တူနှင့်စီရင်ချက်မိတ္တူကိုပူးတွဲတင်ပြရမည်ဖြစ်သည်။စီရင်ချက်မိတ္တူကိုမူကားအယူခံရုံးတော်ကခွင့်ပြုလျှင်တင်သွင်းခြင်းမပြုဘဲနေနိုင်သည်။သို့သော်ဒီကရီမိတ္တူကိုအယူခံလွှာနှင့်အတူတင်သွင်းရမည်ဖြစ်သည်။ယင်းသို့ဒီကရီမိတ္တူနှင့်ပူးတွဲ၍အယူခံလွှာကိုတင်သွင်းခြင်းမပြုလျှင်ထိုအယူခံသည်တရားဝင်သောအယူခံမဟုတ်ချေ။”ဟုထုံးဖွဲ့သည်။


စီရင်ထုံးစာမျက်နှာ၁၅၄၌”ထို့ကြောင့်ဤအမှုတွင်အယူခံတရားလိုကုန်တိုက်သည်၁၉၅၉ခုနှစ်၊စက်တင်ဘာလ၁၈ရက်နေ့ကျရောက်မှသာလျှင်တရားဝင်သောအယူခံတင်သွင်းသည်ဟုဆုံးဖြတ်ရမည်ဖြစ်သည်”ဟုဆက်လက်သုံးသပ်သည်။


ဒီကရီမိတ္တူတင်သွင်းသောအခါအယူခံမှုမှာကာလစည်းကမ်းသတ်ကျော်နေကြောင်းညွှန်ပြကာ၊ခုံရုံးကစီရင်ချက်စာမျက်နှာ၁၅၄တွင်”ထို့ကြောင့်ယခုအယူခံမှုအားကာလစည်းကမ်းသတ်ကျော်လွန်ပြီးတင်သွင်းသည်ဖြစ်၍ပယ်ရမည်ဖြစ်သည်”ဟုဆုံးဖြတ်သည်။


အယူခံတရားလို၏ရှေ့နေသည်ဝါရင့်ရှေ့နေကြီးဒေါက်တာဘဟန်ဖြစ်သည်။


အယူခံလွှာကိုတရားရုံးချုပ်၌၎င်းကိုယ်တိုင်တင်သွင်းခြင်းဟုတ်မဟုတ်မသိရချေ။


၎င်းအမှု၌ဒေါက်တာဘဟန်နှင့်ပူးတွဲရှေ့နေလိုက်သောဦးညွန့်ဟန်၊တင်သွင်းခြင်းဖြစ်နိုင်သည်။


——————————————


1971 BLR  121


ဦးဘိုးစိန်ပါ၆ နှင့် မောင်အေး(ခေါ်)အင်အင်ကီး


တရားသူကြီးဦးသက်ဖေနှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၂၂တွင်၊တရားသူကြီးဦးသက်ဖေကအောက်ပါအတိုင်းသုံးသပ်သည်-


“ရန်ကုန်မြို့တရားမရုံးတွင်အယူခံတရားလိုတို့ကအယူခံတရားပြိုင်အပေါ်အိမ်လခကြွေးငွေ၁၂၆၀ကျပ်ရလိုကြောင်းစွဲဆိုရာစွဲဆိုသောအမှုကိုတရားစရိတ်နှင့်တကွပယ်လိုက်သည်။


ထိုသို့ပယ်လိုက်သောဒီကရီကိုအယူခံတရားလိုတို့ကမကျေနပ်သဖြင့်ဤအယူခံမှုကိုတင်သွင်းလာရာ၊အယူခံတရားပြိုင်ကအယူခံသည်ကာလစည်းကမ်းသတ်အချိန်ကျော်လွန်နေ၍လက်မခံသင့်ကြောင်းတင်ပြလာသောကြောင့်ဤစီရင်ချက်ကိုချမှတ်ရခြင်းဖြစ်သည်။


တရားမကျင့်ထုံးအမိန့်၄၁၊နည်းဥပဒေ၁အရ၊တရားမရုံး၏ဒီကရီတခုခုကိုအယူခံဝင်လျင်အယူခံလွှာနှင့်အတူအယူခံသောဒီကရီ၏မိတ္တူနှင့်စီရင်ချက်မိတ္တူတို့ကိုပူးတွဲ၍တင်သွင်းရမည်။


စီရင်ချက်မိတ္တူကိုအယူခံရုံးကခွင့်ပြုပါကတင်သွင်းခြင်းမပြုဘဲနေနိုင်သည်။


ဒီကရီမိတ္တူကိုမူကားတင်သွင်းခြင်းမပြုဘဲနေ၍မရချေ။


ဒီကရီမိတ္တူမပါဘဲအယူခံလွှာတင်သွင်းလျင်ထိုအယူခံသည်တရားဝင်သောအယူခံမဟုတ်ချေ။


ထိုအတိုင်းပင်ဗွီ၊အိုင်၊အီး၊အိုင်စမိုလမ်စကဂျာ နှင့် အီဗရာဟင်ရန်းကုမ္ပဏီလီမီတက်၊၁၉၆၂၊မြန်မာပြည်စီရင်ထုံး၊၁၅၂(တရားရုံးချုပ်)။တို့အမှုတွင်ဆုံးဖြတ်ထားပြီးဖြစ်သည်။”


နိုင်ငံတော်တရားရုံးချုပ်က၊အောက်ပါအတိုင်းထပ်မံဆုံးဖြတ်သည်-


“ထပ်မံဆုံးဖြတ်ချက်။   ။ရန်ကုန်မြို့၊တရားမရုံးအက်ဥပဒေပုဒ်မ၂၄အရ၊ထိုရုံးမှချမှတ်သောဒီကရီကိုတလအတွင်းအယူခံဝင်ရမည်ဖြစ်သည်။ဒီကရီကိုမည်သည့်နေ့ရက်၌ပင်ရေးဆွဲစေကာမူစီရင်ချက်ချမှတ်သည့်နေ့မှစ၍ကာလစည်းကမ်းသတ်အချိန်ကိုစတင်ရေတွက်ရမည်။ဒီကရီရေးဆွဲခြင်းမပြုရသေးသည့်အကြောင်းကြောင့်ဒီကရီမိတ္တူကိုကူးပေးရန်မလျှောက်ထားပဲနေ၍မရချေ။လျှောက်ထားခြင်းမပြု၍ကာလစည်းကမ်းသတ်အချိန်ကျော်လွန်လျှင်ပျက်ကွက်သူ၏တာဝန်သာဖြစ်သည်။မောင်ဘိုးကျော် နှင့် မလေး၊အတွဲ၇၊ရန်ကုန်၁၈၊မောင်ဘော်ဖြူ နှင့် မောင်ရန်ရှင်း၊၁၉၃၉၊ရန်ကုန်စီရင်ထုံး၊၆၈၆ကိုလိုက်နာသည်။”


————————————


1984 BLR 225 


ဒေါ်အေးလင်း နှင့် ဒေါ်ရွှေရင်


ဥက္ကဌအဖြစ်ဦးအေးမောင်၊အဖွဲ့ဝင်များအဖြစ်ဦးထွန်းရှိန်နှင့်ဦးလှဘုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


အမှုတွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၁-အယူခံဝင်ရာ၌အယူခံလွှာနှင့်အတူဒီကရီ၏မိတ္တူကိုပူးတွဲတင်သွင်းရန်လိုခြင်း။


ဆုံးဖြတ်ချက်။   ။ရှမ်းပြည်နယ်တရားရုံး၌တင်သွင်းသည့်အယူခံလွှာတွင်မြို့နယ်တရားရုံး၏ဆုံးဖြတ်ချက်မိတ္တူမှန်ပူးတွဲပါရှိသော်လည်းဒီကရီမိတ္တူပူးတွဲတင်သွင်းထားခြင်းမရှိသည်ကိုတွေ့ရသည်။သို့သော်တရားမကျင့်ထုံးအမိန့်၄၁၊နည်း၁အရတရားမရုံး၏ဒီကရီတခုခုကိုအယူခံဝင်လျှင်အယူခံလွှာနှင့်အတူအယူခံသောစီရင်ချက်နှင့်ဒီကရီ၏မိတ္တူတို့ကိုပူးတွဲ၍တင်သွင်းရမည်။စီရင်ချက်မိတ္တူကိုအယူခံရုံးကခွင့်ပြုပါကတင်သွင်းခြင်းမပြုပဲနေနိုင်သော်လည်းဒီကရီမိတ္တူကိုမူကားတင်သွင်းခြင်းမပြုပဲနေ၍မရချေ။”


1962 BLR ( C C ) 152 ၊ 1971 BLR 121 နှင့် 1984 BLR 225 စီရင်ထုံးသုံးရပ်ကိုပူးတွဲလေ့လာမှတ်သားထားရန်လိုအပ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]