တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)နှင့်ပုဒ်မ၉၆
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကျင့်ထုံးဥပဒေပုဒ်မ၂( ၂ )နှင့်ပုဒ်မ၉၆( ၁ )
ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍အမှုကိုပလပ်လိုက်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂( ၂ )တွင်အကျုံးဝင်သောဒီကရီဖြစ်သည်။
ထိုဒီကရီအပေါ်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆( ၁ )အရအယူခံဝင်ခွင့်မရှိ။
1983 BLR 48
ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်းပါ၂
ဥက္ကဌအဖြစ်ဦးမြကျော်၊အဖွဲ့ဝင်များအဖြစ်ဦးမွန်စံလှိုင်နှင့်ဦးသန့်စင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
အမှုတွင်၊ဒေါ်ထိုက်ကဦးပေါ်ထွန်းနှင့်ဒေါ်ချစ်မြတို့အပေါ်အိမ်ကိုဖျက်၍ထွက်သွားစေလိုကြောင်းဖြင့်မြို့နယ်တရားရုံးတွင်တရားစွဲဆိုသည်။
မြို့နယ်တရားရုံးကပဏာမငြင်းချက်သုံးရပ်ထုတ်နုတ်ကြားနာပြီးနောက်၊ငြင်းချက်များကိုဒေါ်ထိုက်အားအသာပေးဆုံးဖြတ်သည်။
အဆိုပါအမိန့်ကိုဦးပေါ်ထွန်းကမကျေနပ်သဖြင့်တိုင်းတရားရုံးတွင်ပြင်ဆင်မှုလျှောက်ထားရာ၊ဒေါ်ထိုက်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်နေပြီဟုကောက်ယူကာ၊ဒေါ်ထိုက်စွဲဆိုသောအမှုကိုပလပ်လိုက်သောကြောင့်၊ဒေါ်ထိုက်ကဗဟိုတရားရုံးတွင်ပြင်ဆင်မှုကိုလျှောက်ထားသည်။
စီရင်ထုံးစာမျက်နှာ၄၉နှင့်၅၀တွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းသုံးသပ်သည်-
“ဤပြင်ဆင်မှုတွင်လျှောက်ထားခံရသူတို့၏အကျိုးဆောင်ကတိုင်းတရားရုံးကချမှတ်သောအမိန့်သည်ဒီကရီဖြစ်သဖြင့်၊လျှောက်ထားသူသည်ထိုဒီကရီကိုအယူခံဝင်ရောက်ရမည်ဖြစ်ကြောင်း၊သို့ဖြစ်ရာပြင်ဆင်မှုလျှောက်ထားခြင်းကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅အရလက်ခံခွင့်မရှိကြောင်းဖြင့်ပဏာမကန့်ကွက်တင်ပြသည်။ယင်းကန့်ကွက်ချက်နှင့်စပ်လျဉ်း၍လျှောက်ထားသူ၏အကျိုးဆောင်ကတစုံတရာဖြေကြားခြင်းမပြုပေ။
တိုင်းတရားရုံးကဒေါ်ထိုက်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုကောက်ယူကာလျှောက်ထားခံရသူဦးပေါ်ထွန်းအားအနိုင်ပေးလိုက်သည်ဖြစ်၍တိုင်းတရားရုံး၏အမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂( ၂ )တွင်အကျုံးဝင်သောဒီကရီဖြစ်ပေသည်။တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆( ၁ )တွင်တရားရုံးတရုံးရုံးကမူလစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သောဒီကရီအရပ်ရပ်ကိုအယူခံဝင်ခွင့်ရှိသည်ဟုပြဌာန်းထားသည်။ဤအမှုတွင်တိုင်းတရားရုံးကချမှတ်သောအမိန့်မှာအထက်တွင်ဖော်ပြထားသည့်အတိုင်းဒီကရီဖြစ်သော်လည်းပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သောဒီကရီဖြစ်သဖြင့်ပုဒ်မ၉၆( ၁ )အရအယူခံဝင်ခွင့်ရှိသည်ဟုမဆိုနိုင်ပေ။အယူခံဝင်ခွင့်မရှိသောအမိန့်ကိုပြင်ဆင်မှုလျှောက်ထားနိုင်ကြောင်းတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅တွင်ပြဌာန်းထားသည်။”
စီရင်ထုံးစာမျက်နှာ၅၀တွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“တိုင်းတရားရုံးသည်ယင်းငြင်းချက်များနှင့်စပ်လျဉ်း၍ငြင်းချက်အမှတ်(၁)နှင့်(၂)တို့မှာဦးပေါ်ထွန်းတို့နှင့်တိုက်ရိုက်ဆက်စပ်ခြင်းမရှိပဲငြင်းချက်အမှတ်(၃)အရဒေါ်ထိုက်ကအမှုကိုစွဲဆိုနိုင်ခြင်းဆိုသည်မှာမမှန်ကြောင်းသုံးသပ်သည်။သို့သော်အကြောင်းတစုံတရာမပြချေ။ထို့ပြင်ဒေါ်ထိုက်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုကောက်ယူဆုံးဖြတ်ခဲ့သည်။အမှုတွင်အဆိုအချေများ၌ကာလစည်းကမ်းသတ်နှင့်စပ်လျဉ်း၍အငြင်းပွါးမှုတစုံတရာမရှိခဲ့သည့်အလျောက်မြို့နယ်တရားရုံးကယင်းပြဿနာနှင့်စပ်လျဉ်း၍ငြင်းချက်ထုတ်နုတ်ထားခြင်းမရှိသည်ကိုတွေ့ရသည်။
အထက်ဖော်ပြပါငြင်းချက်သုံးရပ်နှင့်စပ်လျဉ်း၍မြို့နယ်တရားရုံးကချမှတ်သောအမိန့်ကိုမကျေနပ်သဖြင့်ဦးပေါ်ထွန်းတို့ကတင်သွင်းသောပြင်ဆင်မှုတွင်တိုင်းတရားရုံးသည်မြို့နယ်တရားရုံး၏အမိန့်မှန်၊မမှန်စိစစ်ရန်သာဖြစ်ပါလျက်အမှုတွင်အငြင်းမပွါးသည့်ပြဿနာတရပ်ကိုဖော်ထုတ်ကာဒေါ်ထိုက်၏အမှုကိုပလပ်လိုက်ခြင်းမှာတိုင်းတရားရုံး၏စီရင်ပိုင်ခွင့်ဘောင်ကိုကျော်လွန်အဆုံးအဖြတ်ပြုရာရောက်သည်။”
ဗဟိုတရားစီရင်ရေးအဖွဲ့သည်”စကားမကျွံရန်”သတိပြုသုံးသပ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၅၁ပါအောက်ပါသုံးသပ်ချက်အရထင်ရှားသည်-
“အထက်တွင်သုံးသပ်ခဲ့သည့်အတိုင်းတိုင်းတရားရုံးသည်ငြင်းချက်သုံးရပ်နှင့်စပ်လျဉ်း၍ကောင်းစွာစိစစ်သုံးသပ်ခြင်းမပြုခဲ့ကြောင်းပေါ်ပေါက်နေသည်ဖြစ်ရာ၊ယင်းပြဿနာများကိုအဆုံးအဖြတ်ပြုရန်အမှုကိုတိုင်းတရားရုံးသို့ပြန်လည်ပေးပို့ရမည်ဖြစ်သည့်အလျောက်၊ဗဟိုတရားရုံးအနေဖြင့်ငြင်းချက်များနှင့်စပ်လျဉ်း၍တစုံတရာဝေဖန်သုံးသပ်ရန်မသင့်ပေ။”
————————————
ပြင်ဆင်မှုစီရင်ပိုင်ခွင့်အရချမှတ်သောဒီကရီကိုအယူခံဝင်ရမည်ဟုတရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းမထားချေ။
1984 BLR 317
ဒေါ်သိန်းခင် နှင့် ဦးအောင်ကို
ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးတင်အောင်နှင့်ဦးမြကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
အမှုတွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကစီရင်ထုံးစာမျက်နှာ၃၁၈တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“လျှောက်ထားခံရသူ၏ရှေ့နေကတိုင်းတရားရုံးသည်ဒေါ်သိန်းခင်၏အမှုကိုပလပ်လိုက်သောအမိန့်မှာဒီကရီဖြစ်သောကြောင့်အယူခံဝင်ရမည်ဖြစ်၍ပြင်ဆင်မှုလျှောက်ထားခြင်းမှာမှားယွင်းကြောင်းလျှောက်ထားသည်။တိုင်းတရားရုံး၏အမိန့်သည်ဒီကရီဖြစ်သည်မှာအငြင်းမပွါးချေ။မူလမှုဆိုင်ရာစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍ချမှတ်သောဒီကရီကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရအယူခံဝင်နိုင်သည်။ထိုနည်းတူအယူခံတွင်ချမှတ်သောဒီကရီကိုအဆိုပါဥပဒေပုဒ်မ၁၀၀အရအယူခံဝင်နိုင်သည်။သို့ရာတွင်ပြင်ဆင်မှုဆိုင်ရာစီရင်ပိုင်ခွင့်အရချမှတ်သောဒီကရီကိုအယူခံဝင်ရမည်ဟုတရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားခြင်းမရှိချေ။”
ထို့ကြောင့် 1983 BLR 48 စီရင်ထုံးနှင့် 1984 BLR 317 စီရင်ထုံးနှစ်ရပ်အားပူးတွဲမှတ်သားထားရန်ဖြစ်သည်။
Comments
Post a Comment