မသမာစိတ်ဖြင့်မှားယွင်းစွာတရားစွဲဆိုသည့်အတွက်အထွေထွေလျော်ကြေးငွေရလိုမှု။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“မသမာစိတ်ဖြင့်မှားယွင်းစွာတရားစွဲဆိုသည့်အတွက်အထွေထွေလျော်ကြေးငွေရလိုမှု”
ခရိုင်တရားရုံးတွင် A က B အပေါ်”မသမာစိတ်ဖြင့်မှားယွင်းစွာတရားစွဲဆိုသည့်အတွက်အထွေထွေလျော်ကြေးငွေကျပ်သိန်း၅၀၀ရလိုမှု”စွဲဆိုခဲ့ရာအမှုအားပလပ်ခဲ့သည်။
A ကခရိုင်တရားရုံး၏ဒီကရီအပေါ်တိုင်းဒေသကြီးတရားလွှတ်တော်သို့အယူခံဝင်ရောက်ခဲ့ရာ၊ခရိုင်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီး၊ B သည် A သို့အထွေထွေလျော်ကြေးငွေကျပ်သိန်း၅၀ပေးစေရန်ဒီကရီချမှတ်ခဲ့သဖြင့်၊ B ကပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံတင်သွင်းသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က B တင်သွင်းသောအယူခံတွင်အောက်ပါအတိုင်းသုံးသပ်သည်-
“မူလမှုတရားပြိုင် B အနေဖြင့်ငွေကျပ်သိန်း၅၀ဒီကရီချမှတ်ခံရသည့်အတွက်အယူခံဝင်ရာ၌၊ရုံးခွန်အက်ဥပဒေဇယား၁၊စာတိုင်၂ပါ”The value of the subject matter in dispute”(အချင်းဖြစ်ငွေသို့မဟုတ်အချင်းဖြစ်အကြောင်းအရာ၏တန်ဖိုး)သည်ကျပ်သိန်း၅၀သာဖြစ်ပေသည်။
တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်းဥပဒေ၁( ၂ )( ဂ )( ၂ )တွင်စီရင်ပိုင်ခွင့်အာဏာအလို့ငှါအယူခံမှု၏တန်ဖိုးကိုအယူခံလွှာ၌ဖော်ပြရန်ပြဌာန်းထားခြင်းကိုထောက်ချင့်ပါကအယူခံမှု၏တန်ဖိုးသည်မူလမှုတန်ဖိုးနှင့်ကွဲပြားနိုင်သည်ကိုဥပဒေပြုအဖွဲ့ကသိရှိခြင်းကြောင့်ဖြစ်ပေသည်။
သို့ဖြစ်၍ယခုအမှုတွင်အချင်းဖြစ်အကြောင်းအရာ၏အမှုတန်ဖိုးသို့မဟုတ်အငြင်းပွါးသောအမှုတန်ဖိုးသည်၊မူလမှုအမှုတန်ဖိုးကျပ်သိန်း၅၀၀မဟုတ်ဘဲကျပ်သိန်း၅၀ဖြစ်သည်မှာမြင်သာသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀၏ပထမစာပိုဒ်တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
“ပုဒ်မ၁၀၉ပါအပိုဒ်(က)နှင့်အပိုဒ်(ခ)တို့တွင်ဖော်ပြပါရှိသောကိစ္စအသီးသီးတွင်မူလတရားရုံးအမှု၏တန်ဖိုးသည်ငွေကျပ်သိန်း၁၀၀နှင့်အထက်ဖြစ်ရမည်။ထို့ပြင်တရားလွှတ်တော်ချုပ်သို့အယူခံဝင်သောအမှုတွင်အငြင်းပွါးသောအမှုတန်ဖိုးသည်လည်းကျပ်သိန်း၁၀၀နှင့်အထက်ပင်ဖြစ်ရမည်။”
အထက်ပါတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀၏ပထမစာပိုဒ်တွင်”မူလတရားရုံးအမှု၏တန်ဖိုး”နှင့်”တရားလွှတ်တော်ချုပ်သို့အယူခံဝင်သောအမှုတွင်အငြင်းပွါးသောအမှုတန်ဖိုး”ဟူ၍နှစ်မျိုးခွဲခြားသတ်မှတ်ပြဌာန်းထားသည်ကိုတွေ့ရပေသည်။
တိုင်းဒေသကြီးတရားလွှတ်တော်က၊ A စွဲဆိုသောအထွေထွေလျော်ကြေးကျပ်သိန်း၅၀၀အပေါ်ဒီကရီချမှတ်ပေးခဲ့ခြင်းမရှိဘဲ၊အထွေထွေလျော်ကြေးကျပ်သိန်း၅၀ကိုသာပေးစေရန်ဒီကရီချမှတ်ခဲ့ခြင်းဖြစ်ပေရာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀ပထမစာပိုဒ်၏ဒုတိယဝါကျပါတရားလွှတ်တော်ချုပ်သို့အယူခံဝင်သောအမှုတွင်အငြင်းပွါးသောအမှုတန်ဖိုးသည်ကျပ်သိန်း၅၀၀မဟုတ်ဘဲကျပ်သိန်း၅၀ဖြစ်သည်မှာယုံမှားဖွယ်မရှိပေ။
ထို့ကြောင့်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀ပထမစာပိုဒ်ပါဒုတိယဝါကျပါပြဌာန်းချက်နှင့်ရုံးခွန်အက်ဥပဒေဇယား၁၊စာတိုင်၂ပါပြဌာန်းချက်တို့ကိုတွဲဖက်၍ဆင်ခြင်ပါကယခုအမှုတွင်အငြင်းပွါးသောအမှုတန်ဖိုးသို့မဟုတ်အချင်းဖြစ်အကြောင်းအရာ၏တန်ဖိုးမှာကျပ်သိန်း၅၀သာဖြစ်သည်မှာပေါ်လွင်ထင်ရှားသည်။
အထက်ဖော်ပြပါတရားမကျင့်ထုံးဥပဒေ၏ပထမစာပိုဒ်ပါပြဌာန်းချက်အရအငြင်းပွါးသောအမှုတန်ဖိုးသည်ကျပ်သိန်း၁၀၀နှင့်အထက်ဖြစ်မှသာပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံဝင်ခွင့်ရှိမည်ဖြစ်ပေရာ၊ယခုအမှုတွင်အငြင်းပွါးသောအမှုတန်ဖိုးသည်ငွေကျပ်သိန်း၅၀သာဖြစ်သဖြင့်၊ပုဒ်မ၁၁၀ပါပြဌာန်းချက်အရအယူခံဝင်ခွင့်ရှိမည်မဟုတ်ပေ။”
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“အယူခံတရားလိုအနေဖြင့်အယူခံဝင်ခွင့်မရှိသောအမှုကိုအယူခံမှုတင်သွင်းလာခြင်းဖြစ်သဖြင့်၊ဤအယူခံကိုပလပ်ရန်သာရှိပေသည်။
ထို့ကြောင့်ဤတရားမအယူခံမှုကိုပလပ်လိုက်သည်။
စရိတ်ခွင့်မပြု။”
——————————————
1941 RLR 54
U Kyaw Zan v. U Tun Hla U and others.
Before Mr. Justice Ba U.
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၅၆တွင်တရားဝန်ကြီးဦးဘဦးကအောက်ပါအတိုင်းလမ်းညွှန်ပြဆိုသည်-
“If the subject-matter in dispute in appeal is not the same as the subject-matter in the suit then the payment of the court fee depends upon what the value of the subject-matter in dispute in appeal is. If the value of the subject-matter in dispute in appeal is less than the value of the subject-matter in the suit, then the court fee payable on the memorandum of appeal will be less than the fee paid on the plaint[In re Porkodi Achi , (1921) I.L.R. 45 Mad.246.]”
Comments
Post a Comment