အပေါင်ဒီကရီများကိုအတည်ပြုမှုများတွင်ကာလစည်းကမ်းသတ်အက်ဥပဒေနှင့်သက်ဆိုင်သလော ?
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အပေါင်ဒီကရီများကိုအတည်ပြုမှုများတွင်ကာလစည်းကမ်းသတ်အက်ဥပဒေနှင့်သက်ဆိုင်သလော ?
အတည်ပြုရန်ဖြစ်သောဒီကရီကို၂၆-၅-၂၀၀၇နေ့၌ချမှတ်ပြီးဇာရီမှုကို၂၀-၁-၂၀၁၁နေ့တွင်လျှောက်ထားရာ၌ကာလစည်းကမ်းသတ်ကျော်လွန်ရခြင်းအတွက်တင်ပြသောအကြောင်းပြချက်များသည်၊ 1985 BLR 1 စီရင်ထုံးအရကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၅တွင်အကျုံးမဝင်သဖြင့်၊မူလတရားရုံးအားကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၈၂အရသတ်မှတ်သော၃နှစ်ကာလကျော်လွန်သည်ဟုအကြောင်းပြကာလျှောက်လွှာကိုပယ်သည်။
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ကမူအမှတ်စဉ်၁၈၂နှင့်မသက်ဆိုင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၄၈နှင့်သက်ဆိုင်သည်ဖြစ်၍၁၂နှစ်အတွင်းဇာရီမှုကိုလျှောက်ထားနိုင်သည်ဟုအကြောင်းပြသည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်(အပိုဒ်)၁၈၂ပထမစာတိုင်၌”တရားမကျင့်ထုံးဥပဒေပုဒ်မ၄၈အရပြဌာန်းခြင်းမရှိသောတရားမရုံး၏ဒီကရီကိုသို့မဟုတ်အမိန့်ကိုအတည်ပြုစေရန်လျှောက်ထားမှု”ဟုပြဌာန်းထားသည်။
BB. HC Mitra ၏ကာလစည်းကမ်းသတ်အက်ဥပဒေတွင်(၁၉၅၂ခုနှစ်ထုတ်)စာမျက်နှာ၈၆၃၌၊အမှတ်စဉ်၁၈၂နှင့်ပုဒ်မ၄၈တို့သည်သီးခြားသို့မဟုတ်အပြိုင်ပြဌာန်းချက်များဖြစ်သည်။
၎င်းတို့၏ဘောင်( scope )နှင့် အကြောင်းအရာ( subject )များသည်ကွဲပြားသည်ဟုညွှန်ပြသည်။
အမှတ်စဉ်၁၈၂တတိယစာတိုင်တွင်သတ်မှတ်ထားသောနေ့ရက်အသီးသီးမှ၃နှစ်(ဒီကရီ၊အမိန့်မိတ္တူကိုမှတ်ပုံတင်ထားလျှင်၆နှစ်)ကာလကိုရေတွက်ရန်ပြဌာန်းချက်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၄၈တွင်မပါဝင်သောအကြောင်းအရာ(subject)ဖြစ်သည်။
တဖက်တွင်နောက်ဆုံးဇာရီမှုကိုပိတ်ပြီးနောက်သုံးနှစ်(သို့မဟုတ်၆နှစ်)အတွင်းနောက်ဇာရီမှုကိုဖွင့်ရာ၌ထိုသို့ဖွင့်ပေးရန်လျှောက်ထားသည့်နေ့သည်၊ဒီကရီချမှတ်သည့်နေ့မှတဆယ်နှစ်နှစ်ကျော်လျှင်မူ၊အမှတ်စဉ်၁၈၂ကမပိတ်ပင်သော်လည်း၊တရားမကျင့်ထုံးဥပဒေပုဒ်မ၄၈ကပိတ်ပင်မည်ဖြစ်သည်။
(ပုဒ်မ၄၈ပါလျှောက်လွှာသစ်(fresh application)ဟူသောစကားရပ်ကိုကြည့်ပါ။)
ဤသည်ကားအခြားကွဲပြားသောအကြောင်းအရာတရပ်ဖြစ်သည်။
ပြဌာန်းချက်များကိုဤကဲ့သို့ရိုးရိုးရှင်းရှင်းကောက်ယူလျှင်အဖြေမှန်ပေါ်နိုင်သည်။
Comments
Post a Comment