အယူခံတရားရုံး၏အာဏာများ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)တွင်ပြဌာန်းထားသောအယူခံတရားရုံး၏အာဏာများမှာအောက်ပါအတိုင်းဖြစ်သည်-
(က)အမှုကိုအပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်(to determine a case finally)
(ခ)အမှုကိုပြန်လည်စစ်ဆေးပိုင်ခွင့်(to remand a case)
(ဂ)ငြင်းချက်များထုတ်၍စစ်ဆေးပိုင်ခွင့်(to frame issues and refer them for trial)
(ဃ)နောက်ထပ်သက်သေခံချက်ရယူပိုင်ခွင့်သို့မဟုတ်ထိုသို့ရယူရန်ဆင့်ဆိုပိုင်ခွင့်(to take additional evidence or to require such evidence to be taken)
ပုဒ်မခွဲ(က)ပါ"a case"သည်အယူခံတရားရုံးသို့ဝင်ရောက်သောအမှု(case)ဖြစ်သည်။
အယူခံ(appeal)မဟုတ်။
အယူခံဝင်သည့်အမှုကိုအပြီးသတ်စီရင်သောအဆုံးအဖြတ်ဖြစ်သည်။
အယူခံမှုကိုအပြီးသတ်စီရင်သောအဆုံးအဖြတ်မဟုတ်။
ပုဒ်မခွဲ(ခ)အရချမှတ်သော"remand"အမိန့်သည်ပုဒ်မခွဲ(က)တွင်အကျုံးမဝင်။
ထိုအမိန့်သည်အပြီးသတ်အမိန့်မဟုတ်ကြောင်းပုဒ်မခွဲ(က)နှင့်(ခ)ပါကွဲပြားသောအာဏာများအရပေါ်လွင်သည်။
ထို့အပြင်အယူခံတရားရုံး၏အခွင့်အာဏာများကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇( ၁ )အပြင်၊ပုဒ်မ၁၀၇( ၂ )တို့တွင်လည်းကောင်း၊အမိန့်၄၁တွင်လည်းကောင်းပြဌာန်းထားသည်။
သရက်ခရိုင်တရားရုံးကအပြီးသတ်အပေါင်ဒီကရီကိုအတည်ပြုပေးရန်ဇာရီလျှောက်ထားမှုမှာကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုအကြောင်းပြကာဇာရီမှုကိုပလပ်သည့်အမိန့်အပေါ်တင်သွင်းသည့်အယူခံကို၊မကွေးတိုင်းဒေသကြီးတရားလွှတ်တော်က၂၀၁၁ခုနှစ်၊တရားမအထွေထွေအယူခံမှုအမှတ်၄တွင်အောက်ရုံး၏အမိန့်ကိုပယ်ဖျက်ပြီးဇာရီမှုအားဆက်လက်ဆောင်ရွက်သွားစေရန်၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၃၃အရသရက်ခရိုင်တရားရုံးအားညွှန်ကြားသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇( ၁ )( က )အရအယူခံတရားရုံးသည်အမှုကိုအပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
မူလာ၏တရားမကျင့်ထုံးဥပဒေကျမ်း(ကျောင်းသားကိုင်)စာမျက်နှာ၂၃၉တွင်၊ပုဒ်မ၁၀၇( ၁ )( က )ကိုရည်ညွှန်းကာ၊အမိန့်၄၁၊နည်း၃၃ကိုကြည့်ပါဟုပြဆိုထားသည်ကိုတွေ့မြင်နိုင်သည်။
အမိန့်၄၁၊နည်း၃၃၏ဥပမာကိုထောက်ရှုပါကလည်း၊အမှုကိုအပြီးသတ်ဆုံးဖြတ်နိုင်ရန်ပြဌာန်းချက်ဖြစ်ကြောင်းမြင်သာသည်။
1957 BLR ( H C ) 273
Messrs. Arakan Carriers Syndicate v. Chandmal Birla and two others.
Before U Aung Khine, J. and U Ba Thoung, J.
အမှုတွင်အယူခံတရားပြိုင်ကိုနည်း၃၃အရထည့်သွင်းသည့်အမိန့်ကိုယခင်တရားလွှတ်တော်ချုပ်က-
1961 BLR ( S C ) 19
စစ်တွေမြို့ဆိပ်ကမ်းအရာရှိ နှင့် ရခိုင်တိုင်းသယ်ယူပို့ဆောင်ရေးဆင်ဒီကိတ်အဖွဲ့ပါ၃
ခေတ္တနိုင်ငံတော်တရားဝန်ကြီးချုပ်ဦးချန်ထွန်း၊နိုင်ငံတော်တရားဝန်ကြီးများဖြစ်ကြသောဦးဘိုကြီးနှင့်ဦးအောင်သာကျော်တို့ရှေ့မှောက်တွင်၊တရားဝန်ကြီးဦးဘိုကြီးအမိန့်ချမှတ်သည်။
အမှုတွင်ဆုံးဖြတ်ရာ၌၊နည်း၃၃ပါပြဌာန်းချက်များ၏ရည်ရွယ်ချက်မှာတရားစီရင်ရေးကမောက်ကမဖြစ်ခြင်းမှထိန်းသိမ်းကာကွယ်ရန်အတွက်ဖြစ်ဟန်တူသည်ဟုပြဆိုသည်။
အမိန့်၄၁၊နည်း၃၃သည်အမှုကိုအပြီးအပြတ်ဆုံးဖြတ်ရန်အခွင့်အာဏာဖြစ်သည်။
အမှုကိုပြန်လည်စစ်ဆေးစေသည့်”remand”အမိန့်ချမှတ်ခွင့်သည်ပုဒ်မ၁၀၇( ၁ )( ခ )နှင့်သက်ဆိုင်သည်။
အမိန့်၄၁၊နည်း၃၃၏ဘေးခေါင်းစီးပါ”Power of Court of Appeal”ဟူသောစကားရပ်ကိုကြည့်ပြီး၊နည်း၃၃အရအမှုကိုပြန်လည်စစ်ဆေးစေနိုင်သည်ဟုပေါ့ပေါ့လွယ်လွယ်ယူဆဆုံးဖြတ်ဟန်တူသည်။
ပုဒ်မ၁၀၇( ၁ )( ခ )အရအမိန့်ချမှတ်လျှင်မမှားတန်ရာ။
အမှန်ဆိုသော်၊အမိန့်၄၁၊နည်း၂၃အရ”remand”အမိန့်မချမှတ်နိုင်သည့်အယူခံမှုများတွင်-
1968 BLR ( C C ) 71
Daw Thi and one v. U Chit Han.
Before U Kyaw Zan U , J.
အမှုတွင်ညွှန်ပြထားသည့်အတိုင်းပုဒ်မ၁၅၁အရမူလဘူတအာဏာကိုသုံးစွဲ၍ဇာရီမှုကိုဆက်လက်စစ်ဆေးနိုင်သည်။
တရားဝန်ကြီးဦးကျော်ဇံဦးကအောက်ပါအတိုင်းဆုံးဖြတ်ထားသည်-
“Code of Civil Procedure s. 151- whether a Court remanding a case under s. 151 of the Civil Procedure Code is competent to order a refund of court-fee paid on the memorandum of appeals.
Held : A Court remanding a case under s.151 of the Code of Civil Procedure is competent to order a refund of court-fee paid on the memorandum of appeals.”
တိုင်းဒေသကြီး၏အမြင့်ဆုံးတရားရုံးသည်ပြဌာန်းချက်များနှင့်ထုံးသာဓကများရှိသည့်ကိစ္စများ၌မှားသင့်သည်မဟုတ်။
Comments
Post a Comment