P. K. Basu အကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရန်ကုန်အတွဲ၁မှ၁၄တွင်-
နှစ်ဘက်သောရှေ့နေရှေ့ရပ်များ၏လျှောက်လဲချက်များတွင်ကိုးကားသောစီရင်ထုံးများနှင့်တကွဖော်ပြသည်မှာအစဉ်အလာကောင်းဖြစ်သည်။
လျှောက်လဲချက်များအစုံအလင်မပါသော်လည်း၊အဓိကလျှောက်လဲချက်များကိုမှတ်တမ်းတင်ထားသည်။
1940 Rangoon Law Reports 826 ( D B )
Daw Shin v. Arjandas .
Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely.
အမှုတွင်အယူခံတရားလို၏ရှေ့နေ P. K. Basu ကိုးကားသောပရီဗွီကောင်စီ၊စီရင်ထုံးများအပါအဝင်၊ ILR 13 Lah 702( P C ) , 1 IA 186 , 32 IA 1 , ILR 27 Cal 77 နှင့် ILR 55 Cal 532( P C )စီရင်ထုံးများကိုပင်အယူခံရုံးကကိုးကားပြီးဆုံးဖြတ်ထားခြင်းကြောင့်ထိုစီရင်ထုံးကိုဖတ်ရသောစာရေးသူသည်၊အယူခံတရားလို၏ရှေ့နေ P. K. Basu မှာအာဂပုဂ္ဂိုလ်ကြီးပါတကားဟုရေရွတ်မိသည်။
လက်ဖျားခါမိသည်လည်းအမှန်။
ပရီဗွီကောင်စီ၊စီရင်ထုံးများကို-
Moor’s Privy Council( ၁၈၃၆ မှ ၁၈၆၂ အထိ ၁၅တွဲ )
Moor’s New Series( ၁၈၆၂ မှ ၁၈၇၃ အထိ ၁၉တွဲ )
Indian Appeals စီရင်ထုံးများကို၊၁၈၇၄(မင်းတုန်းမင်းနန်းစံဆဲ)မှစ၍၊နှစ်စဉ်အတွဲ၁၊၂၊၃စသည်ဖြင့်ထုတ်ဝေသည်။
ထိုစာအုပ်များရန်ကုန်မြို့တရားရုံးချုပ်တွင်ရှိခဲ့သည်ကိုဖတ်ရဖူးသည်။
အယူခံတွင်ပရီဗွီကောင်စီကစီရင်သောစီရင်ချက်များကိုဆိုင်ရာတရားရုံးများကထုတ်ဝေသောစီရင်ထုံးများတွင်ဖော်ပြသည်။
အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးမှပေါ်ပေါက်သော၊1921-22 UBR 30( P C )
အောက်မြန်မာပြည်တရားရုံးချုပ်မှပေါ်ပေါက်သော၊ 9 LBR 56( P C )
ရန်ကုန်မြို့တရားလွှတ်တော်မှပေါ်ပေါက်သော၊ 1 Ran 451
အစရှိသည်တို့မှာသာဓကများဖြစ်ကြသည်။
အိန္ဒိယနိုင်ငံတရားလွှတ်တော်စီရင်ထုံးများအသီးသီးတွင်လည်းပရီဗွီကောင်စီ၊စီရင်ထုံးများကိုဖော်ပြထားသည်ကိုတွေ့မြင်နိုင်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ထုတ်ဝေသော၁၉၄၈ခုနှစ်စီရင်ထုံးစာအုပ်မှစ၍ပရီဗွီကောင်စီ၊စီရင်ထုံးများမရှိတော့။
ပရီဗွီကောင်စီ၊စီရင်ထုံးများအရေအတွက်မြောက်များလှရကား၊ဆွေးနွေးလျက်ရှိသော၊ 1940 RLR ( D B ) 826 အမှု၌၊အယူခံတရားလို၏ရှေ့နေ P. K. Basu က”ကွက်တိစီရင်ထုံး၄ရပ်”ကိုကိုးကားနိုင်သည်မှာ၊ထူးခြားချက်ဖြစ်ပါသည်။
တဖက်တွင်ထိုရှေ့နေကြီးသည်မင်းကွန်းဆရာတော်ကြီးကဲ့သို့မှတ်အားကောင်းသူမဖြစ်နိုင်ဟုစာရေးသူတွေးမိပါသည်။
ရှေ့နေသည်အချင်းဖြစ်စီရင်ထုံးများကိုတင်ပြနိုင်သည်မှာတိုက်ဆိုင်မှုလည်းမဖြစ်နိုင်ဟုသဘောရမိခဲ့သည်။
ထိုရှေ့နေကြီးသည်အချင်းဖြစ်စီရင်ထုံးများနှင့်ပက်ပင်းတိုးမိအောင်မည်သည့်နည်းလမ်းကိုသုံးခဲ့သနည်း။
စာရေးသူကခြေရာခံကြည့်သည်။
အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်တရားပြိုင်အမွေဆိုင်မောင်အောင်ဖေက၊တရားလိုထံအမွေပစ္စည်းများတွင်မိမိ၏အစုကိုပေါင်ခဲ့သည်။
အမှုအတောအတွင်းပေါင်ခြင်းဖြစ်၍ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းနိုင်သည်။
1940 RLR ( D B )826အမှုတွင်၊အယူခံသောဒေါ်ရှင်မှာအမွေမှုပြီးပြတ်ပြီးနောက်အမွေစုရသူမစောခင်ထံမှအဆင့်ဆင့်လွှဲပြောင်းရာတွင်၊နောက်ဆုံးဝယ်ယူကာ၊ပစ္စည်းလက်ရှိရထားသူဖြစ်ကာ၊တရားလိုမှာအမွေဆိုင်မောင်အောင်ဖေထံမှပစ္စည်းအပေါင်ခံသူချစ်တီးဖြစ်ပြီး၊အပေါင်မှုတွင်လေလံဆွဲကာလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်၍ပုဒ်မ၅၂နှင့်ငြိစွန်းပါက၊တရားပြိုင်ဒေါ်ရှင်(အယူခံတရားလို)အမှုတွင်နိုင်ရန်အကြောင်းရှိသည်။
သို့သော်တရားလွှတ်တော်ကတရားမဒုတိယအယူခံတွင်တရားလိုချစ်တီးကိုပေါင်ခြင်းသည်ပုဒ်မ၅၂နှင့်ငြိစွန်းခြင်းမရှိဟုဆုံးဖြတ်သဖြင့်၊ဒေါ်ရှင်က 1940 RLR ( D B )826အမှုတွင်အယူခံဝင်ခြင်းဖြစ်သည်။
တရားရုံးချုပ်တရားသူကြီး(အကိုစော)ဦးသက်ဖေက၊ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၏သိကောင်းစရာများကျမ်း၊စာမျက်နှာ၉၅တွင်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုထားစဉ်အတွင်းပစ္စည်းလွှဲပြောင်းခြင်းသည်ပုဒ်မ၅၂နှင့်ငြိစွန်းခြင်းရှိမရှိ၊မြန်မာနိုင်ငံစီရင်ထုံးများသဘောထားကွဲလွဲနေသည်ကိုထောက်ပြထားသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ AIR Commentaries (အေအိုင်အာရ်ဝေဖန်ချက်များ)ကျမ်း(တတိယအကြိမ်မြောက်၁၉၅၀ပြည့်နှစ်ထုတ်)တွင်ပုဒ်မ၅၂ကိုဋီကာချဲ့ရာ၌၊အမွေစီမံခန့်ခွဲပေးစေလိုမှုခေါင်းစဉ်အောက်၌၊အယူခံတရားလိုကိုထောက်ခံသည့်၊ 32 IA 1 ( P C )စီရင်ထုံးကိုစာမျက်နှာ၇၁၉၌လည်းကောင်း၊ 55 Cal 532 ( P C )ကိုစာမျက်နှာ၇၁၈၌လည်းကောင်း၊ကိုးကားဖော်ပြထားသည်။
ဒေါ်ရှင်၏ရှေ့နေ P. K. Basu သည်ထိုစီရင်ထုံးများကို၊ကိုးကားလျှောက်လဲသည်။
1940 RLR ( D B )826စီရင်ထုံးစာမျက်နှာ၈၂၆နှင့်၈၂၇တွင်ကြည့်ပါ။
တရားလိုချစ်တီးအားပစ္စည်းပေါင်သူသည်အမွေဆိုင်သုံးဦးအနက်တဦးဖြစ်သည်။
သက်ဆိုင်ရာပြဌာန်းချက်ကိုပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄တွင်အောက်ပါအတိုင်း(ဘာသာပြန်ဖြစ်သည်)ပြဌာန်းထားသည်-
“မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုနှစ်ဦးဖြစ်စေ၊အများဖြစ်စေ၊တွဲဖက်ပိုင်ဆိုင်ကြသူများအနက်တဦးကတရားဥပဒေနှင့်အညီလွှဲပြောင်းပိုင်ခွင့်ရှိသည့်အတိုင်းပစ္စည်းတွင်ရသင့်သည့်ဝေစုကိုဖြစ်စေ၊အကျိုးခံစားခွင့်ကိုဖြစ်စေလွှဲပြောင်းလျှင်၊ပစ္စည်းကိုလွှဲပြောင်းပေးသူ၏လက်ရှိထားခွင့်သို့မဟုတ်အခြားအကျိုးတူခံစားခွင့်အပြင်ပစ္စည်းကိုခွဲဝေနိုင်သည့်အခွင့်အရေးများကိုလွှဲပြောင်းရရှိသူကရရှိသည်။သို့ရာတွင်လွှဲပြောင်းသည့်နေ့ရက်၌လွှဲပြောင်းသည့်ဝေစုသို့မဟုတ်အကျိုးခံစားခွင့်နှင့်သက်ဆိုင်သောစည်းကမ်းချက်နှင့်တာဝန်များနှင့်မဆန့်ကျင်စေရ။”
အထက်ပါကျမ်းပထမတွဲတွင်ပုဒ်မ၄၄ကိုဋီကာချဲ့ရာ၌ပုဒ်မပါ”စည်းကမ်းချက်များနှင့်တာဝန်များနှင့်မဆန့်ကျင်စေရ”ခေါင်းစဉ်အောက်၌၊စာမျက်နှာ၆၄၀တွင်၊ IA 106 ကိုကိုးကားထားသည်။
ဒေါ်ရှင်၏ရှေ့နေ P. K. Basu သည်ထိုစီရင်ထုံးနှင့်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၇၃ကိုဋီကာချဲ့ရာ၌လိုက်နာဆုံးဖြတ်သည့်၊ ILR 13 Lah 702 ( P C )ကိုအထက်ပါကျမ်းဒုတိယတွဲစာမျက်နှာ၁၀၀၃၌ကိုးကားထားသည်၊တို့ကိုကိုးကားလျှောက်လဲကြောင်း၊ 1940 RLR ( D B ) 826စီရင်ထုံးစာမျက်နှာ၈၂၇၌မှတ်တမ်းတင်ထားသည်။
ဒေါ်ရှင်၏ရှေ့နေ P. K. Basu သည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကျမ်းနှင့်ဆိုင်ရာပုဒ်မများအောက်၌ရှာဖွေရာတွင်အထက်ပါစီရင်ထုံးလေးရပ်ကိုတွေ့ရှိရပြီး၊ဆိုင်ရာစီရင်ထုံးများကိုစိစစ်လေ့လာကာ၊တရားလွှတ်တော်ခုံရုံးတွင်လျှောက်လဲခဲ့ဟန်တူသည်။
P. K. Basu သည်၊ 1948 BLR ( H C ) 138 အမှုတွင်၊အယူခံတရားလို၏ရှေ့နေ E. C. V. Foucar(ထိုရှေ့နေမှာထိုစဉ်ကနာမည်ကြီး Law Firm တခု၏နာမည်ကြီးရှေ့နေဖြစ်သည်။)တင်ပြသောပရီဗွီကောင်စီ၊စီရင်ထုံးနှစ်ရပ်နှင့်ကွဲလွဲသောအခြားပရီဗွီကောင်စီ၊စီရင်ထုံးကိုတင်ပြနိုင်သူဖြစ်ကြောင်းတွေ့ရသည်။
ခေသူမဟုတ်။
သို့သော်မင်းကွန်းဆရာတော်ကြီး၏ဧရာမမှတ်ဉာဏ်ကိုမှီမည်မထင်ပါ။
တဖက်တွင်မိမိအမှုသည်ဒေါ်ရှင်၏အမှုနှင့်သက်ဆိုင်သောပြဌာန်းချက်များကိုကောင်းစွာသိရှိပြီးသက်ဆိုင်ရာပရီဗွီကောင်စီ၊စီရင်ထုံးများကိုရှာဖွေလျှောက်လဲနိုင်ခဲ့၍ဒေါ်ရှင်အမှုနိုင်သည်မှာယုံမှားဖွယ်မရှိ။
ဒေါ်ရှင်၏ရှေ့နေ P. K . Basu အယူခံတွင်အောင်အောင်မြင်မြင်လျှောက်လဲနိုင်ခဲ့သည့်သာဓကမှ၊စာရေးသူကအောက်ပါအတိုင်းသင်ခန်းစာထုတ်ယူသည်-
(က)အမှုတွင်လိုက်ပါသောရှေ့နေသည်အမှုနှင့်သက်ဆိုင်သောဥပဒေကိုကောင်းစွာသိရှိရမည်။
(ခ)ဆိုင်ရာဥပဒေနှင့်သက်ဆိုင်သောကျမ်းများတွင်မိမိ၏အမှုသည်အနိုင်ရစေမည့်ထုံးသာဓကကိုရှာဖွေရမည်။
(ဂ)ထိုစီရင်ထုံးများကိုလေ့လာကာအမှုတွင်အကျယ်တဝင့်တင်ပြရမည်။
Comments
Post a Comment