2021 BLR 1 , ဒေါ်ခင်စန္ဒာမိုး နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
2021 BLR 1
ဒေါ်ခင်စန္ဒာမိုး နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးနိုင်ရှေ့တွင်
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ
———————————————
ဤစီရင်ထုံးသည်၊လက်ရှိရာဇဝတ်ကျင့်ထုံးဥပဒေပြဌာန်းချက်နှင့်မညီညွတ်ပါ။
ရာဇဝတ်ကျင့်ထုံးဥပဒေကို၊၁၈၉၈ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၅အဖြစ်(၁-၇-၁၈၉၈)နေ့တွင်ပြဌာန်းစဉ်အခါက၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈တွင်ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုပြဌာန်းထားခြင်းမရှိပါ။
၁၉၂၃ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၁၈[ Code of Criminal Procedure(Amendment Act , 1923) ]ဖြင့်(၂-၄-၁၉၂၃)နေ့တွင်၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုဖြည့်စွက်ပြဌာန်းထားခြင်းဖြစ်သည်။
ဖြည့်စွက်ပြဌာန်းထားသောဥပဒေမှာအောက်ပါအတိုင်းဖြစ်သည်-
“88.(6A)If any claim is preferred to,or objection made to the attachment of any property attched under this section, within six months from the date of such attachment,by any person other than the proclaimed person,on the ground that the claimant or objector has an interest in such property,and that such interest is not liable to attachment under this section,the claim or objection shall be inquired into,and may be allowed or disallowed in whole or in part;
Provided that any claim preferred or objection made within the period allowed by this sub-section may,in the event of the death of the claimant or objector,be continued by his legal representative.”
အထက်ပါပြဌာန်းချက်၏မြန်မာဘာသာပြန်ဆိုချက်မှာအောက်ပါအတိုင်းဖြစ်သည်-
“၈၈။(၆-က)ကြေညာခြင်းခံရသူမှတပါးအခြားသူတဦးဦးကဤပုဒ်မအရဝရမ်းကပ်သည့်ပစ္စည်းတစုံတရာတွင်မိမိအကျိုးခံစားခွင့်ရှိကြောင်း၊ထိုအကျိုးခံစားခွင့်ကိုဤပုဒ်မအရဝရမ်းမကပ်ထိုက်ကြောင်းဖြင့်ဝရမ်းကပ်သည့်နေ့မှခြောက်လအတွင်းတောင်းဆိုခြင်းသို့မဟုတ်ကန့်ကွက်ခြင်းအပေါ်စုံစမ်းစစ်ဆေးရာတွင်ထို့နောက်တောင်းဆိုချက်သို့မဟုတ်ကန့်ကွက်ချက်များအားလုံးကိုဖြစ်စေ၊တချို့တဝက်ကိုဖြစ်စေခွင့်ပြုနိုင်သည်သို့မဟုတ်ငြင်းပယ်နိုင်သည်။
သို့ရာတွင်ဤပုဒ်မခွဲအရခွင့်ပြုထားသည့်အချိန်အတွင်းသို့မဟုတ်ကန့်ကွက်ထားစဉ်တောင်းဆိုသူသို့မဟုတ်ကန့်ကွက်သူသေဆုံးခဲ့သော်ထိုသူ၏တရားဝင်ကိုယ်စားလှယ်ကဆက်လက်ဆောင်ရွက်နိုင်သည်။”
ဤအမှုအားမှန်ကန်စွာဆုံးဖြတ်နိုင်ရန်အတွက်သက်ဆိုင်သောဥပဒေပြဌာန်းချက်မှာ၊၁၉၂၃ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၁၈ပါ၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈(၆-က)ဖြစ်သည်။
ပုဒ်မ၈၈(၆-က)ကိုဖြည့်သွင်းခြင်းမပြုမီက၊ဝရမ်းကပ်သောပစ္စည်းကိုပိုင်ရေးပိုင်ခွင့်ရှိသောအခြားသူ( any person )ကကန့်ကွက်ပိုင်ခွင့်မရှိခဲ့ပါ။
———————————-
2021 BLR 1 စီရင်ထုံးစာမျက်နှာ၁၉တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ််မ၈၈အရပစ္စည်းကိုဝရမ်းစွဲကပ်သောရာဇဝတ်တရားသူကြီးအနေဖြင့်ယင်းပစ္စည်းကိုပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်း၍တတိယပုဂ္ဂိုလ်၊အပြင်လူ( Third Party )၏တောင်းဆိုမှုများကိုစုံစမ်းစစ်ဆေးရမည်ဟုဥပဒေပြဌာန်းချက်မရှိပေ။Su We v. King Emperor , 4 LBR 109 အမှုတွင်ကြည့်ပါ”
4 LBR 109
Su We v. King Emperor.
Before Mr. Justice Hartnoll.
အမှုကို၊အင်္ဂလိပ်တရားသူကြီး Hartnoll က၊၁၉၀၇ခုနှစ်မေလ၁၅ရက်နေ့ကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
——————————————
2021 BLR 1 စီရင်ထုံးစာမျက်နှာ၁၉နှင့်၂၀တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈အရတရားခံပြေး၏ပစ္စည်းကိုဝရမ်းစွဲကပ်သဖြင့်တတိယပုဂ္ဂိုလ်(အပြင်လူ)ကတောင်းဆိုမှုပြုလုပ်သည့်ကိစ္စတွင်ရာဇဝတ်တရားသူကြီးအနေဖြင့်တောင်းဆိုသူအား၎င်း၏အခွင့်အရေးကိုထင်ရှားအောင်သက်သေထူရန်အခွင့်အရေးပေးသင့်သည်။သို့ရာတွင်ရာဇဝတ်တရားသူကြီးကယင်းသို့ပြုလုပ်ခြင်းမရှိပါကသို့မဟုတ်တောင်းဆိုသူ၏လျှောက်လွှာကိုပယ်ပါကတောင်းဆိုသူအတွက်ကုစားနည်းမှာအစိုးရနှင့်ပစ္စည်းကိုဝရမ်းစွဲကပ်ပေးရန်လျှောက်ထားသူတို့ကိုတရားပြိုင်အဖြစ်ပူးတွဲလျက်တရားမကြီးမှုစွဲဆိုခြင်းဖြစ်သည်။Nga Po Aung v. King Emperor , (1910-13) , UBR , 66 အမှုတွင်ကြည့်ပါ။”
(1910-13)Upper Burma Rulings 66
Nga Po Aung v. K. E.
Before G. W. Shaw , Esq., C. S. I.
အမှုကို၊အင်္ဂလိပ်တရားသူကြီး G. W. Shaw က၊၁၉၁၀ပြည့်နှစ်ဒီဇင်ဘာလ၁၃ရက်နေ့ကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
—————————————-
1910-13 , UBR 66 စီရင်ထုံးနှင့်၊ 4 LBR 109 စီရင်ထုံးတို့မှာ၊ထိုစဉ်ကအတည်ဖြစ်နေသော၁၈၉၈ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၅ပြဌာန်းချက်အရဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း၊2021 BLR 1 စီရင်ထုံးပြုသည့်စီရင်ချက်ကိုဆုံးဖြတ်သော၊၂၀၂၀ပြည့်နှစ်ဇွန်လ၆ရက်နေ့တွင်မူ၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိတွင်ဝရမ်းကပ်သောထားသောပစ္စည်းကိုအခြားသူကကန့်ကွက်ပိုင်ခွင့်ရှိသည်ဟုဖြည့်စွက်ပြဌာန်းထားခဲ့သည်မှာနှစ်ပေါင်း(၉၇)နှစ်ခန့်ရှိခဲ့ပြီဖြစ်သည်။
အထက်ပါဥပဒေမပြင်မီကစီရင်ထုံးများကိုလိုက်နာဆုံးဖြတ်ခြင်းသည်အခြေခံမှစ၍လွဲမှားလျက်ရှိသည်။
၁၉၂၃ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၁၈နှင့်သက်ဆိုင်ကြောင်း၊ 2021 BLR 1 စီရင်ထုံးကိုဆုံးဖြတ်သောတရားသူကြီးအပါအဝင်နှစ်ဖက်သောဥပဒေပညာရှင်များသတိမမူမိခဲ့ကြ။
အကြောင်းအကျိုးဆက်စပ်စဉ်းစားဆင်ခြင်သည့်ဉာဏ်တိမ်ကောခြင်း၏ပြယုဂ်တခုဖြစ်သည်။
ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်လည်းဖြစ်သည်။
—————————————————-
2013 BLR 72
မောင်သက်ဝေအောင်(ခ)မောင်ကျော်ကျော်
———————————————————-
ဒေါ်သီသီဆင့်ပါ၂
နှင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ၃
—————————————————-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးမြသိမ်းရှေ့တွင်
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၂နှင့်၈၃တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“မောင်သက်ဝေအောင်(ခ)မောင်ကျော်ကျော်၏ရှေ့နေကပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၈၈အရဝရမ်းစွဲကပ်သည့်ပစ္စည်းကိုအခြားသူတဦးက၎င်းပိုင်ဆိုင်ကြောင်းတင်ပြလာသည့်အခါစုံစမ်းစစ်ဆေးမှုမပြုနိုင်ကြောင်း၊တရားမမှုစွဲဆိုရန်ဖြစ်ကြောင်းဆုံးဖြတ်ထားသည့်၊ဆုဝေး နှင့် အစိုးရအမှု၊၁၉၀၇-၀၈ခုနှစ်၊အတွဲ၄၊အောက်မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၁၁၉။ကိုရည်ညွှန်း၍တရားမမှုစွဲဆိုရန်ဖြစ်ကြောင်းတင်ပြသည်။
အဆိုပါစီရင်ထုံးသည်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကိုမပြင်မီကထုံးဖွဲ့ဆုံးဖြတ်ခဲ့သည့်စီရင်ထုံးသာဖြစ်သည်။
၁၉၂၃ခုနှစ်တွင်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကိုပြင်ဆင်ခဲ့ပြီးထပ်မံဖြည့်စွက်ခဲ့သည့်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ််မ၈၈၊ပုဒ်မခွဲ(၆-က)တွင်ဝရမ်းစွဲကပ်ထားခြင်းအပေါ်တောင်းဆိုချက်သို့မဟုတ်ကန့်ကွက်ချက်ကိုလက်ခံရရှိသည့်တရားရုံးကစုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်းပြဌာန်းထားသည်။
သို့ဖြစ်ရာဒေါ်သီသီဆင့်နှင့်ဒေါ်ဖြူဖြူဝင်းတို့၏ကန့်ကွက်လျှောက်ထားချက်အရတရားရုံးကပြစ်မှုဆိုင်ရာအထွေထွေမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ခြင်းသည်ဥပဒေနှင့်အညီဖြစ်သည်။”
2021 BLR 1 စီရင်ထုံးအတွက်ဆုံးဖြတ်ချက်အဖြေမှန်မှာ၊ 2013 BLR 72 စီရင်ထုံးဖြစ်သည်။
—————————————————
2021 BLR 1 စီရင်ထုံး၏အခြေခံမှစ၍လွဲမှားသောနောက်ထပ်အချက်တချက်မှာ၊စီရင်ထုံးစာမျက်နှာ၁၄တွင်ကိုးကားထားသော၊ 9 LBR 71 စီရင်ထုံးဖြစ်သည်။
9 LBR 71
C. Kaliyaparama Padiyachi v. C. V. A. R. Chetty Firm.
Before Mr. Justice Maung Kin.
အမှုတွင်မြန်မာတရားသူကြီးဦးခင်က၊တရားလွှတ်တော်တရားမပြင်ဆင်မှုတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅အရဝင်ရောက်စွက်ဖက်ပြင်ဆင်ပိုင်ခွင့်ရှိမရှိနှင့်ပတ်သက်၍ဆုံးဖြတ်ထားသောစီရင်ထုံးတရပ်သာဖြစ်သည်။
———————————————-
စီရင်ထုံးများတွင်ယခင်စီရင်ထုံးများကိုကိုးကား၍-
လိုက်နာသည်( followed )
သဘောတူလက်ခံသည်( approved )
မလိုက်နာသို့မဟုတ်လိုက်နာခြင်းမပြု( not followed )
လက်ခံခြင်းမပြု( disapproved )
သဘောကွဲလွဲသည်( dissented )
သဘောကွဲလွဲရာရောက်သည်( dissented protanto )
ပယ်ဖျက်သည်( overruled )ဟုဖော်ပြတတ်သည်။
အချို့စီရင်ထုံးများမှာ-
သဘောကွဲလွဲခြင်း၊ပယ်ဖျက်ခြင်းခံရပြီးကာမှတရားသူကြီးဦးရေများသောခုံအဖွဲ့ကပြန်လည်အတည်ပြု( reaffirmed )ခြင်းခံရ၍ပြန်လည်အသက်ရှင်လာကြပါသည်။
ရှေးအခါကအမြင့်ဆုံးတရားရုံးမှာအင်္ဂလန်နိုင်ငံရှိပရီဗွီကောင်စီဖြစ်သည်။
တရားလွှတ်တော်တွင်တရားသူကြီးအနည်းဆုံးသုံးဦးရုံးထိုင်စီရင်သောအဖွဲ့ကိုစုံညီခုံရုံးအဖြစ်သတ်မှတ်သည်။
အချို့ခုံအဖွဲ့ကိုမူအထူးခုံရုံး( Special Bench )ဟုသတ်မှတ်သည်။
တရားသူကြီးနှစ်ဦးပါသောခုံအဖွဲ့ကို( Division Bench )ဟုခေါ်သည်။
တရားလွှတ်တော်၏ဆုံးဖြတ်ချက်ကိုပရီဗွီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တွင်ဆက်လက်အယူခံနိုင်ရာ၌ပယ်ဖျက်သောအခါ( reversed )ဟူသောစကားရပ်ကိုသုံးသည်။
ပယ်ဖျက်( overruled )နှင့်သဘောချင်းမတူသည်ကိုသတိချပ်ရန်လိုပါသည်။
အမှုတမှုတွင်ချမှတ်သောထုံးဖွဲ့မှုတရပ်မှားယွင်းကြောင်းတွေ့ရ၍၊အလားတူပြဿနာပေါ်ပေါက်သောနောက်တမှုတွင်၊မတူသောပြဿနာကိုစဉ်းစားပြီးပထမစီရင်ထုံးကို( overruled )လုပ်ခြင်းသည်၊တမှုတည်းတွင်ချမှတ်သောဆုံးဖြတ်ချက်ကိုအယူခံတွင်ပြောင်းပြန်ပြန်လိုက်ခြင်းနှင့်ကွဲပြားပါသည်။
ကိုးကားသောစီရင်ထုံးများဆုံးဖြတ်ရမည့်အမှုဖြစ်ရပ်နှင့်မတူလျင်မတူကြောင်းရှင်းပြရသည်။
ထိုအခါခြားနားပြသည်( distinguished )ဟုဖော်ပြသည်။
ကိုးကားသောစီရင်ထုံးကိုရည်ညွှန်းရုံမျှသာအသုံးချလျှင်( referred )ဟုဖော်ပြသည်။
ပယ်ဖျက်ခြင်းလည်းမဟုတ်၊ကွဲလွဲခြင်းလည်းမဟုတ်လျင်၊သုံးသပ်ချက်ကိုပြင်ဆင်သတ်မှတ်ပေးခြင်း( modify )ဟုခေါ်သည်။
ပယ်ဖျက်ခြင်းမဟုတ်၊သဘောကွဲလွဲခြင်းလည်းမမည်လျင်၊ဒုတိယစီရင်ထုံးကလွှမ်းမိုး( supersede )သည်ဟုသုံးနှုန်းသည်။
ကွဲလွဲခြင်း( dissention )အမျိုးမျိုးရှိပါသည်။
အတိအလင်းကွဲလွဲခြင်းရှိသည်၊ဆန့်ကျင်ကွဲလွဲရာရောက်သော( dissented protanto )စီရင်ထုံးများလည်းရှိသည်။
အလားတူပင်ပယ်ဖျက်ရာရောက်သော( overruled protanto )စီရင်ထုံးများလည်းရှိပါသည်။
တရားသူကြီးတဦးထက်ပို၍ပါဝင်သောခုံအဖွဲ့တွင်အများစုချမှတ်သောစီရင်ထုံးကိုပယ်ဖျက်ခြင်း၊သဘောကွဲလွဲခြင်းမရှိသော်လည်းအချို့၏အမြင်မှာမမှန်ဟုဝေဖန်သောစီရင်ထုံးများလည်းရှိပါသည်။
Comments
Post a Comment