တရားမကျင့်ထုံးဥပဒေကိုမြန်မာဘာသာဖြင့်ပြန်ဆိုရန်မှာလည်းမရှိမဖြစ်ဆောင်ရွက်ရမည့်ကိစ္စတရပ်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
Dunkley ၏ Digest (စီရင်ထုံးပေါင်းချုပ်)အရဆိုပါက၊အောက်မြန်မာပြည်တရားဌာနမင်းကြီးရုံးနှင့်အထူးခုံရုံးတို့သည်၊၁၈၈၂ခုနှစ်တွင်ပြဌာန်းခဲ့သောတရားမကျင့်ထုံးဥပဒေကိုလိုက်နာကျင့်သုံးခဲ့ကြပါသည်။
ထိုထက်စောသောတရားမကျင့်ထုံးဥပဒေများကိုမမှီခဲ့ပါ။
တရားမကျင့်ထုံးဥပဒေကိုအိန္ဒိယနိုင်ငံတွင်စတင်သုံးစွဲရာ၌၊ရှေ့နေရှေ့ရပ်များကဥပဒေ၏ပျော့ကွက်ဟာကွက်များကိုထောက်ပြကြသည်ကတကြောင်း၊ဥပဒေပြဌာန်းချက်အချို့အပေါ်အိန္ဒိယနိုင်ငံရှိတရားလွှတ်တော်များကအမျိုးမျိုးသောအမြင်များကိုဖော်ထုတ်ဆုံးဖြတ်ခဲ့သည်ကတကြောင်းကြောင့်၊စီရင်ထုံးများဝိရောဓိဖြစ်လာသဖြင့်၊ကျင့်ထုံးဥပဒေကိုပြန်လည်ရေးဆွဲခဲ့ရပါသည်။
တရားမကျင့်ထုံးဥပဒေကိုအကြိမ်ကြိမ်ပြုပြင်ကာ၊လက်ရှိတရားမကျင့်ထုံးဥပဒေကို၁၉၀၈ခုနှစ်တွင်ပြဌာန်းခဲ့ရခြင်းသမိုင်းကိုကြည့်ပါလျှင်၊အိန္ဒိယနိုင်ငံ၌တရားမကျင့်ထုံးဥပဒေရှိပြဌာန်းချက်အချို့ပါပျော့ကွက်ဟာကွက်များကိုထောက်ပြကာငြင်းခုံကြရာမှ၊ဆိုင်ရာပြဌာန်းချက်အပေါ်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်များအမျိုးမျိုးမြင်ခဲ့ကြသဖြင့်ဥပဒေပြုအဖွဲ့က၊အကြိမ်ကြိမ်ပြင်ဆင်ပြဌာန်းခဲ့ရသည်။
အိန္ဒိယနိုင်ငံတွင်တရားမကျင့်ထုံးဥပဒေအသစ်ကိုပြန်လည်ရေးဆွဲပြဌာန်းခဲ့သည်မှာအနှစ်လေးဆယ်ကျော်လွန်ခဲ့ပြီးဖြစ်သည်ကိုတွေ့ရသည်။
၁၈၈၂ခုနှစ်ကျင့်ထုံးဥပဒေတွင်ပုဒ်မ၆၀၀ကျော်ပါရှိသဖြင့်၊ကျင့်ထုံးဥပဒေပါပြဌာန်းချက်တို့ကိုပြင်ဆင်ရာ၌ကြန့်ကြာမှုရှိတန်သလောက်ရှိခဲ့ပါသည်။
သို့ဖြစ်၍ကျင့်ထုံးဥပဒေကိုလိုအပ်သလိုလွယ်လင့်တကူပြင်ဆင်နိုင်သည့်နည်းလမ်းကိုကြံဆခဲ့ရပါသည်။
၁၉၀၉ခုနှစ်ဇန်နဝါရီလ၁ရက်နေ့တွင်ပြဌာန်းခဲ့သောလက်ရှိတရားမကျင့်ထုံးဥပဒေတွင်ပုဒ်မ၁၅၃ခုသာပါရှိပါသည်။
အသေးစိတ်လုပ်ထုံးလုပ်နည်းများကိုပထမဇယားတွင်ပြဌာန်းပါသည်။
အကြောင်းအရာတရပ်တည်းအတွက်သတ်မှတ်သောကျင့်ထုံးများကိုသီးခြားအမိန့်အမှတ်တပ်၍ဆိုင်ရာအမိန့်တွင်ဆိုင်ရာနည်းဥပဒေများကိုပြဌာန်းပါသည်။
ထိုနည်းဥပဒေများကိုပြင်ဆင်နိုင်ရန်ဆိုင်ရာတရားလွှတ်တော်အားအခွင့်အာဏာပေးထားပါသည်။
အိန္ဒိယနိုင်ငံတရားလွှတ်တော်များတွင်ပြဌာန်းသောအချို့နည်းဥပဒေများသည်၊မြန်မာနိုင်ငံတရားမကျင့်ထုံးဥပဒေပထမဇယားပါအမိန့်များရှိနည်းဥပဒေများနှင့်ကွဲလွဲသည်ကိုသတိချပ်ရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံတရားလွှတ်တော်ကအမိန့်များပါနည်းဥပဒေများကို၊များများစားစားပြင်ဆင်ခဲ့ခြင်းမရှိပါ။
တရားလွှတ်တော်တရားသူကြီးချုပ် Page လက်ထက်တွင်၊တရားမကျင့်ထုံးဥပဒေအမိိန့်၅၊နည်း၂၀-ကနှင့်အမိန့်၂၃၊နည်း၃တို့ကိုဖြည့်စွက်ပြဌာန်းပါသည်။
အမိိန့်၃၃နှင့်အမိန့်၃၄တို့ကိုအသစ်ပြန်လည်ရေးဆွဲခဲ့ပါသည်။
တရားမကျင့်ထုံးဥပဒေပါပုဒ်မအချို့ကိုပယ်ဖျက်ခြင်း၊ဆီလျော်အောင်ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်းများအခါအားလျော်စွာရှိခဲ့ရာ၊ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁၂ရှိတရားမကျင့်ထုံးဥပဒေအောက်ခြေမှတ်စု၌ဖော်ပြထားသည်ကိုတွေ့မြင်နိုင်ပါသည်။
The Penal Code ကိုရာဇသတ်ကြီးအဖြစ်၊မြန်မာဘာသာပြန်ခဲ့သည်မှာကြာပြီဖြစ်သော်လည်း၊အင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းထားသောမူရင်းပြဌာန်းချက်ကိုဖျက်သိမ်းခြင်းမရှိပါ။
ထိုသာဓကကိုထောက်ချင့်၍ The Civil Procedure Code ကိုလည်း၊မူရင်းပြဌာန်းချက်အတိုင်းပင်ဆက်လက်ပြဌာန်းထားသင့်ပါသည်။
သို့မှသာတရားမကျင့်ထုံးဆိုင်ရာပြဿနာပေါ်ပေါက်သည့်အခါတိုင်း၊မူရင်းပြဌာန်းချက်ကိုအခြေခံကာအဆုံးအဖြတ်ပေးမှသာလျှင်ပိုမိုတိကျသောအဖြေရရှိနိုင်မည်ဖြစ်ပါသည်။
တဘက်တွင်တရားမကျင့်ထုံးဥပဒေကိုမြန်မာဘာသာဖြင့်ပြန်ဆိုရန်မှာလည်းမရှိမဖြစ်ဆောင်ရွက်ရမည့်ကိစ္စတရပ်ဖြစ်ပါသည်။
Comments
Post a Comment