The Indian Law Reports, Rangoon Series, 1926, Volume 4

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။


ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။


The Indian Law Reports, Rangoon Series, 1926, Volume IVတွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး(၁၅)ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။


ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၅)ဦးတွင်၊မြန်မာတရားသူကြီး Mr. Justice Joseph Augustus Maung Gyi ၊ဦးဘနှင့်ဦးမြဘူးတို့ပါဝင်သည်။


Joseph Augustus Maung Gyi သည်၊စတုတ္ထမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်သည်။


ဦးဘသည်ပဉ္စမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။


ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၆ )ဦးထဲတွင်၊မြန်မာလူမျိုးဦးဘဒွန်းက Deputy Government Advocate အဖြစ်လည်းကောင်း၊ဦးမြဘူးနှင့်ဦးထွန်းဖြူတို့က၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၂၆ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၄ )တွင်ပရီဗီကောင်စီအမှုသုံးမှု၊စုံညီအမှု( ၁၂ )မှု(တရားမမှုကိုးမှုနှင့်ရာဇဝတ်မှုသုံးမှု)အပါအဝင်၊( ၇၉ )မှုကိုထုံးပြုခဲ့သည်။


၁၉၂၆ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၅၅၄ )မျက်နှာရှိသည်။


စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။


Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-


Referred to or Distinguished 


Followed 


Dissented from or Over-ruled ဟုဖော်ပြသည်။


—————————————


စီရင်ထုံးသမိုင်းကိုလေ့လာလျှင်၊တိုးတက်ဖြစ်ထွန်းနေမှုကိုအထင်အရှားတွေ့မြင်နိုင်သည်။


၁၈၇၂ခုနှစ်မှ၂၀၂၀ပြည့်နှစ်ကာလအတွင်းဖြစ်ထွန်းခဲ့သောစီရင်ထုံးများသည်၊ဥပဒေမျက်နှာစာအရပ်ရပ်ကိုလွှမ်းခြုံမိသေးသည်မဟုတ်။


ကွက်လပ်များရှိဆဲဖြစ်သည်။


တုတ်ထမ်းငြင်းရမည့်ဥပဒေပြဿနာများရှိဆဲဖြစ်သည်။


ပြည်ထောင်စုမြန်မာနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေအချို့မှာ၊အိန္ဒိယနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေများနှင့်တူပါသည်။


၁၈၇၂မှ၁၉၇၃ခုနှစ်ကာလအတွင်းထုံးပြုခဲ့သောစီရင်ထုံးများတွင်၊အိန္ဒိယနိုင်ငံစီရင်ထုံးများကိုလေ့လာကာမှုခင်းများကိုဆုံးဖြတ်ခဲ့ကြကြောင်းတွေ့မြင်နိုင်သည်။


မြန်မာနိုင်ငံစီရင်ထုံးများတွင်ထုံးသာဓကမရှိခြင်းကြောင့်ဖြစ်သည်။


၁၉၆၂မှစ၍၊အိန္ဒိယနိုင်ငံတရားလွှတ်တော်များနှင့်တရားလွှတ်တော်ချုပ်တို့​၏စီရင်ထုံးများမြန်မာနိုင်ငံသို့မရောက်တော့သဖြင့်လေ့လာခွင့်မရခဲ့သည်မှာနှစ်၅၀ကျော်ပါပြီ။


ဤကာလအတွင်းအိန္ဒိယနိုင်ငံ၌ဆင်ခြင်တွေးခေါ်မှုများမည်မျှတိုးတက်သွားသည်မသိရ။


ထိုနိုင်ငံတွင်တရားလွှတ်တော်အများအပြားရှိပါသည်။


တရားလွှတ်တော်ချုပ်ကနှစ်စဉ်ထုတ်ဝေလျက်ရှိသောစီရင်ထုံးများပင်ရာချီရှိသည်။


တရားလွှတ်တော်စီရင်ထုံးများနှင့်ပေါင်းလျှင်၊နှစ်စဉ်စီရင်ထုံးများထောင်ချီ၍ပေါ်ထွက်လျက်ရှိသည်။


မြန်မာနိုင်ငံဥပဒေပညာရှင်များလေ့လာခွင့်မရ။


ယခုအခါ Internet မှတဆင့်လေ့လာနိုင်သည်မှာမှန်သော်လည်း၊လေ့လာခွင့်အခွင့်အရေးမှာကန့်သတ်မှုရှိသည်။


အင်္ဂလိပ်ဘာသာဖြင့်ရေးသောအချို့သောစီရင်ထုံးများကိုအပတ်တကုတ်လေ့လာပါမှနားလည်နိုင်သည်။


စီရင်ထုံးများမှာ၊ဥပဒေပညာရှင်များဖတ်ရန်ဖြစ်ရာအကြောင်းပြချက်ကို၊ကမှအ၊အထိအသေးစိတ်ရေးလေ့မရှိ။


1941 RLR 371 တွင်ပြဆိုထားသော-


"S 146 of the Code of Civil Procedure does not override the provisions of O 22 of the Code."


ဟူသောအဆိုအမိန့်သည်သာဓကဖြစ်သည်။


ထို့ကြောင့်ဆင်ခြင်နိုင်သည့်ပညာခံရှိပါမှနားလည်နိုင်သည်ကိုစာဖတ်သူငြင်းနိုင်ပါသလား။


စာရေးသူဖြည့်စွက်အကြောင်းပြချက်များကိုပင်လိုက်နိုင်ပါသလားစောကြောရန်လိုပါသည်။


ဝထ္ထုဖတ်သလိုဖတ်ရန်မဟုတ်ဘဲ၊ကျိုးကြောင်းဆင်ခြင်သည့်ပညာဖြင့်ဖြေးဖြေးဖတ်ပါမှ၊တဖြည်းဖြည်းသဘောပေါက်ပါလိမ့်မည်ဟုဆိုလျင်စာဖတ်သူကိုအထင်သေးသည်ဟုစွပ်စွဲပါက၊မှားမမှားစာဖတ်သူကိုယ်တိုင်ဆင်ခြင်ကြည့်ပါ။


ဥပဒေပညာရပ်မှာအပြောကျယ်လှပါသည်။


ဆွေးနွေးချက်များအနေဖြင့်အပြောကျယ်ခြင်းကိုလက်ပိုက်ကြည့်နေရန်မဟုတ်။


စီရင်ထုံးများ၊စီရင်ချက်များကိုအမြဲမပြတ်လေ့လာလျှင်ကျိုးကြောင်းဆင်ခြင်သည့်ပညာတိုးတက်လာမည်မှာမုချဖြစ်သည်။


အားထုတ်မှုသည်သာအဓိကဖြစ်သည်။


ဘုရားအလောင်းမဟာဇနက္ကကိုအားကျအတုယူကာ၊ဥပဒေပညာကိုလေ့လာရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ