The Indian Law Reports, Rangoon Series, 1936, Volume 14
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1936, Volume XIVတွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၃ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၃ )ဦးတွင်၊မြန်မာတရားသူကြီးဦးမြဘူးနှင့်ဦးဘဦးတို့ပါဝင်သည်။
ဦးဘဦးသည်သတ္တမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။
အလျဉ်းသင့်၍ဖော်ပြရလျှင်၊နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်၁၉၅၂ခုနှစ်တွင်အသက်(၆၅)နှစ်ပြည့်၍၊နှစ်ပြည့်အငြိမ်းစားယူသောဒေါက်တာဘဦးသည် 11 LBR 439 စီရင်ထုံး၏အောက်ခြေမှတ်စုအရ၊၁၉၂၂ခုနှစ်တွင်ပုသိမ်မြို့၌ခရိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။
ဦးဘဦးရေးသောကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် My Burma စာအုပ်စာမျက်နှာ၈၇၌၊၎င်းအားရှေ့နေအဖြစ်မှထိုရာထူးတွင်ပထမဆုံးတိုက်ရိုက်ခန့်ထားကြောင်းဖော်ပြထားသည်။
သို့ဖြစ်၍ဦးဘဦးသည်၊နောက်အကျဆုံးအသက်၃၅နှစ်အရွယ်တွင်ခရိုင်တရားမတရားသူကြီးဖြစ်ခဲ့ကြောင်းတွေ့ရပါသည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၄ )ဦးထဲတွင်၊မြန်မာလူမျိုးဦးထွန်းဖြူနှင့်ဒေါက်တာဘဟန်တို့က၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၃၆ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၁၄ )တွင်ပရီဗီကောင်စီအမှု( ၂ )မှု၊စုံညီအမှု( ၁၀ )မှု(တရားမမှုခြောက်မှုနှင့်ရာဇဝတ်မှုလေးမှု)၊( Letters Patent Appeal )အမှု( ၁ )မှုအပါအဝင်၊( ၉၀ )မှုကိုထုံးပြုခဲ့သည်။
၁၉၃၆ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၇၅၈ )မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Approved
Considered
Discussed
Discussed and Distinguished
Distinguished
Explained and Approved
Followed
Referred to
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
14 Ran 439 ( F B )စီရင်ထုံးတွင်ထုံးပြုသော၊ဦးဆောင်စီရင်ချက်ကိုတရားဝန်ကြီးဦးမြဘူးရေးပါသည်။
ဦးမြဘူးသည်၊အစိုးရတရားလွှတ်တော်ရှေ့နေရုံး(ထိုစဉ်ကရှေ့နေချုပ်ရုံးမရှိသေးပါ)တွင်လက်ထောက်တရားလွှတ်တော်ရှေ့နေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊အောက်မြန်မာပြည်တရားရုံးချုပ်စီရင်ထုံးများ၌တွေ့မြင်နိုင်ပါသည်။
ထိုစဉ်ကတရားမမှုများတွင်အရပ်သားများဘက်မှရှေ့နေလိုက်ခဲ့ကြောင်းစီရင်ထုံးများတွင်ဖော်ပြထားသည်။
ဦးမြဘူးသည်ဟိုက်ကုတ်လွှတ်တော်တွင်၁၃-၁၁-၁၉၂၆နေ့၌တရားဝန်ကြီးဖြစ်လာသည်။
14 Ran 439 ( F B )စီရင်ထုံး၌ထုံးပြုထားသောစီရင်ချက်ကို၂၂-၇-၁၉၃၆နေ့တွင်ချမှတ်စဉ်က၊ဦးမြဘူးသည်တရားဝန်ကြီးလုပ်သက်၁၀နှစ်နီးပါးရှိပြီးတရားဝန်ကြီးချုပ်ပြီးလျှင်ဝါအရင့်ဆုံးတရားဝန်ကြီးဖြစ်သည်။
စုံညီခုံရုံး၏အဆုံးအဖြတ်ကိုခံယူသည့်ခဲကတ်သောဥပဒေပြဿနာများနှင့်စပ်လျဉ်း၍၊ဦးမြဘူးကစီရင်ထုံးစာမျက်နှာ၄၅၂မှ၄၆၈အထိရှည်လျားသောစီရင်ထုံးတွင်၊အချင်းဖြစ်ပြဿနာကိုစေ့စေ့စုံစုံစိစစ်ချပြသည်။
မြန်မာနိုင်ငံပထမနှင့်ဒုတိယစီရင်ထုံးပေါင်းချုပ်ကိုပြုစုသော Mr.Dunkley သည်စီရင်ထုံးစာမျက်နှာ၄၆၈(စာလေးကြောင်းမျှသာရှိသည်)မှ၄၈၀အထိ၊မိမိအမြင်ကိုလည်းကောင်း၊ကျန်တရားသူကြီးကစာမျက်နှာ၄၈၀မှ၄၈၄အထိမိမိအမြင်ကိုလည်းကောင်းရေးသားကာ၊ဦးမြဘူး၏အဆုံးအဖြတ်ကိုထောက်ခံရေးသားသည်။
မဟာမေဒင်တဦးကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌လက်ရောက်ပေးအပ်ရန်မလိုဟူသောဥပဒေမှာ၊မြန်မာနိုင်ငံတွင်၁၉၃၆ခုနှစ်မှစ၍အခြေကျလျက်ရှိသောတရားဥပဒေ( settled law )ဖြစ်ပါသည်။
————————————
ပရီဗီကောင်စီ၊ယခင်ဟိုက်ကုတ်လွှတ်တော်၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်၊တရားရုံးချုပ်(၁၉၆၂-၁၉၇၃)တို့၏စီရင်ထုံးများကိုဖတ်ရသည်မှာအရသာရှိလှသည်။
ဖတ်ရသူ၏စိတ်ဝယ်ထိုသူများကိုလစာကြေးကြီးကြီးပေးရကျိုးနပ်သည်ဟုခံစားရမည်မှာမလွဲ။
သို့သော်ထိုစီရင်ထုံးများကိုအရသာမခံဘဲဝထ္ထုဖတ်သလိုဖတ်ကြသူများသည်ထိုသို့ခံစားမိမည်မဟုတ်။
စာရေးသူကအရသာခံ၍ဖတ်ရတိုင်းစီရင်ထုံးများကိုဆက်လက်မဖတ်သေးဘဲခေတ္တနားကာ၊အရသာတွေ့သောစီရင်ထုံးများကိုရေးသားသူများကောင်းရာသုဂတိသို့ရောက်ကြပါစေဟုဆုတောင်းမိစမြဲ။
ကျေးဇူးတင်ထိုက်သူကိုကျေးဇူးတင်ရခြင်းသည်မင်္ဂလာတပါးဟုစာရေးသူကထင်မြင်သည်။
ထိုပုဂ္ဂိုလ်ကြီးများအားထုတ်မှုကြောင့်၊မြန်မာနိုင်ငံစီရင်ထုံးများသည်အိန္ဒိယနိုင်ငံအစရှိသောနိုင်ငံတို့နှင့်ရင်ဘောင်တန်းနိုင်ခဲ့သည်ဟုခံယူပါသည်။
ပရီဗီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်နှင့်တရားရုံးချုပ်(၁၉၆၂-၇၃)တို့သည်အမှုများကိုလေးလေးနက်နက်အချိန်ယူကြားနာဆင်ခြင်ဆုံးဖြတ်ခဲ့သည်မှာအမှန်ဖြစ်ကြောင်းစီရင်ထုံးများကသက်သေခံလျက်ရှိသည်။
စီရင်ထုံးများကိုမျက်စိမှိတ်ပြီးလိုက်နာခဲ့ကြသည်မဟုတ်။
သို့ဖြစ်၍မှားယွင်းသောစီရင်ထုံးများပျောက်ကွယ်သွားပြီးလက်ရှိလိုက်နာလျက်ရှိသောစီရင်ထုံးများကနေရာယူလျက်ရှိသည်။
မြန်မာနိုင်ငံတရားစီရင်ထုံးများ၏သမိုင်းကိုလေ့လာကြည့်ပါကရှေ့နေရှေ့ရပ်များ၏အကူအညီဖြင့်ယခင်တရားသူကြီးများမည်မျှအားထုတ်ကြိုးပမ်းခဲ့ကြောင်းအထင်အရှားတွေ့မြင်ရမည်ဖြစ်သည်။
Comments
Post a Comment