The Indian Law Reports, Rangoon Series, 1934, Volume 12
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1934, Volume XIIတွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၄ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၄ )ဦးတွင်၊မြန်မာတရားသူကြီးဦးမြဘူးနှင့်ဦးဘဦးတို့ပါဝင်သည်။
ဦးဘဦးသည်သတ္တမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။
အလျဉ်းသင့်၍ဖော်ပြရလျှင်၊နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်၁၉၅၂ခုနှစ်တွင်အသက်(၆၅)နှစ်ပြည့်၍၊နှစ်ပြည့်အငြိမ်းစားယူသောဒေါက်တာဘဦးသည် 11 LBR 439 စီရင်ထုံး၏အောက်ခြေမှတ်စုအရ၊၁၉၂၂ခုနှစ်တွင်ပုသိမ်မြို့၌ခရိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။
ဦးဘဦးရေးသောကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် My Burma စာအုပ်စာမျက်နှာ၈၇၌၊၎င်းအားရှေ့နေအဖြစ်မှထိုရာထူးတွင်ပထမဆုံးတိုက်ရိုက်ခန့်ထားကြောင်းဖော်ပြထားသည်။
သို့ဖြစ်၍ဦးဘဦးသည်၊နောက်အကျဆုံးအသက်၃၅နှစ်အရွယ်တွင်ခရိုင်တရားမတရားသူကြီးဖြစ်ခဲ့ကြောင်းတွေ့ရပါသည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၄ )ဦးထဲတွင်၊မြန်မာလူမျိုးဦးထွန်းဖြူက၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၃၄ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၁၂ )တွင်ပရီဗီကောင်စီအမှု( ၅ )မှု၊စုံညီအမှု( ၄ )မှု(တရားမမှုလေးမှု)အပါအဝင်( ၈၁ )မှုကိုထုံးပြုခဲ့သည်။
၁၉၃၃ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၆၉၉ )မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Applied
Approved
Considered
Considered and Explained
Discussed
Distinguished
Explained and Approved
Followed
Referred to
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
ခဲကတ်သော ( thorny )ဥပဒေပြဿနာများ
မျက်မှောက်ခေတ်စီရင်ထုံးသမိုင်းအစ၁၈၇၂ခုနှစ်၊ဇန်နဝါရီလ၊၄ရက်(နောက်၇၆ နှစ်ကြာမှမြန်မာနိုင်ငံလွတ်လပ်ရေးရသည်)နေ့တွင်ချမှတ်သည့်ပထမဆုံးစီရင်ထုံး S J L B 1 မှ၂၀၁၆ခုနှစ်စီရင်ထုံးစာအုပ်အထိနှစ်၁၄၀နီးပါးကာလအတွင်းမြန်မာနိုင်ငံအဆင့်အမြင့်ဆုံးတရားရုံးများသည်ခဲကတ်သောဥပဒေပြဿနာတို့၏စိန်ခေါ်မှုကို ရင်ဆိုင်ကာတရားစီရင်ခဲ့ကြသည်။
နှစ်၁၅၀နီးပါးကာလအတွင်းထုတ်ဝေခဲ့သောမြန်မာနိုင်ငံစီရင်ထုံးများသည်တရားဥပဒေအရပ်ရပ်၏မျက်နှာစာအလုံးစုံကိုမလွှမ်းခြုံမိသေး။
တရားမမှုခင်းများကိုစီရင်ရာ၌ခဲကတ်သောဥပဒေပြဿနာကိုအခါအားလျော်စွာဆက်လက်၍မုချရင်ဆိုင်ကြရဦးမည်ဖြစ်သည်။
ဤကြီးမားသောတာဝန်သည်ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပေါ်ကျ ရောက်လျက်ရှိသည်။
တရားရုံးအဆင့်ဆင့်တွင်အမှုလိုက်ကြသောရှေ့နေရှေ့ရပ်တို့၏အကူအညီဖြင့်အဖြေထုတ်ကြရန်ဖြစ်၍ထိုရှေ့နေကြီးများ၏ကဏ္ဍသည်လည်းအရေးပါသည်သာဖြစ်သည်။
စာမေးပွဲအောင်ရုံဥပဒေပညာမျှဖြင့်လက်တွေ့၌အလုပ်ဖြစ်မည်မဟုတ်။
စီရင်ထုံးများနှင့်ကျမ်းများကိုလေ့လာမှတ်သားနိုင်စွမ်းရှိဖို့လိုသည်။
မြန်မာဘာသာဖြင့်ရေးသောကျမ်းများမည်မည်ရရများများစားစားရှိသည်မဟုတ်။
လောလောဆယ်တွင်အိန္ဒိယနိုင်ငံမှကျမ်းများကိုလက်လှမ်းမီရန်အကြောင်းလည်းမမြင်။
တရားရုံးအဆင့်ဆင့်ကိုထိုက်သင့်သည့်အထောက်အကူပေးနိုင်ရန်ရှေ့နေကြီးများကြီးကြီးမားမားအားထုတ်ပါမှတော်ရုံကျပါလိမ့်မည်။
စီရင်ထုံးအများစုကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည်။
အိန္ဒိယနိုင်ငံဥပဒေကျမ်းတို့ကိုလည်းအင်္ဂလိပ်ဘာသာဖြင့်ရေးသည့်အလျောက်အင်္ဂလိပ်ဘာသာကို လောက်လောက်လားလားသင်ယူဖို့လိုသည်။
ယခုအခါရန်ကုန်မြို့တွင်အင်္ဂလိပ်စာသင်တန်းများဖြစ်ထွန်းလာမှုသည်အားတက်စရာဖြစ်သည်။
အမှန်စင်စစ်အားထုတ်မှုသည်သာအဓိကဖြစ်သည်။
Comments
Post a Comment