ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုရောင်းချရန်ကတိစာချုပ်ချုပ်ဆိုရာ၌၊ရောင်းချရန်ကတိပြုသူတို့သည်ဝယ်မည့်သူအားခိုင်လုံသောအကြောင်းမရှိဘဲ၊ယင်းပစ္စည်းများနှင့်စပ်လျဉ်း၍ကိုယ်စားလှယ်လွှဲစာများချုပ်ဆိုပေးရသောသာဓကများပေါ်ပေါက်လျက်ရှိသည်ကိုတွေ့ရသည်။
ထိုကိုယ်စားလှယ်လွှဲစာများအရ၊ကိုယ်စားလှယ်လွှဲစာရသူတို့ကပိုင်ရှင်များကိုယ်စားရောင်းချမှုများလည်းကျိုးကြားကျိုးကြားပေါ်ပေါက်လျက်ရှိရာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များနှင့်စပ်လျဉ်း၍၊အများပြည်သူအကျိုးငှါခိုင်မာသောထုံးသာဓကတရပ်ချမှတ်ပေးသင့်သည်ဟုသဘောရရှိသည်။
ထို့အပြင်ဥပဒေဟူသည်အဆုံးထိလေ့လာ၍ရနိုင်သောအရာမဟုတ်ကြောင်းသိစေလိုသည်။
ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်အဖြစ်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များကိုဆွေးနွေးလိုသည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်မှာ၊အင်္ဂလိပ်ဘာသာဖြင့်အောက်ပါအတိုင်းဖြစ်သည်-
Right of principle when agent deals, on his own account, in business of agency without principal’s consent.
S.215. If an agent deals on his own account in the business of the agency, without first obtaining the consent of his principal and acquainting him with all material circumstances which have come to his own knowledge on the subject, the principal may repudiate the transaction, if the case shows, either that any material fact has been dishonestly concealed from him by the agent, or that the dealings of the agent have been disadvantageous to him.
မြန်မာဘာသာပြန်ဆိုချက်မှာအောက်ပါအတိုင်းဖြစ်သည်-
ကိုယ်စားလှယ်လွှဲသူ၏သဘောတူချက်မရရှိဘဲ၊ကိုယ်စားလှယ်ကကိုယ်စားလှယ်လုပ်ငန်းကိုမိမိအတွက်စီမံခန့်ခွဲသည့်အခါ၊ကိုယ်စားလှယ်လွှဲသူ၏အခွင့်အရေး။
၂၁၅။ ကိုယ်စားလှယ်တဦးသည်မိမိအားကိုယ်စားလှယ်လွှဲသူ၏သဘောတူချက်ကိုဦးစွာရယူခြင်းမပြုသည့်အပြင်လုပ်ငန်းနှင့်စပ်လျဉ်း၍ကိုယ်တိုင်သိရသောအရေးပါသည့်အကြောင်းအရာအရပ်ရပ်ကိုထိုသူအားအသိမပေးဘဲကိုယ်စားလှယ်လုပ်ငန်းကိုမိမိအတွက်စီမံခန့်ခွဲလျှင်၊ကိုယ်စားလှယ်သည်အရေးပါသောအကြောင်းခြင်းရာတခုခုကိုမိမိမသိအောင်မရိုးမဖြောင့်သောသဘောဖြင့်ထိန်ချန်ကြောင်းဖြစ်စေ၊ကိုယ်စားလှယ်၏စီမံခန့်ခွဲချက်များသည်မိမိအားအကျိုးမဲ့စေကြောင်းဖြစ်စေပေါ်ပေါက်လာပါက၊ကိုယ်စားလှယ်လွှဲသူသည်ထိုအမှုကိစ္စကိုငြင်းနိုင်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များအရ၊ကိုယ်စားလှယ်လွှဲသူကမိမိကိုယ်စားလှယ်ဆောင်ရွက်သည့်အမှုကိစ္စကိုငြင်းနိုင်ရန်အောက်ပါအချက်( ၃ )ရပ်နှင့်ညီညွတ်ရန်လိုသည်-
( ၁ )ကိုယ်စားလှယ်သည်ကိုယ်စားလှယ်လုပ်ငန်းကိုမိမိအတွက်စီမံခန့်ခွဲခြင်း။
( ၂ )ကိုယ်စားလှယ်သည်မိမိအားကိုယ်စားလှယ်လွှဲသူ၏သဘောတူချက်ကိုဦးစွာမရယူခြင်း၊ထို့ပြင်လုပ်ငန်းနှင့်စပ်လျဉ်း၍မိမိသိရသောအရေးပါသည့်အကြောင်းအရာအရပ်ရပ်ကိုထိုသူအားအသိမပေးခြင်း။
( ၃ )ကိုယ်စားလှယ်သည်အရေးပါသောအကြောင်းခြင်းရာတခုခုကိုကိုယ်စားလှယ်လွှဲသူမသိအောင်မရိုးမဖြောင့်သောသဘောဖြင့်ထိန်ချန်ခြင်းသို့မဟုတ်ကိုယ်စားလှယ်၏စီမံခန့်ခွဲချက်များသည်ကိုယ်စားလှယ်လွှဲသူအားအကျိုးမဲ့စေခြင်း။
ရာဇသတ်ကြီး(ပြစ်မှုဆိုင်ရာ)ဥပဒေပုဒ်မ၂၀၈၊ဥပမာ(က)တွင်၊”either on his own account or for the benefit of Z”ဟူသောစကားရပ်ကို”သူ့အတွက်ဖြစ်စေ၊မောင်နီ၏အကျိုးအတွက်ဖြစ်စေ”ဟုဘာသာပြန်ပါသည်။
၁၉၄၈ခုနှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၂(ဂ)တွင်”မိမိအတွက်”ဟုမြန်မာဘာသာဖြင့်ပြဌာန်းပါသည်။
သို့ဖြစ်ရာအထက်ပါပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ-
”deals on his own account in the business of agency “
ဟူသောစကားရပ်ကို
“ကိုယ်စားလှယ်လုပ်ငန်းကိုမိမိအတွက်စီမံခန့်ခွဲလျှင်”ဟုအဓိပ္ပာယ်ကောက်ယူသင့်သည်။
ကိုယ်စားလှယ်လွှဲစာ၌အချင်းဖြစ်ပစ္စည်းကိုရောင်းချခြင်း၊ပေါင်နှံခြင်း၊အငှါးချထားခြင်းအစရှိသည့်ကိစ္စတရပ်ရပ်ကိုဆောင်ရွက်ရန်အတွက်လွှဲအပ်ကြခြင်းဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅၏သဘောသဘာဝကိုဥပမာ(၂)ရပ်ဖြင့်အောက်ပါအတိုင်းရှင်းပြပါသည်။
ဥပမာများ။
(က)မောင်ဖြူသည်မောင်နီအားမိမိပိုင်မြေယာကိုရောင်းချစေရန်ညွှန်ကြားရာမောင်နီသည်မောင်ဝါ၏အမည်ဖြင့်မြေယာကိုမိမိအတွက်ဝယ်ယူကြောင်းသိရသည့်အခါမောင်နီသည်အရေးပါသောအကြောင်းတခုခုကိုမရိုးမဖြောင့်သောသဘောဖြင့်ထိန်ချန်ကြောင်းဖြစ်စေ၊ရောင်းချခြင်းမှာမိမိအားအကျိုးမဲ့စေကြောင်းဖြစ်စေပြနိုင်ပါကမောင်ဖြူသည်ရောင်းချခြင်းကိုငြင်းနိုင်သည်။
(ခ)မောင်ဖြူသည်မောင်နီအားမိမိပိုင်မြေယာကိုရောင်းချစေရန်ညွှန်ကြားရာမရောင်းချမီမောင်နီသည်မြေယာကိုစစ်ဆေးကြည့်ရှုသောအခါမြေယာတွင်မောင်ဖြူမသိသောသတ္တုသိုက်ရှိကြောင်းတွေ့ရ၏။မောင်နီသည်မြေယာကိုမိမိအတွက်ဝယ်ယူလိုကြောင်းမောင်ဖြူအားအကြောင်းကြားသော်လည်းသတ္တုသိုက်တွေ့ခြင်းကိုထိန်ချန်၏။သတ္တုသိုက်ရှိကြောင်းမသိသောကြောင့်မောင်ဖြူသည်မောင်နီအားဝယ်ခွင့်ပြု၏။မောင်နီသည်မြေယာကိုဝယ်ယူစဉ်ကသတ္တုသိုက်ရှိကြောင်းသိသည်ဟုမောင်ဖြူသိရသောအခါရောင်းချခြင်းကိုငြင်းလိုလျှင်ငြင်းနိုင်၍တည်စေလိုကတည်နိုင်သည်။
အထက်ပါဥပမာများအရ၊”on his own account”သည်”for himself “(မိမိအတွက်)ဟုအဓိပ္ပာယ်သက်ရောက်သည်။
အထက်ပါဥပမာများတွင်ကိုယ်စားလှယ်သည်လွှဲအပ်သည့်မြေကိုရောင်းချခဲ့ခြင်းဖြစ်ပါသည်။
သို့ရာတွင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅တွင်အကျုံးဝင်ရန်လိုအပ်သောအချက်တရပ်မှာကိုယ်စားလှယ်သည်အချင်းဖြစ်ပစ္စည်းများကိုမိမိအတွက်ဝယ်ယူမှုရှိရပါမည်။
သို့ဖြစ်၍ထိုဥပမာ၂ရပ်လုံးတွင်ကိုယ်စားလှယ်ကလွှဲအပ်သောပစ္စည်းများကိုမိမိအတွက်ဝယ်ယူကြောင်းဥပမာပြဆိုထားခြင်းဖြစ်ပါသည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါဝါကျတည်ဆောက်ပုံကိုစလယ်ဆုံးဖတ်ရှုပါက၊ကိုယ်စားလှယ်ကလွှဲအပ်သောပစ္စည်းများကိုမိမိပိုင်အဖြစ်စီမံခန့်ခွဲလျှင်( If an agent deals on his own account in the business of agency )ဟူသောပြဌာန်းချက်သည်ပုဒ်မ၂၁၅၏ပင်မပြဌာန်းချက်ဖြစ်ကြောင်းတွေ့မြင်နိုင်ပါသည်။
ထိုအချက်နှင့်အကျုံးဝင်ပါမှကျန်အချက်များနှင့်ညီညွတ်ခြင်းရှိမရှိဆက်လက်စိစစ်ရန်ဖြစ်ပါသည်။
ကိုယ်စားလှယ်ကမိမိအမည်ဖြင့်ဖြစ်စေ[ ဥပမာ(ခ) ]၊အခြားသူ၏အမည်ဖြင့်ဖြစ်စေ[ ဥပမာ(က) ]ဝယ်ယူခြင်းရှိရန်လည်းလိုအပ်ပါသည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅တွင်”rescind”(ဖျက်သိမ်းသည်)ဟုမသုံးဘဲ“repudiate “(ငြင်းဆိုသည်)ဟုသုံးထားသည်။
———————————-
Black Law Dictionary စာမျက်နှာ၆၇၆တွင်”repudiation”ကိုအောက်ပါအတိုင်းပြဆိုသည်-
repudiation,n.(16c)Contracts.
A contracting party’s words or actions that indicate an intention not to perform the contract in the future, a threatened breach of contract.
———————————
Black Law Dictionary စာမျက်နှာ၆၇၇တွင်”rescind”ကိုအောက်ပါအတိုင်းပြဆိုသည်-
rescind,vb.(17c)
1. To abrogate or cancel(a contract)unilaterally or by agreement.
2. To make void; to repeal or annul < rescind the legislation >.
3. Parliamentary law. To void, repeal, or nullify a main motion adopted earlier.
———————————-
Black Law Dictionary စာမျက်နှာ၆၇၇တွင်”rescission “ကိုအောက်ပါအတိုင်းပြဆိုသည်-
rescission,n.(17c)
1. A party’s unilateral unmaking of a contract for a legally sufficient reason, such as the other party’s material breach, or a judgment rescinding the contract,voidance.
Rescission is generally available as a remedy or defence for a nondefaulting party and is accompanied by restitution of any partial performance, thus restoring the parties to their precontractual positions.
2. An agreement by contracting parties to discharge all remaining duties of performance and terminate the contract.
———————————
ကုန်စည်အရောင်းအဝယ်အက်ဥပဒေ(တချိန်ကပဋိညာဉ်အက်ဥပဒေအခန်း၇ပါပုဒ်မ၇၆မှ၁၂၃ပါပြဌာန်းချက်များကိုကုန်စည်အရောင်းအဝယ်အက်ဥပဒေအဖြစ်ပြန်လည်ပြဌာန်းထားသည်)ပုဒ်မ၆၀တွင်-
“Where either party to a contract of sale repudiates the contract before the date of delivery, the other may either treat the contract as subsisting and wait till the date of delivery, or he may treat the contracts as rescinded and sue for damages for the breach.”
ဟုပြဌာန်းချက်များကိုသတ္တုချကြည့်ပါကကုန်ရောင်းကုန်ဝယ်ပဋိညာဉ်ကိုငြင်း(repudiate)ရုံသက်သက်သည်၊ထိုပဋိညာဉ်ကိုဖျက်သိမ်း(rescind)ရာမရောက်ကြောင်းပေါ်လွင်သည်။
ကိုယ်စားလှယ်ကရောင်းချပေးရန်လွှဲအပ်သောပစ္စည်းကိုမိမိအတွက်ဝယ်ယူသောအခါကိုယ်စားလှယ်လွှဲသူသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅အရ၊ထိုပဋိညာဉ်(အရောင်းအဝယ်စာချုပ်)ကိုဖျက်သိမ်းခွင့်မရဘဲ၊ငြင်းခွင့်သာခွင့်ပြုထားသည်။
သို့ဖြစ်၍ငြင်းရုံမျှဖြင့်ထိုပဋိညာဉ်(အရောင်းအဝယ်စာချုပ်)ကိုဖျက်သိမ်းပြီးရာမရောက်နိုင်။
ပဋိညာဉ်ကိုရပ်စဲခွင့်သာရရှိသည်။
Comments
Post a Comment