ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅အရငြင်းခွင့်ရှိမရှိကိစ္စ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊၂၀၁၂ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၃၈၃တွင်၊ဒေါ်ထားထားမေတို့ဘက်မှအောက်ပါအတိုင်းအကြောင်းပြကာအထူးအယူခံဝင်ခွင့်ပြုရန်လျှောက်ထားသည်-
“ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅အရငြင်းခွင့်ရှိမရှိကိစ္စ”
“အရေးယူလောက်သောပြဿနာ”
“ဒေါ်ထားထားမေကဒေါ်ကြည်ဝင်း၏ကိုယ်စားလှယ်အဖြစ်ဖြင့်သက်သေခံ(ဂ)အရောင်းအဝယ်စာချုပ်ချုပ်ဆိုသောဦးအေးလွင်၊ဒေါ်ချိုသဲနွယ်တို့အားလွှဲပြောင်းရောင်းချခြင်းသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ”If an agent deals on his own account in the business of the agency”ဟူသောပြဌာန်းချက်များနှင့်လည်းကောင်း၊ဥပမာ(၂)ရပ်အနက်တရပ်ရပ်နှင့်လည်းကောင်းအကျုံးဝင်ခြင်းရှိမရှိ”
အထူးခုံရုံးကလျှောက်လွှာကိုပယ်ရာ၌အောက်ပါအတိုင်းအကြောင်းပြသည်-
“ကိုယ်စားလှယ်သည်ကိုယ်စားလှယ်လွှဲသူ၏သဘောတူညီချက်ကိုကြိုတင်မရယူသည့်အပြင်လုပ်ငန်းနှင့်ပတ်သက်၍အရေးကြီးသည့်အကြောင်းအရာများကို၊ကိုယ်စားလှယ်လွှဲအပ်သူအားအသိမပေးဘဲကိုယ်စားလှယ်လုပ်ငန်းများကိုမိမိသဘောအတိုင်းလုပ်ကိုင်ခဲ့လျှင်အရေးကြီးသောအကြောင်းအရာကိုကိုယ်စားလှယ်လွှဲသူမသိအောင်ကိုယ်စားလှယ်ကထိန်ချန်ထားကြောင်းသို့မဟုတ်ကိုယ်စားလှယ်၏ဆောင်ရွက်မှုသည်ကိုယ်စားလှယ်လွှဲသူအားဆုံးရှုံးနစ်နာစေခဲ့ကြောင်းပေါ်ပေါက်လျှင်ကိုယ်စားလှယ်လွှဲသူသည်ထိုလုပ်ငန်းကိုအတည်မပြုဘဲငြင်းဆိုခွင့်ရှိကြောင်းပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅တွင်ပြဌာန်းထားသည်။
လျှောက်ထားသူများ၏ရှေ့နေကပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ”on his own account “သည်ဖော်ပြထားသည့်ဥပမာများအရ”for himself “”မိမိအတွက်”ဟုအဓိပ္ပာယ်သက်ရောက်ကြောင်း၊သို့ဖြစ်၍ထိုပုဒ်မ၂၁၅တွင်အကျုံးဝင်ရန်လိုအပ်သောအချက်တရပ်မှာကိုယ်စားလှယ်သည်အချင်းဖြစ်ပစ္စည်းများကို”မိမိအတွက်”ဝယ်ယူမှုရှိရမည်ဖြစ်ကြောင်းတင်ပြသည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅တွင်”If an agent deals on his own account in the business of the agency “ဟုပြဌာန်းထားရာ၊ကိုယ်စားလှယ်သည်ကိုယ်စားလှယ်လုပ်ငန်းကို”မိမိပိုင်အဖြစ်”သို့မဟုတ်”မိမိသဘော”သို့မဟုတ်”မိမိသဘောအတိုင်း”လုပ်ကိုင်ခဲ့လျှင်ဟုအဓိပ္ပာယ်ရရှိသည်။ဥပမာများတွင်ဖော်ပြထားသည့်အတိုင်းအခါခပ်သိမ်း”မိမိအတွက်”ဟုအဓိပ္ပာယ်ဖွင့်ရန်မဟုတ်ပေ။
ထို့ကြောင့်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅၏ဥပမာများတွင်ပါရှိသည့်အတိုင်းကိုယ်စားလှယ်ကမိမိအတွက်ဝယ်ယူမှုရှိမှသာပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅နှင့်သက်ဆိုင်သည်ဟုကောက်ယူရန်သင့်မည်မဟုတ်ပေ။
အမှတ်(၁)လျှောက်ထားသူဒေါ်ထားထားမေသည်အချင်းဖြစ်မြေကွက်ကိုကိုယ်စားလှယ်လွှဲသူ၏သဘောတူညီချက်ကိုဦးစွာရယူခြင်းမပြုဘဲ”မိမိသဘောအတိုင်း”အမှတ်(၂)(၃)လျှောက်ထားသူများထံရောင်းချရာတွင်ရောင်းကြေးငွေကျပ်၁၃၅သိန်းလက်ခံရရှိကြောင်းဝန်ခံထားသည်။
အချင်းဖြစ်မြေကွက်ကိုငွေကျပ်၁၃၅သိန်းနှင့်ရောင်းချပါလျက်အရောင်းအဝယ်စာချုပ်တွင်ငွေကျပ်၁၀သိန်းဖြင့်ရောင်းချကြောင်းဖော်ပြထားခြင်းကြောင့်ကိုယ်စားလှယ်ဒေါ်ထားထားမေသည်အရေးကြီးသောအကြောင်းအရာကိုကိုယ်စားလှယ်လွှဲသူဒေါ်ကြည်ဝင်းမသိအောင်မရိုးမဖြောင့်သောသဘောဖြင့်ထိန်ချန်ထားရာရောက်သည့်အပြင်ကိုယ်စားလှယ်လွှဲသူအားဆုံးရှုံးနစ်နာစေခဲ့ကြောင်းပေါ်ပေါက်နေသဖြင့်ကိုယ်စားလှယ်လွှဲသူဒေါ်ကြည်ဝင်း(လျှောက်ထားခံရသူ)အနေဖြင့်အမှတ်(၁)လျှောက်ထားသူကအမှတ်(၂)(၃)လျှောက်ထားသူများအားရောင်းချခြင်းကိုပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅အရအတည်မပြုဘဲငြင်းဆိုပိုင်ခွင့်ရှိပေသည်။”
မြန်မာနိုင်ငံ၏အဆင့်မြင့်ဆုံးတရားရုံးတို့သည်၊တရားစီရင်ရာ၌အကိုးအကားဖြင့်ကြောင်းကျိုးပြစီရင်ခဲ့ကြသည်။
အထက်ပါစီရင်ချက်တွင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ”on his own account “ဟူသောစကားရပ်ကို”မိမိပိုင်အဖြစ်၊မိမိသဘောအတိုင်း”အဓိပ္ပာယ်ရသည်ဆိုခြင်းမှာထုံးသာဓကကိုးကားခြင်းမရှိဘဲဆုံးဖြတ်ခြင်းဖြစ်သဖြင့်အတ္တနောမတိဆုံးဖြတ်ရာရောက်သည်။
ထို့ပြင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅၏ဥပမာများတွင်ပါရှိသည့်အတိုင်း”မိမိအတွက်”ဟုအခါခပ်သိမ်းအဓိပ္ပာယ်ဖွင့်ရန်မဟုတ်ဟုဆိုရာ၌လည်းကျိုးကြောင်းဖော်ပြခြင်းမပြု။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအယူခံတွင်”ဒေါ်ထားထားမေသည်ဦးအေးလွင်၊ဒေါ်ချိုသဲနွယ်တို့အားအချင်းဖြစ်ဥပစာကိုဒေါ်ကြည်ဝင်း၏အထွေထွေကိုယ်စားလှယ်စာရသူအဖြစ်လက်မှတ်ရေးထိုးရောင်းချခဲ့ရာတွင်သက်သေခံ၁စာချုပ်တွင်အရောင်းအဝယ်ပြုသည့်တန်ဖိုးထက်များစွာလျော့နည်းသည့်ကျပ်၁၀သိန်းဖြင့်ရောင်းချခဲ့ခြင်းဖြစ်သည်။ယင်းသို့ရောင်းချခြင်းကိုကိုယ်စားလှယ်လွှဲသူဒေါ်ကြည်ဝင်း၏သဘောတူညီချက်ရယူခဲ့ကြောင်းပေါ်ပေါက်ခဲ့ခြင်းမရှိပေ။ကိုယ်စားလှယ်လွှဲအပ်သူသဘောတူခွင့်ပြုချက်မရှိဘဲကိုယ်စားလှယ်သည်၎င်းသဘောအလျောက်ဆောင်ရွက်ခြင်းဖြစ်သဖြင့်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅အရယင်းသို့ရောင်းချခြင်းကိုဒေါ်ကြည်ဝင်းကအတည်မပြုရန်ငြင်းဆိုပိုင်ခွင့်ရှိသည်။”ဟုသုံးသပ်ရာ၌ပုဒ်မ၂၁၅ပါ”If any agent deals on his own account in the business of the agency”ဟူသောပြဌာန်းချက်များတွင်အကျုံးဝင်မဝင်ဆင်ခြင်ခြင်းမပြု။
“ကိုယ်စားလှယ်သည်xxxxကိုယ်စားလှယ်လုပ်ငန်းများကို’မိမိသဘောအတိုင်း’လုပ်ကိုင်ခဲ့လျင်”ဟုအထူးခုံရုံးကကောက်ယူခြင်းသည်၊မြန်မာနှင့်အင်္ဂလိပ်နှစ်ဘာသာဖြင့်ပြဌာန်းခဲ့သောယခင်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေ(The Union Judiciary Act)(ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁စာ၁၈၂မှ၁၉၈)ပုဒ်မ၆ပါ”in its discretion “ကို”မိမိသဘောအတိုင်း”ဟုမြန်မာဘာသာဖြင့်ပြဌာန်းခဲ့ခြင်းနှင့်ညီညွတ်ပုံမပေါ်။
မြန်မာစာအဖွဲ့ကထုတ်ဝေသောမြန်မာအဘိဓာန်အကျဉ်း(ပထမနှိပ်ခြင်း)အတွဲ၄၊စာမျက်နှာ၁၇၇၌”သဘော”ကို”အလိုဆန္ဒ”ဟူ၍လည်းကောင်း၊အတွဲ၅၊စာမျက်နှာ၅၉တွင်”အတိုင်း”ကို”အရ၊အလျောက်”ဟူ၍လည်းကောင်းအဓိပ္ပာယ်ဖွင့်ဆိုထားရာ”မိမိသဘောအတိုင်း”ဆိုသောစကားရပ်၏အဓိပ္ပာယ်မှာ”မိမိအလိုဆန္ဒအရ(အလျောက်)”ဟုအဓိပ္ပာယ်ရသည်။
ကိုယ်စားလှယ်သည်ကိုယ်စားလှယ်လွှဲစာအရ၊ရရှိသောလွှဲအပ်ထားမှုဘောင်အတွင်း(ကိုယ်စားလှယ်လွှဲသူကတာဝန်ပေးသည့်အတိုင်း၊တနည်းအားဖြင့်ရောင်းခိုင်းသည့်အတိုင်း)ဆောင်ရွက်ခြင်းသည်ကိုယ်စားလှယ်၏စိတ်ဆန္ဒအလျောက်ပြုလုပ်သည်ဟုဆိုနိုင်မည်မဟုတ်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆ကကိုယ်စားလှယ်လွှဲသူကိုယ်တိုင်ကပြုလုပ်ဘိသကဲ့သို့တရားဝင်အကျိုးသက်ရောက်ကြောင်းအသိအမှတ်ပြုထားသည်။
ကိုယ်စားလှယ်သည်မိမိအားလွှဲအပ်ထားသည့်အာဏာကိုကျော်လွန်ဆောင်ရွက်သည့်အခါတွင်ပင်ကိုယ်စားလှယ်လွှဲသူ၌အကန့်အသတ်ဖြင့်တာဝန်ရှိနိုင်ကြောင်းပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၇တွင်ဆက်လက်ပြဌာန်းထားသည်။
ကိုယ်စားလှယ်ကထိုအခွင့်အာဏာကိုကျော်လွန်ဆောင်ရွက်ခြင်းသည်အထူးခုံရုံးကညွှန်ပြသော”မိမိသဘောအတိုင်း”ဆောင်ရွက်ခြင်းဖြစ်ပေလိမ့်မည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ”on his own account “၏အဓိပ္ပာယ်ကို၊မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်ဝေသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ၂၀၈၏ဥပမာနှင့်၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၂(ဂ)တို့၌တညီတညွတ်တည်းဖွင့်ဆိုထားသော”မိမိအတွက်”ဟူသည့်ဘာသာပြန်ချက်နှင့်ကွဲလွဲအဓိပ္ပာယ်ဖွင့်ဆိုရန်၊ခိုင်လုံသောထုံးသာဓကမတွေ့ရသေး။
အမှန်ဆိုသော်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များကိုပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၆နှင့်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆ပါပြဌာန်းချက်များနှင့်ညီညွတ်အောင်အဓိပ္ပာယ်ကောက်ယူရန်ဖြစ်သည်။
၁၉၅၅၊မတစ၊(တရားလွှတ်တော်ချုပ်)၅၄၊စီရင်ထုံးကိုကြည့်ပါ။
၁၉၅၅၊မတစ(တရားလွှတ်တော်ချုပ်)၅၄အမှုတွင်၊ယခင်တရားလွှတ်တော်ချုပ်ကပြဌာန်းဥပဒေပါပြဌာန်းချက်များကိုပိုလျှံခြင်းကိုရှောင်ရှား၍အဓိပ္ပာယ်ကောက်ယူရမည်ဟုပြဆိုထားသည်။
ဥပဒေပြုအဖွဲ့သည်ပိုသော၊ထပ်သောပြဌာန်းချက်များကိုပြဌာန်းခြင်းမပြု။
Comments
Post a Comment