ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များကိုအကြောင်းပြုပြီး၊ကိုယ်စားလှယ်လွှဲသူကစွဲဆိုရမည့်အမှုအမျိုးအစား။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များကိုအကြောင်းပြုပြီး၊ကိုယ်စားလှယ်လွှဲသူကစွဲဆိုရမည့်အမှုအမျိုးအစား”
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
“S.35. Any person interested in a contract in writing may sue to have it rescinded, and such rescission may be adjudged by the Court in any of the following cases, namely: -
( a )Where the contract is voidable or terminable by the plaintiff;”
(၃၅။ စာဖြင့်ရေးထားသည့်ပဋိညာဉ်တွင်အကျိုးသက်ဆိုင်သူတဦးဦးသည်ထိုပဋိညာဉ်ကိုဖျက်သိမ်းပေးရန်တရားစွဲဆိုနိုင်သည်။ထို့ပြင်တရားရုံးသည်အောက်ပါကိစ္စတခုခုတွင်ထိုသို့ဖျက်သိမ်းရန်ဆုံးဖြတ်နိုင်သည်-
(က)ပဋိညာဉ်ကိုတရားလိုကဖျက်သိမ်းခွင့်ရှိခြင်းသို့မဟုတ်ရပ်စဲနိုင်ခြင်း)
(မှတ်ချက်။ ။ယခုအခါပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေသည်မြန်မာနိုင်ငံတဝန်း၌အတည်ဖြစ်လျက်ရှီသဖြင့်”စာဖြင့်ရေးထားသည်”ဆိုသောစကားရပ်ကိုဖျက်သိမ်းထားသည်။သို့ဖြစ်၍နှုတ်ပဋိညာဉ်ကိုဖျက်သိမ်းပေးရန်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅အရတရားစွဲဆိုနိုင်သည်။)
ရောင်းချခြင်းဆိုရာ၌၊လွှဲအပ်သောပစ္စည်းကိုကိုယ်စားလှယ်က”မိမိအတွက်”ဝယ်ယူခြင်းကြောင့်ကိုယ်စားလှယ်လွှဲသူသည်အရောင်းအဝယ်ကိစ္စဖြစ်ပြီးနောက်၊အရောင်းအဝယ်(ပဋိညာဉ်)ကိုဖျက်သိမ်းပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅(က)အရတရားစွဲဆိုရန်ဖြစ်ရာ၊အင်္ဂလန်နိုင်ငံစီရင်ထုံး( Wentworth v. Lloyd, [ 1864 ] 10 H L Cas 589 )ထုံးဖွဲ့ချက်နှင့်ညီညွတ်သည်ကိုတွေ့မြင်နိုင်သည်။
ထိုစာချုပ်ကိုသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅(က)အရဖျက်သိမ်းခြင်းမပြုသေးသမျှ၊ကိုယ်စားလှယ်လွှဲသူအပေါ်အတည်မဖြစ်၊အကျိုးသက်ရောက်မှုမရှိဟုမည်သည့်နည်းနှင့်မျှမဆိုနိုင်ကြောင်းအထက်ပါပြဌာန်းချက်အရမြင်သာသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅(က)အရဖျက်သိမ်းနိုင်သောပဋိညာဉ်သည်၊ပဋိညာဉ်အက်ဥပဒေ၏အဓိပ္ပာယ်အရဖျက်သိမ်းခွင့်ရှိသော(voidable)ပဋိညာဉ်အပြင်ရပ်စဲနိုင်သော(terminable)ပဋိညာဉ်လည်းပါဝင်သည်ကိုသတိချပ်ရန်လိုသည်။ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၁၄တွင်သတ်မှတ်ထားသောကာလအတွင်းတရားစွဲဆိုရန်ဖြစ်သည်။
—————————
2014 BLR 123
ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေ(ခ)မဝေပါ၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ရှေ့တွင်
တရားမအယူခံမှုမှဦးမျိုးဆွေသိမ်းတို့က၊၎င်းတို့၏ကိုယ်စားလှယ်ဒေါ်မြနှင်းဝေ(ခ)မဝေက၎င်းတို့ဂရန်ရသောမြေအားရောင်းချသည့်ပဋိညာဉ်ကို၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅အရဖျက်သိမ်းပေးရန်တရားမစွဲဆိုဘဲကိုယ်စားလှယ်၏ဆောင်ရွက်ချက်များသည်၎င်းတို့အပေါ်အတည်မဖြစ်ကြောင်းမြွက်ဟကြေညာပေးရန်တရားစွဲဆိုခြင်းသည်အမှုပုံစံလွဲမှားသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။အချင်းဖြစ်မြေကွက်များနှင့်စပ်လျဉ်း၍တရားလိုများ၏ကိုယ်စားလှယ်စာရသူအမှတ်(၁)တရားပြိုင်က၎င်း၏အခွင့်အာဏာအတွင်းအမှတ်(၂)တရားပြိုင်ဦးတင်မိုးသို့၂၈-၉-၂၀၁၉နေ့တွင်မှတ်ပုံတင်စာချုပ်များချုပ်ဆို၍လွှဲပြောင်းရောင်းချခဲ့ခြင်းသည်ကိုယ်စားလှယ်လွှဲသူတရားလိုများကိုယ်တိုင်ရောင်းချသကဲ့သို့အတည်ဖြစ်သည်ဟုပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆အရမှတ်ယူနိုင်မည်ဖြစ်ပေသည်။
ထို့ကြောင့်ကိုယ်စားလှယ်ဖြစ်သူဒေါ်မြနှင်းဝေကကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ချက်များသည်တရားလိုဦးမျိုးဆွေသိမ်းတို့အပေါ်ဥပဒေအရအတည်ဖြစ်သည့်အလျောက်ကိုယ်စားလှယ်ဒေါ်မြနှင်းဝေကကိုယ်စားလှယ်အဖြစ်စီမံခန့်ခွဲဆောင်ရွက်ချက်များသည်တရားလိုများအပေါ်အတည်မဖြစ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုရန်အကြောင်းမပေါ်ပေါက်ပေ။
ထပ်မံဆုံးဖြတ်ချက်။ ။ကိုယ်စားလှယ်သည်မိမိအားကိုယ်စားလှယ်လွှဲသူ၏သဘောတူညီချက်ကိုဦးစွာရယူခြင်းမပြုဘဲ၊ထို့ပြင်အရေးပါသည့်အကြောင်းအရာအရပ်ရပ်ကိုကိုယ်စားလှယ်လွှဲသူအားအသိမပေးဘဲကိုယ်စားလှယ်လွှဲသည့်ပစ္စည်းကိုမိမိအတွက်ဝယ်ယူခြင်းဖြစ်ပါကကိုယ်စားလှယ်လွှဲသူအနေဖြင့်အရောင်းအဝယ်ပဋိညာဉ်ကိုဖျက်သိမ်းပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅(က)အရတရားစွဲဆိုရမည်ဖြစ်သည်။
တရားလိုများ၏ကိုယ်စားလှယ်စာရသူအမှတ်(၁)တရားပြိုင်ကအမှတ်(၂)တရားပြိုင်သို့အချင်းဖြစ်မြေကွက်များအားမှတ်ပုံတင်စာချုပ်များဖြင့်လွှဲပြောင်းရောင်းချထားသည့်ပဋိညာဉ်များအားအကျိုးသက်ဆိုင်သူအကြီးအကဲတရားလိုများကဖျက်သိမ်းလိုပါကအချင်းဖြစ်မှတ်ပုံတင်စာချုပ်များကိုဖျက်သိမ်းပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅(က)အရတရားစွဲဆိုရန်သာဖြစ်သည်။ထိုသို့တရားစွဲဆိုပြီးတရားရုံးကဖျက်သိမ်းပေးမှသာအချင်းဖြစ်စာချုပ်များသည်ကိုယ်စားလှယ်လွှဲသူများအပေါ်အကျိုးသက်ရောက်မှုမရှိဖြစ်ပေမည်။
ယခုအမှုတွင်တရားလိုများကအမှတ်(၁)တရားပြိုင်သို့လွှဲအပ်သည့်မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာများအားအသုံးချ၍စီမံဆောင်ရွက်ချက်များအတည်မဖြစ်ကြောင်းမြွက်ဟကြေညာသည့်ဒီကရီချမှတ်ပေးရန်စွဲဆိုခြင်းဖြစ်သောကြောင့်အမှုပုံစံမှန်ကန်သည်ဟုဆိုနိုင်မည်မဟုတ်ပေ။”
Comments
Post a Comment