အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အမှုကိုပလပ်ရန်ဖြစ်သလား ? ။ အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရန်ဖြစ်သလား ?။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အမှုကိုပလပ်ရန်ဖြစ်သလား?
အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရန်ဖြစ်သလား?
———————————
2014 BLR 123
ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေ(ခ)မဝေပါ၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၁၃၉တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အဆိုပါအမှုကိုပလပ်ရန်သာဖြစ်သည်။မူလမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သည်အမှုပုံစံမှန်ကန်ခြင်းမရှိဟုဖြေဆိုဆုံးဖြတ်ချက်အရ၊တရားလိုများစွဲဆိုသောအမှုကိုပလပ်ရန်ဖြစ်ပါလျက်၊ပဏာမငြင်းချက်အမှတ်(၁)(၃)(၄)တို့ကိုဆက်လက်ဖြေဆိုကာ၊အဆိုလွှာကိုပယ်သည့်အမိန့်ချမှတ်ခဲ့ခြင်းသည်မှားယွင်းပေသည်။”
————————————
1996 BLR ( F B ) 5
ဒေါ်ခင်မြင့် နှင့် ဒေါ်မြင့်မြင့်ပါ၇
တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
အမှုတွင်ဒေါ်မြင့်မြင့်ကဒေါ်ခင်မြင့်နှင့်အခြားသူများအပေါ်ပစ္စည်းလက်ရောက်ရလိုမှုစွဲဆိုသည်။
တိုင်းတရားရုံးက”တရားလိုသည်လက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဘဲအမွေစီမံခန့်ခွဲပေးစေလိုမှုသာစွဲဆိုခွင့်ရှိသဖြင့်စွဲဆိုသည့်အမှုပုံစံမှားယွင်းပါသလား”ဟူသည့်ပဏာမငြင်းချက်တရပ်ကိုထုတ်နုတ်ကြားနာပြီးနောက်၊အမှုပုံစံမှားယွင်းမှုမရှိကြောင်း၊အမှုကိုဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်းအမိန့်ချမှတ်သည်။
ဒေါ်ခင်မြင့်ကတရားရုံးချုပ်သို့ပြင်ဆင်မှုလျှောက်ထားသော်လည်းအောင်မြင်မှုမရရှိသဖြင့်၊အဆိုပါအမိန့်ကိုပြန်လည်စစ်ဆေးစီရင်ပေးရန်လျှောက်ထားရာ၊တရားရုံးချုပ်ကပြဿနာ(၂)ရပ်ကိုကြားနာရန်အထူးအယူခံဝင်ခွင့်ပြုခဲ့သည်။
ပြဿနာ(၂)ရပ်အနက်၊ဒုတိယပြဿနာမှာအောက်ပါအတိုင်းဖြစ်သည်-
“(၂)မမှန်ပါကတရားလို၏အဆိုလွှာအရပင်အမွေဆိုင်အချင်းချင်းအပေါ်အမွေပစ္စည်းလက်ရောက်ရလိုမှုတောင်းဆိုကြောင်းထင်ရှားနေပါက၊အမှုကိုဆက်လက်မစစ်ဆေးဘဲဤပုံစံဖြင့်တရားစွဲဆိုခွင့်မရှိကြောင်းဆုံးဖြတ်နိုင်ခြင်းရှိမရှိ။”
တရားရုံးချုပ်စုံညီခုံရုံးက၊စီရင်ထုံးစာမျက်နှာ၉တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရမည့်အစားပစ္စည်းလက်ရောက်ရလိုမှုစွဲဆိုခြင်းသည်၊စွဲဆိုသည့်အမှုပုံစံမှန်ကန်ခြင်းမရှိဟုဆိုရပေမည်။မူလရုံးနှင့်တရားရုံးချုပ်တို့ကအမှတ်(၁)အယူခံတရားပြိုင်စွဲဆိုသည့်အမှုပုံစံမှန်ကန်ကြောင်းပဏာမငြင်းချက်ကိုဖြေဆိုဆုံးဖြတ်ခြင်းသည်မှားယွင်းသည်။
စွဲဆိုသည့်အမှုပုံစံမှားယွင်းလျင်၊အမှတ်(၁)အယူခံတရားပြိုင်စွဲဆိုသည့်အမှုကိုပလပ်ရန်သာရှိသည်။
ထို့ကြောင့်ဤအယူခံမှုကိုခွင့်ပြု၍xxxxxxxxxxxxxxxမူလရုံးတရားလိုဒေါ်မြင့်မြင့်စွဲဆိုသည့်အမှုကိုတရားရုံးအဆင့်ဆင့်စရိတ်နှင့်တကွပလပ်လိုက်သည်။”
————————————-
1999 BLR 103
ဒေါ်ကြည်ကြည်ဇင်(ခ)ဝိုင်အိုလက်လင်း နှင့် ဒေါ်ဝိကြိန်
တရားရုံးချုပ်တရားသူကြီးဒေါက်တာတင်အောင်အေးရှေ့တွင်
စီရင်ထုံးစာမျက်နှာ၁၀၉တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“တိုင်းတရားရုံးမှဆုံးဖြတ်ခဲ့သောပဏာမငြင်းချက်နှစ်ရပ်အနက်၊အမှုပုံစံမှန်ကန်ခြင်းရှိမရှိဆိုသောပဏာမငြင်းချက်ကိုဦးစွာသုံးသပ်ဖော်ပြလိုပေသည်။”
စီရင်ထုံးစာမျက်နှာ၁၁၂တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“တရားလိုစွဲဆိုသောအမှုပုံစံမှားယွင်းနေသဖြင့်အမှုကိုပလပ်ရမည်ဖြစ်သည်။သို့ဖြစ်ရာပဏာမငြင်းချက်အမှတ်(၁)နှင့်စပ်လျဉ်း၍စိစစ်သုံးသပ်ရန်လိုမည်မဟုတ်တော့ပေ။
ထို့ကြောင့်ဤပြင်ဆင်မှုကိုခွင့်ပြု၍xxxxxxxxxxxxxxxလျှောက်ထားခံရသူ(မူလရုံးတရားလို)စွဲဆိုသောအမှုကိုစရိတ်နှင့်တကွပလပ်လိုက်သည်။”
——————————————
အဆိုလွှာကိုပယ်ခြင်း၏အကျိုးသက်ရောက်မှုနှင့်အမှုကိုပလပ်ခြင်း၏အကျိုးသက်ရောက်မှုတို့သည်ကွဲပြားခြားနားသည်။
အဆိုလွှာကိုပယ်ခြင်းသည်တရားလိုအနေဖြင့်တရားစွဲဆိုရန်အကြောင်းတရပ်တည်းနှင့်စပ်လျဉ်း၍အမှုထပ်မံစွဲဆိုခြင်းကိုပိတ်ပင်ခြင်းမပြု။
အဆိုလွှာကိုပယ်ခြင်းသည်အမှု၏အခြေခံကိုရုပ်သိမ်းလိုက်သည်ဖြစ်၍အမှုကိုအလျဉ်းမစွဲဆိုဘိသကဲ့သို့အကျိုးသက်ရောက်သည်။
သို့သော်အမှုကိုပလပ်ခြင်းမှာမူအမှုတည်ရှိခြင်းကိုအသိအမှတ်ပြုလျက်အမှုရပ်သွားခြင်းကိုညွှန်ပြသည်။
၁၉၉၉၊မတစ၊၁၆၃
(မန်နေဂျာ[မြန်မာ့စီးပွားရေးဘဏ်]နှင့်ဦးဟန်မြင့်)စီရင်ထုံးကိုကြည့်ပါ။
——————————————
အဆိုလွှာအားပလပ်ကြောင်းဆုံးဖြတ်ခြင်းသည်ဥပဒေနှင့်ညီမညီပြဿနာ
တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇၏ရှင်းလင်းချက်တွင်"suit has been dismissed."ဟူ၍လည်းကောင်း၊
အမိန့်၉၊နည်း၈တွင်"The Court shall make an order that the suit be dismissed"ဟူ၍လည်းကောင်း၊
အမိန့်၉၊နည်း၉(၁)တွင်"where a suit is dismissed under rule 8"ဟူ၍လည်းကောင်း၊
အမိန့်၂၂၊နည်း၉(၁)တွင်"Where a suit xxxxx is dismissed"ဟူ၍လည်းကောင်းပြဌာန်းထားခြင်းတို့ကိုထောက်ချင့်ပါက၊တရားမကြီးမှုကိုပလပ်သည်ဟူသောအသုံးအနှုန်းကိုတစိုက်မတ်မတ်သုံးကြောင်းမြင်သာသည်။
အဆိုလွှာကိုပလပ်သည်ဆိုသောအသုံးအနှုန်းမရှိပါ။
အမိန့်၇၊နည်း၁၁တွင်"The plaint shall be rejected"ဟုပြဌာန်းထားပါသည်။
အဆိုလွှာကိုပလပ်သည်ဟုမသုံးပါ။
ပယ်သည်ဟုသာသုံးပါသည်။
———————————————
တရားမကြီးမှုကိုစစ်ဆေးခြင်းမပြုဘဲ၊အဆိုလွှာကိုစောစောစီးစီးပယ်ချနိုင်ရန်၊အမိန့်၇၊နည်း၁၁တွင်ပြဌာန်းထားသည်။
နည်း၁၁၏အဖွင့်စာပိုဒ်ပါ shall be rejected ဟူသောပြဌာန်းချက်သည်မလွဲမသွေလိုက်နာရမည့်အာဏတ္တိကပြဌာန်းချက်ဖြစ်သည်။
သီပေါမင်းနန်းမကျမီလပိုင်းအလို၁၈၈၅ခုနှစ်၊ဇွန်လ၅ရက်နေ့တွင်ဆုံးဖြတ်သော SJLB 365 စီရင်ထုံး၌၊အဆိုလွှာကိုစက်ရုပ်သဖွယ်လက်ခံရန်မဟုတ်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၅၃နှင့်၅၄(ယခုအမိန့်၇၊နည်း၁၁)တို့အရ၊တရားရုံးသည်အဆိုလွှာကိုအရေးယူဆောင်ရွက်ခြင်းမပြုမီဆင်ခြင်သုံးသပ်ရမည်( the court shall consider the plaint before action is taken upon it. )ဟုစီရင်ထုံး၌လမ်းညွှန်ခြင်းသည်၊အမိန့်၇၊နည်း၁၁၏အဖွင့်စာပိုဒ်ပါ shall be rejected ဟူသော၊မလွဲမသွေလိုက်နာရမည့်အာဏတ္တိကပြဌာန်းချက်ကိုမီးမောင်းထိုးပြခြင်းဖြစ်သည်။
SJLB 365
Nga Shwe Win v. Nga Chan E
Before W. F. Meres , Esq.
Civil Appeal No. 27 , 1885.June 5.
Act XIV , 1882 ( Code of Civil Procedure ) , ss. 53 and 54 - Receiving plaints.
The duty of receiving plaints in civil suits is not merely a mechanical operation. Sections 53 and 54 of the Code of Civil Procedure require that the Court shall consider the plaint before action is taken upon it. This is the more necessary in rural parts , as there litigants largely rely on the assistance of the Courts in the conduct of their cases.
———————————-
တရားသူကြီးတဦးသည်
တရားစီရင်ရာ၌ရင်ဆိုင်ရသော"pitfalls"(မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၀၂၈တွင်"pitfalls"ကို၊မထင်မှတ်ဘဲကျရောက်နိုင်သောအန္တရာယ်ဟုဘာသာပြန်ပါသည်)များစွာရှိပါသည်။
အမြဲသတိရှိပါမှမဖြစ်သင့်သောအမှားများကျူးလွန်မိခြင်းမှရှောင်ရှားနိုင်ပါလိမ့်မည်။
တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်ရာ၌၊တရားရေးအကြံပေးအပေါ်လုံးဝဥဿုံအားထားစီရင်ခြင်း၏ဆိုးကျိုးတရပ်ဖြစ်သည်။
ကိုယ်တိုင်တရားစီရင်သောစနစ်တွင်ရုံးထိုင်တရားသူကြီးသည်မိမိစီရင်ချက်ခိုင်မာရန်ထုံးသာဓကကြိုးစားရှာဖွေမည်မှာသဘာဝပင်ဖြစ်သည်။
Comments
Post a Comment