အဆိုလွှာအားပလပ်ကြောင်းဆုံးဖြတ်ခြင်းသည်ဥပဒေနှင့်ညီမညီပြဿနာ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အဆိုလွှာအားပလပ်ကြောင်းဆုံးဖြတ်ခြင်းသည်ဥပဒေနှင့်ညီမညီပြဿနာ


တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇​၏ရှင်းလင်းချက်တွင်"suit has been dismissed."ဟူ၍လည်းကောင်း၊


အမိန့်၉၊နည်း၈တွင်"The Court shall make an order that the suit be dismissed"ဟူ၍လည်းကောင်း၊


အမိန့်၉၊နည်း၉(၁)တွင်"where a suit is dismissed under rule 8"ဟူ၍လည်းကောင်း၊


အမိန့်၂၂၊နည်း၉(၁)တွင်"Where a suit xxxxx is dismissed"ဟူ၍လည်းကောင်းပြဌာန်းထားခြင်းတို့ကိုထောက်ချင့်ပါက၊တရားမကြီးမှုကိုပလပ်သည်ဟူသောအသုံးအနှုန်းကိုတစိုက်မတ်မတ်သုံးကြောင်းမြင်သာသည်။


အဆိုလွှာကိုပလပ်သည်ဆိုသောအသုံးအနှုန်းမရှိပါ။


အမိန့်၇၊နည်း၁၁တွင်"The plaint shall be rejected"ဟုပြဌာန်းထားပါသည်။


အဆိုလွှာကိုပလပ်သည်ဟုမသုံးပါ။


ပယ်သည်ဟုသာသုံးပါသည်။


———————————————


တရားမကြီးမှုကိုစစ်ဆေးခြင်းမပြုဘဲ၊အဆိုလွှာကိုစောစောစီးစီးပယ်ချနိုင်ရန်၊အမိန့်၇၊နည်း၁၁တွင်ပြဌာန်းထားသည်။


နည်း၁၁​၏အဖွင့်စာပိုဒ်ပါ shall be rejected ဟူသောပြဌာန်းချက်သည်မလွဲမသွေလိုက်နာရမည့်အာဏတ္တိကပြဌာန်းချက်ဖြစ်သည်။


သီပေါမင်းနန်းမကျမီလပိုင်းအလို၁၈၈၅ခုနှစ်၊ဇွန်လ၅ရက်နေ့တွင်ဆုံးဖြတ်သော SJLB 365 စီရင်ထုံး၌၊အဆိုလွှာကိုစက်ရုပ်သဖွယ်လက်ခံရန်မဟုတ်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၅၃နှင့်၅၄(ယခုအမိန့်၇၊နည်း၁၁)တို့အရ၊တရားရုံးသည်အဆိုလွှာကိုအရေးယူဆောင်ရွက်ခြင်းမပြုမီဆင်ခြင်သုံးသပ်ရမည်( the court shall consider the plaint before action is taken upon it. )ဟုစီရင်ထုံး၌လမ်းညွှန်ခြင်းသည်၊အမိန့်၇၊နည်း၁၁​၏အဖွင့်စာပိုဒ်ပါ shall be rejected ဟူသော၊မလွဲမသွေလိုက်နာရမည့်အာဏတ္တိကပြဌာန်းချက်ကိုမီးမောင်းထိုးပြခြင်းဖြစ်သည်။


SJLB 365


Nga Shwe Win  v. Nga Chan E


Before W. F. Meres , Esq.


Civil Appeal No. 27 , 1885.June 5.


Act XIV , 1882 ( Code of Civil Procedure ) , ss. 53 and 54 - Receiving plaints.


The duty of receiving plaints in civil suits is not merely a mechanical operation. Sections 53 and 54 of the Code of Civil Procedure require that the Court shall consider the plaint before action is taken upon it. This is the more necessary in rural parts , as there litigants largely rely on the assistance of the Courts in the conduct of their cases.


———————————-


အဆိုလွှာကိုပယ်ခြင်း​၏အကျိုးသက်ရောက်မှုနှင့်အမှုကိုပလပ်ခြင်း​၏အကျိုးသက်ရောက်မှုတို့သည်ကွဲပြားခြားနားသည်။


အဆိုလွှာကိုပယ်ခြင်းသည်တရားလိုအနေဖြင့်တရားစွဲဆိုရန်အကြောင်းတရပ်တည်းနှင့်စပ်လျဉ်း၍အမှုထပ်မံစွဲဆိုခြင်းကိုပိတ်ပင်ခြင်းမပြု။


အဆိုလွှာကိုပယ်ခြင်းသည်အမှု​၏အခြေခံကိုရုပ်သိမ်းလိုက်သည်ဖြစ်၍အမှုကိုအလျဉ်းမစွဲဆိုဘိသကဲ့သို့အကျိုးသက်ရောက်သည်။


သို့သော်အမှုကိုပလပ်ခြင်းမှာမူအမှုတည်ရှိခြင်းကိုအသိအမှတ်ပြုလျက်အမှုရပ်သွားခြင်းကိုညွှန်ပြသည်။


၁၉၉၉၊မတစ၊၁၆၃


(မန်နေဂျာ[မြန်မာ့စီးပွားရေးဘဏ်]နှင့်ဦးဟန်မြင့်)စီရင်ထုံးကိုကြည့်ပါ။


——————————————


1993 BLR 163


မန်နေဂျာ(မြန်မာ့စီးပွါးရေးဘဏ်) နှင့် ဦးဟန်မြင့်


တရားရုံးချုပ်တရားသူကြီးဦးခင်မောင်လတ်ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၆၄၊တတိယအပိုဒ်တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“မူလရုံးကတရားလို၏စွဲဆိုမှုသည်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းမရှိဆိုသည်မှာမှန်သလားဟူသောငြင်းချက်ကိုပဏာမငြင်းချက်အဖြစ်သတ်မှတ်ကြားနာခဲ့သည်။မူလရုံးကအဆိုလွှာအရတရားလိုတောင်းဆိုသောငွေမှာ(၃၀-၉-၉၆)ရက်စွဲပါအော်ဒီမံစာချုပ်အရငွေများဖြစ်ရာယင်းအော်ဒီမံစာချုပ်သက်တမ်းကုန်ဆုံးမည့်နေ့မှာ(၃၀-၉-၉၇)နေ့ဖြစ်ကြောင်း၊ထိုနေ့ရက်နောက်ပိုင်းတွင်တရားပြိုင်များကငွေပေးဆပ်ခြင်းမရှိမှသာလျှင်၊တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်မည်ဖြစ်ကြောင်းသုံးသပ်၍၊တရားလိုစွဲဆိုသောအမှုကိုပလပ်ခဲ့ခြင်းဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၁၆၅၊ဒုတိယအပိုဒ်တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“အယူခံတရားလိုဘက်မှလိုက်ပါဆောင်ရွက်သောဥပဒေအရာရှိကxxxxxxxxxxxxxxxxxအကယ်၍တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းမရှိဟုသုံးသပ်ခဲ့ပါကလည်းတရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၁၁အရအဆိုလွှာကိုပယ်ရန်သာဖြစ်ကြောင်း၊တရားလိုစွဲဆိုသောအမှုကိုပလပ်သည်မှာဥပဒေနှင့်ညီညွတ်မှုမရှိကြောင်းလျှောက်လဲတင်ပြသည်။”


စီရင်ထုံးစာမျက်နှာ၁၆၇၊ဒုတိယအပိုဒ်၊တတိယအပိုဒ်နှင့်စတုတ္ထအပိုဒ်တို့တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“အဆိုလွှာအရတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းမရှိသေးကြောင်းတွေ့ရပါကတရားရုံးသည်တရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၁၁(က)အရအဆိုလွှာကိုပယ်ရန်ဖြစ်သည်။အမှုကိုပလပ်ရန်မဟုတ်ချေ။


အဆိုလွှာကိုပယ်ခြင်း၏အကျိုးသက်ရောက်မှုမှာအမှုကိုပလပ်ခြင်း၏အကျိုးသက်ရောက်မှုနှင့်ကွဲပြားခြားနားသည်။အဆိုလွှာကိုပယ်ခြင်းသည်အမှု၏အခြေခံကိုနုတ်သိမ်းလိုက်သည်ဖြစ်၍အမှုကိုအလျဉ်းမစွဲဆိုဘိသကဲ့သို့အကျိုးသက်ရောက်သည်။အမှုကိုပလပ်ခြင်းမှာမူအမှုတည်ရှိခြင်းကိုအသိအမှတ်ပြုလျက်အမှုရပ်သွားခြင်းကိုညွှန်ပြသည်။အဆိုလွှာကိုပယ်လျှင်တရားစွဲဆိုရန်အကြောင်းအရာတရပ်တည်းနှင့်စပ်လျဉ်း၍အမှုသစ်ထပ်မံစွဲဆိုခြင်းကိုတရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၁၃အရတားမြစ်ပိတ်ပင်ခံရခြင်းမရှိချေ။အမှုကိုပလပ်လျှင်မူတရားစွဲဆိုနိုင်ရန်အကြောင်းအရာတရပ်တည်းအပေါ်အမှုသစ်စွဲဆိုခြင်းကိုပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။


ထို့ကြောင့်မူလရုံးကအဆိုလွှာကိုပယ်ရန်အမိန့်မချမှတ်ဘဲအမှုကိုပလပ်ခဲ့သည်မှာဥပဒေနှင့်ညီညွတ်ခြင်းမရှိသဖြင့်ပြင်ဆင်ရန်လိုအပ်သည်။”


စီရင်ထုံးစာမျက်နှာ၁၆၈တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“အထက်ပါအကြောင်းများကြောင့်ဤအယူခံမှုကိုတစိတ်တဒေသခွင့်ပြု၍မူလရုံးဒီကရီအစား၊မူလရုံးတရားလို၏အဆိုလွှာကိုတရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၁၁(က)အရပယ်ကြောင်းပြင်ဆင်ဒီကရီချမှတ်လိုက်သည်။”


—————————


1990 BLR 166


ညွှန်ကြားရေးမှုးချုပ်ပါ၂၊အိုးအိမ်ဦးစီးဌာန


အုန်းပရ်ကပ်ရှ်(ခ)မောင်အေး


                       နှင့်


ချန်ဒရာဒေဝီ(ခ)ဒေါ်မြခင်ပါ၁၀ဦး


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၆၉တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“အဆိုလွှာသည်တရားစွဲဆိုနိုင်ရန်အကြောင်းပေါ်ပေါက်ကြောင်းထင်ရှားသိသာစေခြင်းမရှိ၍အဆိုလွှာကိုတရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၁၁(က)အရပလပ်ရန်ဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၁၆၉နှင့်၁၇၀တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ထို့ကြောင့်၁၉၈၉ခုနှစ်၊တရားမပထမအယူခံမှုအမှတ်၃၈ကိုပလပ်လိုက်သည်။မန္တလေးတိုင်းတရားရုံး၁၉၈၉ခုနှစ်၊တရားမကြီးမှုအမှတ်၇၀(အရှေ့မြောက်)တွင်ချမှတ်ထားသောစီရင်ချက်နှင့်ဒီကရီကို၊တရားစီရင်ရေးဥပဒေပုဒ်မ၄(ဆ)အရပယ်ဖျက်၍၊ဒေါ်မြခင်စွဲဆိုသောအမှုကိုပလပ်လိုက်သည်။”


—————————-


1991 BLR 163


ဒေါ်ဝိစာရီ နှင့် ဦးယုကြည်


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၆၅တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ထို့ကြောင့်တရားလိုအနေဖြင့်အနိုင်ဒီကရီမရထိုက်ပေ။ယခုအယူခံအားစရိတ်နှင့်တကွခွင့်ပြုပြီးမူလရုံး၏အမိန့်နှင့်ဒီကရီကိုပယ်ဖျက်၍၊တရားလို၏အဆိုလွှာအားစရိတ်နှင့်တကွပလပ်လိုက်သည်။”


————————


1990 BLR 166 ဆုံးဖြတ်ချက်ပါ၊အဆိုလွှာကိုတရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၁၁(က)အရပလပ်ရန်ဖြစ်ကြောင်းဆုံးဖြတ်ချက်နှင့်၊1991 BLR 163 ဆုံးဖြတ်ချက်ပါ၊တရားလို၏အဆိုလွှာအားစရိတ်နှင့်တကွပလပ်လိုက်ကြောင်းဆုံးဖြတ်ချက်များမှန်ကန်မှုရှိမရှိ၊1993 BLR 163 ဆုံးဖြတ်ချက်နှင့်ချိန်ထိုးစဉ်းစားဆင်ခြင်ကြည့်ပါရန်၊စာဖတ်သူဥပဒေပညာရှင်များအားတိုက်တွန်းလိုက်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ