တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇၏ပြဌာန်းချက်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇၏ပြဌာန်းချက်
————————
ကော်မရှင်နာ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍၊တရားရုံးကချမှတ်သည့်အမိန့်အပေါ်အယူခံဝင်ခွင့်မရှိသဖြင့်မလွဲမသွေပြင်ဆင်မှုလျှောက်ထားရန်လိုပါသလား ?
———————————
1993 BLR 29
ဦးဇော်လင်း(၎င်း၏အခွင့်ရကိုယ်စားလှယ်ဒေါ်မြင့်မြင့်)
နှင့်
ဒေါ်စန်းစန်းရွှေ
တရားရုံးချုပ်တရားသူကြီးဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
ပဏာမဒီကရီကြောင့်နစ်နာသူအမှုသည်တဦးဦးသည်၊ထိုဒီကရီကိုအယူခံမဝင်ခဲ့လျှင်၊အပြီးသတ်ဒီကရီကိုအယူခံဝင်ရာ၌ပဏာမဒီကရီသည်မမှန်ကန်ကြောင်းတင်ပြခွင့်မရှိဟုအတိအလင်းပိတ်ပင်ထားကြောင်း၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
“97. Where any party aggrieved by a preliminary decree does not appeal from such decree, he shall be precluded from disputing its correctness in any appeal which may be preferred from the final decree.”
စီရင်ထုံးစာမျက်နှာ၃၁တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“မူလတရားရုံးကအယူခံတရားပြိုင်ဒေါ်စန်းစန်းရွှေသည်လက်ထက်ပွါးပစ္စည်း၏ထက်ဝက်ကိုရထိုက်ကြောင်း၄-၃-၉၁ရက်နေ့ကပဏာမဒီကရီချမှတ်ခဲ့ရာယင်းဒီကရီကိုအယူခံတရားလိုကအယူခံဝင်ရောက်ခဲ့ကြောင်းမတွေ့ရသဖြင့်အတည်ဖြစ်လျက်ရှိသည်။တရားမကျင့်ထုံးဥပဒေအမိန့်၂၆၊နည်း၁၄(၃)ပါပြဌာန်းချက်များအရတရားရုံးသည်ကော်မရှင်နာ၏အစီရင်ခံစာကိုအတည်ပြုလျှင်ဖြစ်စေ၊ပြောင်းလဲပြင်ဆင်လျှင်ဖြစ်စေထိုသို့အတည်ပြုသည့်အတိုင်းသို့မဟုတ်ပြောင်းလဲပြင်ဆင်သည့်အစီရင်ခံစာအတိုင်းအပြီးသတ်ဒီကရီကိုချမှတ်ရမည်ဟုအတိအလင်းပြဌာန်းထားသည်။ထို့နောက်အပြီးသတ်ဒီကရီကိုပဏာမဒီကရီပါညွှန်ကြားချက်များအပေါ်အခြေခံ၍ရေးဆွဲရသည်။”
စီရင်ထုံးစာမျက်နှာ၃၁၊ပဉ္စမအပိုဒ်နှင့်စာမျက်နှာ၃၂တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“ကော်မရှင်နာကလက်ထက်ပွါးပစ္စည်း၏တန်ဖိုးမှာကျပ်၃၀၀၀၀၀/-ဖြစ်ကြောင်းအစီရင်ခံတင်ပြချက်ကိုမူလတရားရုံးက၂၅-၁-၉၃ရက်နေ့ကလက်ခံအတည်ပြုခဲ့ပြီးဖြစ်သည်။ယင်းကြားဖြတ်အမိန့်ကိုအယူခံတရားလိုကမကျေနပ်၍တရားရုံးချုပ်တရားမပြင်ဆင်မှုအမှတ်၁၀၉/၉၃တွင်ပြင်ဆင်မှုတင်သွင်းထားကြောင်းအယူခံအကြောင်းပြချက်တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။အယူခံတရားလိုအနေဖြင့်အဆိုပါအမိန့်သည်မှားယွင်းကြောင်းသို့မဟုတ်နည်းလမ်းမကျကြောင်းကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅အရအယူခံအကြောင်းပြချက်အဖြစ်ဖော်ပြ၍အယူခံဝင်နိုင်ပေသည်။သို့ရာတွင်အယူခံတရားလိုကထိုသို့အယူခံအကြောင်းပြချက်အဖြစ်ဖော်ပြခဲ့ခြင်းမရှိချေ။”
စီရင်ထုံးစာမျက်နှာ၃၂၊ဒုတိယအပိုဒ်တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်ဆုံးဖြတ်သည်-
“အယူခံတရားလိုကအမှုတွင်လက်ထက်ပွါးပစ္စည်းနှင့်ငွေကြေးတစုံတရာမကျန်ရစ်ခဲ့သဖြင့်မူလတရားရုံး၏ဒီကရီမှာမှားယွင်းကြောင်းအဓိကတင်ပြထားသည်။လက်ထက်ပွါးပစ္စည်းမကျန်ရစ်ခဲ့လျှင်ပစ္စည်းခွဲဝေသည့်ပဏာမဒီကရီကိုချမှတ်ရန်အကြောင်းမရှိနိုင်ပေ။သို့ဖြစ်၍ခွဲဝေရန်လက်ထက်ပွါးပစ္စည်းမရှိဘဲလျက်ပစ္စည်းခွဲဝေရန်ဒီကရီချမှတ်ခြင်းမှာမှားယွင်းကြောင်းအယူခံတရားလိုကတင်ပြခြင်းမှာပဏာမဒီကရီသည်မမှန်ကန်ကြောင်းတင်ပြခြင်းသာဖြစ်သည်ဟုဆိုရပေမည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇အရပဏာမဒီကရီကြောင့်နစ်နာသူအမှုသည်တဦးဦးသည်ထိုဒီကရီကိုအယူခံမဝင်ခဲ့လျှင်အပြီးသတ်ဒီကရီကိုအယူခံဝင်ရာ၌ပဏာမဒီကရီသည်မမှန်ကန်ကြောင်းတင်ပြခွင့်မရှိဟုအတိအလင်းပိတ်ပင်ထားသည်။သို့ဖြစ်၍အယူခံတရားလို၏တင်ပြချက်ကိုလက်မခံနိုင်ပေ။”
—————————-
2012 BLR 71
ဦးမောင်ကြီး နှင့် ဒေါ်သီတာပါ၅
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ရှေ့တွင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။တရားမကြီးမှုတမှုတွင်ချမှတ်သောကြားဖြတ်အမိန့်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄အရအယူခံဝင်နိုင်သည်လည်းရှိသည်။အယူခံမဝင်နိုင်သည်လည်းရှိသည်။ကြားဖြတ်အမိန့်ကိုအယူခံဝင်နိုင်စေကာမူအမိန့်ချမှတ်ခြင်းခံရသည့်အမှုသည်သည်အယူခံဝင်ရန်တာဝန်မရှိပေ။ထိုအမှုကိုအပြီးသတ်ဒီကရီချမှတ်သည့်အခါထိုအပြီးသတ်ဒီကရီကိုအယူခံဝင်သည့်အခါကျမှအယူခံအကြောင်းပြချက်များတွင်ကြားဖြတ်အမိန့်မှားယွင်းကြောင်းထည့်သွင်းတင်ပြနိုင်သည်။တနည်းဆိုရသော်အယူခံဝင်နိုင်သည့်အမိန့်ကိုသီးခြားအယူခံဝင်ခြင်းမပြုဘဲအမှု၌နောက်ဆုံးချမှတ်သည့်ဒီကရီကိုအယူခံဝင်ရာ၌အယူခံအကြောင်းပြချက်တရပ်အဖြစ်ထည့်သွင်းအယူခံရန်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅တွင်ခွင့်ပြုထားသည်။ကြားဖြတ်အမိန့်ကိုအယူခံမဝင်နိုင်စေကာမူအမှုတွင်ချမှတ်သည့်ဒီကရီကိုအယူခံဝင်ရာ၌ထိုအမိန့်မှားယွင်းကြောင်း၊ချို့ယွင်းကြောင်း၊နည်းလမ်းမကျကြောင်းကိုအယူခံအကြောင်းပြချက်တရပ်အဖြစ်ဖြင့်ဖော်ပြအယူခံဝင်နိုင်သည်။ဒေါ်တင်ကြည် နှင့် ဦးစန်းမြင့်ပါ၂အမှု(1990 BLR 34(39))ကိုကြည့်ပါ။
အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတွင်ပဏာမဒီကရီချမှတ်ပြီးနောက်ကော်မရှင်နာ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သည့်အမိန့်သည်အယူခံဝင်ခွင့်ရှိသည့်အမိန့်မဟုတ်ပေ။ဒေါ်နှစ် နှင့် ဒေါ်ချိုပါ၉အမှု(1953 BLR ( H C )399)ကိုကြည့်ပါ။
ကော်မရှင်နာကအစီရင်ခံစာနှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သည့်အမိန့်အပေါ်အယူခံဝင်ခွင့်မရှိသဖြင့်မလွဲမသွေပြင်ဆင်မှုလျောက်ထားရန်လိုသည်ဟုယူဆခြင်းမှာအစဉ်အဆက်မှားယွင်းခဲ့သည့်အယူအဆဖြစ်သည်။
ကော်မရှင်နာ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သည့်အမိန့်ကိုပြင်ဆင်မှုလျှောက်ထားခြင်းမပြုစေကာမူ၊ထိုအမှုတွင်ချမှတ်သည့်အပြီးသတ်ဒီကရီကိုအယူခံဝင်ရာ၌တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅အရထိုအမိန့်မှားယွင်းကြောင်း၊ချို့ယွင်းကြောင်း၊နည်းလမ်းမကျကြောင်းကိုအယူခံအကြောင်းပြချက်တရပ်အဖြစ်ဖော်ပြအယူခံဝင်နိုင်သည်။
ထပ်မံဆုံးဖြတ်ချက်။ ။တရားမကျင့်ထုံးဥပဒေအမိန့်၂၆၊နည်းဥပဒေ၁၄(၂)တွင်တရားရုံးသည်ကော်မရှင်နာအစီရင်ခံစာသို့မဟုတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍အမှုသည်တို့ကတင်ပြသောကန့်ကွက်ချက်တစုံတရာကိုကြားနာပြီးနောက်အစီရင်ခံစာကိုအတည်ပြုခြင်းသို့မဟုတ်ပြောင်းလဲခြင်းသို့မဟုတ်ပယ်ဖျက်ခြင်းပြုလုပ်နိုင်သည်ဟုပြဌာန်းထားသည်။
တရားမကျင့်ထုံးဥပဒေအမိန့်၂၆၊နည်းဥပဒေ၁၄(၃)ပါပြဌာန်းချက်များအရတရားရုံးသည်ကော်မရှင်နာ၏အစီရင်ခံစာကိုအတည်ပြုလျှင်ဖြစ်စေ၊ပြင်ဆင်လျှင်ဖြစ်စေထိုသို့အတည်ပြုသည့်အတိုင်းပြောင်းလဲပြင်ဆင်သည့်အစီရင်ခံစာအတိုင်းအပြီးသတ်ဒီကရီချမှတ်ရမည်။ဒေါ်ခ နှင့် ဒေါ်ကြင်ကြူးပါ၂အမှု(2002 BLR 180)ကိုကြည့်ပါ။
ကော်မရှင်နာ၏အစီရင်ခံစာကိုအတည်ပြုခြင်း၊ပြင်ဆင်ခြင်းနှင့်ထိုသို့အတည်ပြုသည့်အတိုင်းပြောင်းလဲပြင်ဆင်သည့်အတိုင်းအပြီးသတ်ဒီကရီချမှတ်ခြင်းတို့သည်တဆက်တည်းဆောင်ရွက်ခြင်း(same transaction)ဖြစ်၍၊အယူခံရုံးကမူလရုံး၏အပြီးသတ်ဒီကရီကိုပယ်ဖျက်လိုက်သည့်အခါ၊ကော်မရှင်နာအစီရင်ခံစာနှင့်စပ်လျဉ်း၍ချမှတ်သည့်တရားရုံး၏အမိန့်သည်လည်းတပါတည်းဖျက်ပြီးဖြစ်ပေသည်။”
Comments
Post a Comment