အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အမှုကိုပလပ်ရန်ဖြစ်သလား(သို့မဟုတ်)အဆိုလွှာကိုပယ်ရန်ဖြစ်သလား ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အမှုကိုပလပ်ရန်ဖြစ်သလား?


အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရန်ဖြစ်သလား?


———————————


1991 BLR 127


ဒေါ်ယဉ်ယဉ်မြင့် နှင့် ဒေါ်ပါလု


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်


“ဆုံးဖြတ်ချက်။  ။အယူခံတရားပြိုင်ဒေါ်ပါလုအားကိုးပြုစွဲဆိုသော၊သက်သေခံ(က)စာချုပ်မှာမှတ်ပုံတင်ထားခြင်းမရှိ၍အပေါင်အထမမြောက်ပေ။သို့ဖြစ်၍ရွေးနုတ်လိုမှုစွဲဆိုနိုင်ခြင်းမရှိချေ။ပေါင်နှံမှုအထမမြောက်ပါက၊ပေါင်နှံသူသည်ပိုင်ဆိုင်မှုကိုအခြေပြု၍လက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။


ထပ်မံဆုံးဖြတ်ချက်။   ။အယူခံတရားပြိုင်ဒေါ်ပါလုအနေဖြင့်အမှုစွဲဆိုပုံမှားယွင်းနေ၍တောင်းဆိုသည့်သက်သာခွင့်မရနိုင်ပေ။သို့ဖြစ်၍မူလရုံးနှင့်ပြည်နယ်တရားရုံးတို့ကဒေါ်ပါလုစွဲဆိုသည့်အတိုင်းအပေါင်ပစ္စည်းကိုရွေးနုတ်စေရန်ဒီကရီချမှတ်ခဲ့ခြင်းမှာမှန်ကန်ခြင်းမရှိချေ။”


စီရင်ထုံးစာမျက်နှာ၁၃၀တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“အထက်ပါအတိုင်းတောင်းဆိုထားသဖြင့်အပေါင်ရွေးနုတ်လိုမှုစွဲဆိုခြင်းဖြစ်ကြောင်းပေါ်လွင်သည်။အယူခံတရားပြိုင်ဒေါ်ပါလုအနေဖြင့်အမှုစွဲဆိုပုံမှားယွင်းနေ၍တောင်းဆိုသည့်သက်သာခွင့်မရနိုင်ပေ။”


“အထက်တွင်သုံးသပ်ခဲ့သည့်အတိုင်းအယူခံတရားပြိုင်ဒေါ်ပါလုအနေဖြင့်အမှုစွဲဆိုပုံမှားယွင်းနေ၍အောင်မြင်ရန်အကြောင်းမရှိသဖြင့်၊xxxxxxxxxxx”


အမှုစွဲဆိုပုံမှားယွင်းနေကြောင်းသုံးသပ်သော်လည်း၊စီရင်ထုံးစာမျက်နှာ၁၃၁တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-


“ထို့ကြောင့်ဤအယူခံကိုခွင့်ပြု၍မူလရုံးနှင့်ပြည်နယ်တရားရုံးတို့၏စီရင်ချက်နှင့်ဒီကရီများကိုပယ်ဖျက်ပြီး၊အယူခံတရားပြိုင်ဒေါပါလု၏စွဲဆိုလွှာကိုတရားရုံးအဆင့်ဆင့်စရိတ်နှင့်တကွပလပ်လိုက်သည်။”


—————————————-


2014 BLR 123 


ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေ(ခ)မဝေပါ၃


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၃၉တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အဆိုပါအမှုကိုပလပ်ရန်သာဖြစ်သည်။မူလမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သည်အမှုပုံစံမှန်ကန်ခြင်းမရှိဟုဖြေဆိုဆုံးဖြတ်ချက်အရ၊တရားလိုများစွဲဆိုသောအမှုကိုပလပ်ရန်ဖြစ်ပါလျက်၊ပဏာမငြင်းချက်အမှတ်(၁)(၃)(၄)တို့ကိုဆက်လက်ဖြေဆိုကာ၊အဆိုလွှာကိုပယ်သည့်အမိန့်ချမှတ်ခဲ့ခြင်းသည်မှားယွင်းပေသည်။”


————————————

ရှေ့နေတာဝန်


ရှေ့နေရှေ့ရပ်တို့သည်မိမိလိုက်ပါဆောင်ရွက်သည့်အမှုရှုံးနိုင်သော”ဂယ်ပေါက်”များကိုဆင်ခြင်ပြီးပိတ်တတ်ရန်လိုသည်။


အောက်တရားရုံးများ၌မတင်ပြမိဘဲနောက်ဆုံးတရားရုံးတွင်မှ၊ဥပဒေပြဿနာတရပ်ကိုမည်သည့်အခါဆုံးဖြတ်ခွင့်ရှိကြောင်းပြဆိုသောစီရင်ထုံးများကိုပွဲထုတ်ရန်လည်းလိုအပ်သေးသည်။


စီရင်ထုံးပေါင်းချုပ်များ၌အယူခံခေါင်းစဉ်ကြီးအောက်တွင်၊ Points taken for the first time on appeal ခေါင်းစဉ်ငယ်အောက်၌မည်သည့်အခါ၊အယူခံအဆင့်တွင်မှမည်သည့်ဥပဒေပြဿနာမျိုးကိုပထမဆုံးတင်ပြခွင့်ရှိကြောင်းပြဆိုသောစီရင်ထုံးများကိုစုစည်းဖော်ပြထားသည်ကိုသတိချပ်ရန်လိုသည်။


——————————————-

နည်းမှန်သောလျှောက်လဲတင်ပြခြင်းမျိုးဖြစ်ရန်လိုခြင်း


စာရေးသူ၁၉၇၉ခုနှစ်တွင်ဗဟိုတရားရုံး၌တရားရေးအကြံပေးအဖြစ်စတင်ထမ်းဆောင်သောအခါ၊များသောအားဖြင့်နှစ်ဖက်ရှေ့နေများသည်ရေးသားလျှောက်လဲချက်၌ပါရှိသည့်အတိုင်းလျှောက်လဲတတ်သည်ကိုတွေ့ရှိရသည်။


အကျဉ်းရေးသားတင်ပြချက်များဖြစ်ပြီး၊တဖက်မှတင်ပြချက်များမှန်မမှန်ချေပသည့်စနစ်မဟုတ်။


စကားစစ်ထိုးသည့်အသွင်မဆောင်။


ဗဟိုတရားရုံးကိုဆက်ခံသည့်တရားရုံးချုပ်လက်ထက်တွင်လည်းထူးမခြားနားဇာတ်ခင်းသည်။


ယခင်တရားရုံးချုပ်ကာလကတရားရုံးအားထိထိရောက်ရောက်အထောက်အကူဖြစ်စေသောလျှောက်လဲချက်အရေအတွက်သိသိသာသာလျော့နည်းသွားသည်။


တဖက်လျှောက်လဲချက်ပါအမှားကိုထောက်ပြချေပသောစနစ်မှေးမှိန်သွားသည်နှင့်အမျှလျှောက်လဲခြင်း၏အနှစ်သာရလည်း၊တပါတည်းစံချိန်စံညွှန်းမှီတော့မည်မဟုတ်။


မိမိလိုရာလျှောက်လဲခြင်းသည်အထိုက်အလျောက်လွယ်သည်။


တဖက်ကိုထိုးနှက်လျှောက်လဲခြင်းအခန်းကဏ္ဍတွင်ပညာခန်းသက်ဝင်သည်။


အားထုတ်မှုအဓိကကျသည်။


လျှောက်လဲခြင်း၏အနှစ်သာရလျော့ပါးသွားသည်နှင့်အမျှရှေ့နေရှေ့ရပ်များ၏ကြောင်းကျိုးဆင်ခြင်သည့်ပညာတောက်ပြောင်မှုသည်လည်းမှေးမှိန်သွားမည်သာဖြစ်သည်။


တရားရုံးများလက်စွဲကတားမြစ်ထားပါလျက်၊ရေးသားလျှောက်လဲချက်ကိုလက်ခံခြင်းနှင့်တဖက်လျှောက်လဲချက်ကိုထိထိမိမိတန်ပြန်ချေပမှုမရှိခြင်းသည်၊အမှန်တရားကိုရှာဖွေရာ၌အဓိကအားနည်းချက်တရပ်ဖြစ်သည်ကိုရှေ့နေရှေ့ရပ်တို့သတိချပ်သင့်သည်။


ချက်ကျလက်ကျချေပတတ်မှုတွင်ဇဝနဉာဏ်သက်ဝင်သည်

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]