တိုင်းတရားရုံးကဇာရီမှုကိုဆိုင်းငံ့ထားခြင်းမပြုနိုင်ဟုချမှတ်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဟုတ်ပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တိုင်းတရားရုံးကဇာရီမှုကိုဆိုင်းငံ့ထားခြင်းမပြုနိုင်ဟုချမှတ်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဟုတ်ပါသလား ?


ထိုအမိန့်မျိုးကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁အရ၊ဗဟိုတရားရုံး၌အယူခံဝင်ခွင့်ရှိပါသလား ?


———————————


ဇာရီမှုကိုဆိုင်းငံ့ထားရန်ချမှတ်သောအမိန့်သည်ဒီကရီဟုတ်ပါသလား ?


ထို့ပြင်အယူခံဝင်ခွင့်ရှိသောအမိန့်ဟုတ်ပါသလား ?


—————————-


တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၂၉အရဇာရီမှုအားဆိုင်းငံ့ရန်လျှောက်ထားချက်ကိုပလပ်သောအမိန့်အပေါ်အယူခံဝင်ခွင့်ရှိပါသလား ?


—————————-


အယူခံဝင်ခွင့်နှင့်ပတ်သက်၍ပိုမိုပြဿနာတက်သောကိစ္စမှာ၊ဇာရီမှုတွင်ချမှတ်သောအမိန့်များဖြစ်သည်။


အဆိုပါကိစ္စတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)အားအဓိပ္ပာယ်ကောက်ယူရာတွင်လွဲမှားစရာအကြောင်းတရပ်ရှိနေသောကြောင့်ဖြစ်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်၊ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်​၏အဆုံးအဖြတ်ကိုရည်ညွှန်းထားသည်။


အဆိုပါပြဿနာများမှာ၊ဒီကရီကိုအတည်ပြုခြင်း၊ဒီကရီအရပေးဆပ်ခြင်းနှင့်ဒီကရီကိုကျေအေးပြေငြိမ်းအောင်ပြုခြင်းတို့ဖြစ်သည်။


အဆိုပါပြဿနာတရပ်ရပ်နှင့်ပတ်သက်ပြီး၊တရားနိုင်နှင့်တရားရှုံး(ထိုသူတို့​၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)အချင်းချင်းအငြင်းပွားမှုဖြစ်ရမည်။


အမိန့်၄၃၊နည်း၁(ဈ)မှ(ည)အထိပါဝင်သောအမိန့်များသည်ဒီကရီမဟုတ်၊အယူခံဝင်ခွင့်ရှိသောအမိန့်များသာဖြစ်ကြောင်းရှင်းလင်းပါသည်။


ကျန်အမိန့်များတွင်၊အမှုသည်များ​၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်သောအမိန့်နှင့်အပြီးအပြတ်ဆုံးဖြတ်ပေးရာမရောက်သောအမိန့်ဟူ၍နှစ်မျိူးနှစ်စားခွဲခြားနိုင်သည်။


အမှုသည်များ​၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်သောအမိန့်သာလျှင်၊ပုဒ်မ၂(၂)တွင်အကျုံးဝင်သည်။


ကျန်အမိန့်အမျိုးအစားကိုအယူခံဝင်ခွင့်မရှိ။


အဆိုပါခြားနားချက်ကိုသတိမချပ်ခြင်းကြောင့်မှားယွင်းကြခြင်းဖြစ်သည်။


ဇာရီမှုကိုဆိုင်းငံ့သောအမိန့်၊ဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်များကိုအယူခံဝင်ခွင့်မရှိကြောင်း၊စီရင်ထုံးအများအပြားတွင်ထောက်ပြခဲ့သော်လည်း၊ 1996 BLR 1 အမှုတွင်အမှားထပ်မံပေါ်ပေါက်သည်။


——————————————


1983 BLR 24


ဒေါ်ညွန့်ကြည် နှင့် ဒေါ်တင်နွဲ့(၎င်း၏ကိုယ်စားလှယ်ဦးခက်မှတဆင့်)


ဥက္ကဌအဖြစ်ဦးမြကျော်၊အဖွဲ့ဝင်များအဖြစ်ဦးမွန်စံလှိုင်နှင့်ဦးသန့်စင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၂၅တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“xxxxxxxxxxဇာရီမှုကိုဆောင်ရွက်ဆဲတွင်အယူခံတရားလိုဒေါ်ညွန့်ကြည်ကအယူခံတရားပြိုင်ဒေါ်တင်နွဲ့အပေါ်အဆိုပါတရားရုံး၊တရားမကြီးမှုအမှတ်၁၀/၈၁တွင်ကျူးကျော်သည်ဆိုသောမြေကိုတန်ဖိုးကျပ်၃၀၀ပေး၍ရလိုကြောင်းတရားစွဲဆိုလေသည်။ထိုအမှုကိုစစ်ဆေးဆဲတွင်ဇာရီမှုကိုဆိုင်းငံ့ထားရန်လျှောက်ထားရာမအောင်မြင်ချေ။အယူခံတရားလိုကတိုင်းတရားရုံးတွင်အယူခံသော်လည်းအရေးနိမ့်သဖြင့်ဗဟိုတရားရုံး၊တရားမအထွေထွေအယူခံမှုအမှတ်၁၀၀/၈၁တွင်ထပ်မံအယူခံဝင်သည်။ထိုသို့အယူခံဝင်ဆဲတွင်မြေအပ်ဝရမ်းထုတ်ဆင့်ထားခြင်းကိုဆိုင်းငံ့ထားရန်ဒေါ်ညွန့်ကြည်ဘက်မှဇာရီမှုတွင်တင်ပြရာမြို့နယ်တရားရုံးက၁၁-၉-၈၁ရက်စွဲပါနေ့စဉ်မှတ်တမ်းအမိန့်အရဇာရီမှုကိုဆိုင်းငံ့လိုက်သည်။ဒေါ်တင်နွဲ့ကမြို့နယ်တရားရုံး၏အမိန့်ကိုမကျေနပ်သဖြင့်တိုင်းတရားရုံးတွင်ပြင်ဆင်မှုလျှောက်ထားရာတိုင်းတရားရုံးကမြို့နယ်တရားရုံး၏အမိန့်ကိုပယ်ဖျက်ပြီးဇာရီမှုကိုဆက်လက်ဆောင်ရွက်ရန်အမိန့်ချမှတ်သောကြောင့်၊ဒေါ်ညွန့်ကြည်ကဤတရားမအထွေထွေအယူခံမှုကိုလျှောက်ထားသည်။


တိုင်းတရားရုံးကဇာရီမှုကိုဆိုင်းငံ့ထားခြင်းမပြုနိုင်ဟုချမှတ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီမဟုတ်သည့်ပြင်၊အယူခံတရားလိုသည်တိုင်းတရားရုံး၏အမိန့်ကိုအဆိုပါဥပဒေပုဒ်မ၁၀၄(၁)အရဖြစ်စေ၊အမိန့်၄၃၊နည်း၁အရဖြစ်စေဗဟိုတရားရုံး၌အယူခံဝင်ခွင့်မရှိပေ။


ထို့ကြောင့်ဤအယူခံကိုစရိတ်နှင့်တကွပလပ်လိုက်သည်။”


————————————


1984 BLR 113


ဦးကိုကိုလတ် နှင့် ဒေါ်တင်ညွန့်


ဥက္ကဌအဖြစ်ဦးခင်ဇာမုံ၊အဖွဲ့ဝင်များအဖြစ်ဦးလှဘုန်းနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၁၄တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“ဇာရီမှုကိုဆိုင်းငံ့ထားရန်ဆုံးဖြတ်သောမြို့နယ်တရားရုံး၏အမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ချေ။ပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁တွင်အကျုံးဝင်သောအယူခံဝင်ခွင့်ရှိသည့်အမိန့်လည်းမဟုတ်ချေ။သို့ဖြစ်ရာမြို့နယ်တရားရုံးကချမှတ်သည့်အမိန့်ကိုရန်ကုန်တိုင်းတရားရုံးသို့အယူခံဝင်ရောက်ခြင်းမှာဥပဒေနှင့်မညီညွတ်သဖြင့်တိုင်းတရားရုံးကအယူခံကိုပလပ်လိုက်ခြင်းမှာမှန်ကန်ပေသည်။


အယူခံတရားလို၏ရှေ့နေကဗဟိုတရားရုံးတွင်တင်သွင်းသည့်ဤအယူခံကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲဆုံးဖြတ်ပေးရန်တင်ပြလျှောက်ထားသည်။


တိုင်းတရားရုံး၏ဆုံးဖြတ်ချက်မှာအထက်တွင်ဖော်ပြခဲ့သည့်အတိုင်းမှန်ကန်သည်ဖြစ်၍၊ဦးကိုကိုလတ်၏အယူခံကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲခြင်းဖြင့်အကြောင်းထူးမည်မဟုတ်ချေ။


ထို့ကြောင့်ဤအယူခံကိုပလပ်လိုက်သည်။”


—————————-


1984 BLR 208


ဒေါ်အိ နှင့် မသောင်းကြည်ပါ၂


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးခင်ဇာမုံနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၂၀၉တွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“ဇာရီမှုတမှုကိုတရားမကျင့်ထုံးဥပဒေအမိိန့်၂၁၊နည်း၂၉အရဆိုင်းငံ့ထားပေးရန်လျှောက်ထားသောအခါထိုလျှောက်လွှာကိုပလပ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ချေ။ပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁တွင်ဖော်ပြထားသောအယူခံဝင်ခွင့်ရှိသည့်အမိန့်မျိုးလည်းမဟုတ်ချေ။သို့ဖြစ်၍မြို့နယ်နှင့်တိုင်းတရားရုံးတို့၏အမိန့်များကိုအယူခံဝင်ခွင့်မရှိချေ။


ထို့ကြောင့်ဤအယူခံမှုကိုပလပ်လိုက်သည်။”


—————————-

ဤဥပဒေသဘောတရားကိုစဉ်းစားဆင်ခြင်နိုင်ရန်အတွက်-


1983 BLR 24 ၊ 1984 BLR  113 ၊ 1984 BLR  208 ၊ 1996 BLR 1 


စီရင်ထုံးများကိုပူးတွဲလေ့လာမှတ်သားထားရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ