အမွေထိန်းစာလျှောက်ထားမှုများတွင်ကန့်ကွက်သူပေါ်ပေါက်လျှင်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမွေထိန်းစာလျှောက်ထားမှုများတွင်ကန့်ကွက်သူပေါ်ပေါက်လျှင်၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၅အရတရားမကြီးမှုအဖြစ်ပြောင်းလဲဖွင့်လှစ်ပြီးစစ်ဆေးဆုံးဖြတ်ရသော်လည်း၊အဆိုပါတရားမကြီးမှုမျိုးတွင်အဘယ်ကြောင့်ဒီကရီရေးဆွဲရန်မလိုအပ်ပါသလဲ ?
————————————
အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၅တွင်တရားမကြီးမှုအဖြစ်ပြောင်းလဲဖွင့်လှစ်ရမည်ဟုတိတိကျကျပြဌာန်းထားခြင်းမရှိပါ။
တရားမကြီးမှုအသွင်အမှုကိုစစ်ဆေးရန်ပြဌာန်းရာမှ၊တရားမကြီးမှုအဖြစ်ပြောင်းလဲဖွင့်လှစ်ပြီးအမှုစစ်ဆေးသော practice ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
Practice ကို၊တပ်မတော်အက်ဥပဒေပုဒ်မ၂၂၀တွင်ကျင့်ထုံးစည်းကမ်းနည်းလမ်းဟုဘာသာပြန်သည်။
အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉ပါပြဌာန်းချက်များကြောင့်သာအယူခံဝင်ခွင့်ရရှိခြင်းဖြစ်သည်။
ဒီကရီမဟုတ်သောကြောင့်ဒီကရီရေးဆွဲရန်မလိုအပ်။
———————————
1938 RLR 72
Subhan Khan and another v. Mohamed Eusoof
Before Mr. Justice Ba U.
စီရင်ထုံးတွင်၊တရားမကြီးမှုမဟုတ်ကြောင်းရှင်းလင်းပြဆိုထားပြီး၊အမွေထိန်းစာထုတ်ပေးသောအမိန့်၊အမွေထိန်းစာထုတ်ပေးရန်ငြင်းပယ်သောအမိန့်ကိုအယူခံဝင်ခွင့်ရရှိခြင်းမှာ၊ဒီကရီကဲ့သို့အာနိသင်ရှိခြင်းကြောင့်မဟုတ်ကြောင်းစာမျက်နှာ၈၂တွင်အောက်ပါအတိုင်းပြဆိုသည်-
“An order granting or refusing letters of administration or probate of a will is appealable not because it has got the force of a decree, but because there is a special provision, namely, section 299 of the Burma Succession Act, which confers the right of appeal.”
————————————
1986 BLR 70
ဒေါ်အုန်းမြင့် နှင့် ဒေါ်ခင်မြပါ၂
ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးကိုကြီးနှင့်ဦးခင်မောင်ကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဗဟိုတရားစီရင်ရေးအဖွဲ့က၊စီရင်ထုံးစာမျက်နှာ၇၅နှင့်၇၆တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“ဤစီရင်ချက်ကိုအဆုံးမသတ်မီမှတ်ချက်ပြုလိုသည့်အချက်မှာ၊ဒေါ်အုန်းမြင့်ကတိုင်းတရားရုံး၏အမိန့်ကိုဗဟိုတရားရုံးတွင်တရားမပထမအယူခံမှုအဖြစ်ဖြင့်အယူခံဝင်ခြင်းနှင့်ပတ်သက်သည်။တရားမမူလမှုတမှုတွင်မူလမှုစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍ချမှတ်သောဒီကရီကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရအယူခံဝင်ခွင့်ရှိပေသည်။ယင်းအယူခံကိုတရားမပထမအယူခံမှုအဖြစ်လုပ်ထုံးလုပ်နည်းအရသတ်မှတ်ထားသည်။တရားမပထမအယူခံမှုတွင်ဒီကရီကိုအယူခံဝင်ခြင်းဖြစ်သည်။
အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်ရှိကြောင်းအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉တွင်ပြဌာန်းထားသည်။သို့ဖြစ်ရာဒေါ်အုန်းမြင့်၏လျှောက်ထားချက်ကိုပလပ်သောအမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်ခြင်းမှာအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉တွင်အယူခံဝင်ခွင့်ပေးထားခြင်းကြောင့်ဖြစ်သည်။တိုင်းတရားရုံးကဒေါ်အုန်းမြင့်၏လျှောက်ထားမှုကိုပလပ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ပေ။ဒေါ်အုန်းမြင့်ကအမွေထိန်းစာလျှောက်ထားသည့်ကိစ္စကိုဒေါ်ခင်မြတို့ကကန့်ကွက်သဖြင့်အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၅တွင်ပြဌာန်းထားသည့်အတိုင်းအမှုကိုတရားမကြီးမှုသဘောစစ်ဆေးရသည်မှန်သော်လည်းယင်းအမှုတွင်ချမှတ်သောအမိန့်သည်ဒီကရီဖြစ်စေရမည်ဟုသတ်မှတ်ထားခြင်းမရှိချေ။ဒီကရီဖြစ်ပါမူပုဒ်မ၂၉၉ကိုပြဌာန်းထားခြင်းမှာအပိုဖြစ်ပေလိမ့်မည်။ထို့ပြင်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရဒီကရီကိုအယူခံဝင်ရာ၌ရုံးခွန်ထမ်းဆောင်ရခြင်း၊အယူခံဝင်ခွင့်ရှိသောအမိန့်ကိုအယူခံဝင်ရာ၌ရုံးခွန်ထမ်းဆောင်ရခြင်းတို့သည်သီးခြားကိစ္စရပ်များဖြစ်သည်။အယူခံဝင်ခွင့်ရှိသောအမှုများကိုအယူခံဝင်ရာတွင်ရုံးခွန်အက်ဥပဒေဒုတိယဇယားအမှတ်စဉ်၁၁အရရုံးခွန်ထမ်းဆောင်ရသည်။ဒေါ်အုန်းမြင့်သည်တိုင်းတရားရုံး၏အမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်ရာ၌တရားမအထွေထွေအယူခံမှုအဖြစ်ဖြင့်အယူခံဝင်ရန်ဖြစ်ပေသည်။
အထက်တွင်ဖော်ပြထားသောအကြောင်းများကြောင့်၊ဤအယူခံကိုခွင့်ပြု၍တိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်လိုက်သည်။”
—————————
A. I. R. 1934 Rangoon 205
Maung Kyaw v. Maung Daung and another.
Ba U and Shaw, JJ.
စီရင်ထုံးပထမစာမျက်နှာတွင်အောက်ပါအတိုင်းရည်ညွှန်းဖော်ပြသည်-
“Civil Misc. Appeal No. 122 of 1933, Decided on 22nd February 1934, from order of Dist. Judge, Kyaukse, D/ 7th September 1933.
Letters of Administration- On proof of status of party that party alone entitled to inherit - Question of adoption should be gone into.”
———————————
1938 RLR 72 စီရင်ထုံးနှင့် 1986 BLR 70 စီရင်ထုံးနှစ်ရပ်ကို၊ပူးတွဲလေ့လာဖတ်ရှူမှတ်သားထားရန်ဖြစ်သည်။
Comments
Post a Comment