ဇာရီမှုတွင်အမှုသည်မဟုတ်သူတဦး၏လျှောက်ထားချက်နှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သောအမိန့်ကိုအယူခံဝင်နိုင်ပါသလား။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဇာရီမှုတွင်အမှုသည်မဟုတ်သူတဦး၏လျှောက်ထားချက်နှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သောအမိန့်ကိုအယူခံဝင်နိုင်ပါသလား ?
——————————
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၃၅(၁)အရ၊ဝရမ်းထုတ်ဆင့်ခြင်းကို၊တရားရှုံးမဟုတ်သောကြားလူကအမိန့်၂၁၊နည်း၅၈အရဝရမ်းခွါပေးရန်လျှောက်ထားခြင်းမှာမှန်ကန်ပါသလား ?
ထိုကြားလူသည်၊ဇာရီမှုကိုဆိုင်းငံ့ပေးရန်လျှောက်ထားခွင့်ရှိပါသလား ?
———————————-
ပုဒ်မ၂(၂)တွင်ပါဝင်သော"any question within S. 47"(ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုသည်မှာ၊တရားနိုင်နှင့်တရားရှုံး(၎င်းတို့၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်သောပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်သည်။
ပြဌာန်းချက်တွင် question ပြဿနာကိုသာရည်ညွှန်းပြီး၊အမှုသည်များကိုမရည်ညွှန်းသော်လည်း၊ပြဌာန်းချက်တရပ်ရပ်ကိုစကားစပ်အရဖတ်ရှုမှသာပြည့်စုံသောအဓိပ္ပာယ်ကိုရရှိမည်ဖြစ်သည်။
ပုဒ်မ၂(၂)တွင်ပုဒ်မ၄၇ကိုရည်ညွှန်းထားသည်။
ပုဒ်မ၄၇တွင်မည်သူမည်ဝါတို့သည်အမှုသည်များဖြစ်ကြောင်းပါရှိပြီးဖြစ်သည်။
ထို့ကြောင့်ပုဒ်မ၂(၂)တွင်ပါဝင်သောပြဿနာသည်ပုဒ်မ၄၇တွင်ရည်ညွှန်းသောအမှုသည်အချင်းချင်းကြားပေါ်ပေါက်သောပြဿနာဖြစ်ကြောင်းရှင်းသည်။
သို့သော်ခြွင်းချက်တရပ်ရှိသည်။
ကြားလူ(တတိယပုဂ္ဂိုလ်)ကအပ်ဝရမ်းအားခုခံတားဆီးနှောင့်ယှက်သဖြင့်တရားနိုင်ကအမိန့်၂၁၊နည်း၉၇အရအရေးယူပေးရန်လျှောက်ထားသည့်ကိစ္စတွင်၊တရားမအထွေထွေမှုသီးခြားဖွင့်လှစ်ခြင်းမရှိဘဲ၊ဇာရီမှုတွင်ပင်စုံစမ်းဆုံးဖြတ်သည်။
တရားနိုင်၏လျှောက်ထားချက်အရစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းချမှတ်သောအမိန့်သည်ကြားလူအပေါ်ချမှတ်သောအမိန့်ဖြစ်သည့်အပြင်၊မည်သူ၏အခွင့်အရေးကိုမျှအပြီးအပြတ်အဆုံးအဖြတ်မပေးသေးခြင်းကြောင့်၊ပုဒ်မ၂(၂)တွင်အကျုံးမဝင်သည်မှာမြင်သာထင်ရှားသည်။
အဆိုပါအမိန့်ကိုပင်မဆိုထားဘိ၊စုံစမ်းစစ်ဆေးမှုပြီးဆုံးသောအခါ၊ကြားလူအပေါ်အမိန့်၂၁၊နည်း၉၈အရချမှတ်သောအမိန့်ဖြစ်စေ၊အမိန့်၂၁၊နည်း၉၉အရလျှောက်လွှာကိုပလပ်သောအမိန့်ကိုဖြစ်စေအယူခံဝင်ခွင့်မရှိ။
———————————————
1983 BLR 53
ဦးထွန်းစိန် နှင့် ဒေါ်ခင်မိမိပါ၃
ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးအေးမောင်နှင့်ဦးမြကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၅၄တွင်ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“ဤအထွေထွေအယူခံမှုသည်၊ဦးထွန်းစိန်၏လျှောက်ထားချက်ကိုတိုင်းတရားရုံးကပလပ်ခဲ့သောအမိန့်နှင့်စပ်လျဉ်း၍အယူခံဝင်ရောက်လာခြင်းဖြစ်သည်။သို့ရာတွင်ဦးထွန်းစိန်သည်အမှုသည်တဦးမဟုတ်၍တိုင်းတရားရုံးကချမှတ်ခဲ့သောအမိန့်သည်အယူခံဝင်နိုင်သောအမိန့်မဟုတ်ပေ။တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇ပါရှင်းလင်းချက်အရမူလတရားလိုနှင့်တရားပြိုင်များအကြားပေါ်ပေါက်အငြင်းပွါးလာသည့်အချက်များနှင့်စပ်လျဉ်း၍ချမှတ်သောအမိန့်များသည်သာတရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)အရဒီကရီဖြစ်သောကြောင့်မူလတရားလို၊တရားပြိုင်တို့ကသာအမိန့်မကျေနပ်လျင်အယူခံဝင်ခွင့်ရှိသည်။
သို့ဖြစ်၍ဦးထွန်းစိန်၏ဤတရားမအထွေထွေအယူခံမှုကိုစရိတ်နှင့်တကွပလပ်ကြောင်းအမိန့်ချမှတ်သည်။”
———————————
1996 BLR 1
ဒေါ်ခင်ခင်မေ နှင့် အာဆူးဘီဘီ(ခ)မလှလှဝင်း
တရားရုံးချုပ်တရားသူကြီးဦးတင်အုံးရှေ့တွင်
စီရင်ထုံးစာမျက်နှာ၂နှင့်၃တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“အယူခံတရားလို၏ရှေ့နေကဤအမှုသည်ဆိုင်းငံ့မိန့်ထုတ်ခြင်းကိုမကျေနပ်သဖြင့်တက်ရောက်သည့်အမှုဖြစ်၍ပြင်ဆင်မှုတင်သွင်းရမည်ဟုသဘောရိုးဖြင့်ယုံကြည်ကြောင်း၊အကယ်၍ပြင်ဆင်မှုလျှောက်ထားရမည့်အမှုဖြစ်သည်ဟုရုံးတော်ကတွေ့ရှိခဲ့ပါလျှင်၊ယခုအမှုကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲသတ်မှတ်ကြားနာပေးပါရန်ရှေးဦးစွာလျှောက်ထားတင်ပြသည်။
ဒီကရီအတည်ပြုခြင်းကိုဆိုင်းငံ့သည့်အမိန့်ကိုဖြစ်စေ၊ဒီကရီအတည်ပြုခြင်းကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်ကိုဖြစ်စေ၊အယူခံဝင်ခွင့်မရှိပေ။ဦးစံဝ နှင့် ဦးချစ်စံ(ရန်ကုန်၊အတွဲ၉၊စာ-၃၅၄)၊မထွန်း နှင့် မညိုအမှု(၁၉၅၉၊မတစ၊စာ-၂၅၇(တရားလွှတ်တော်))၊ဦးကိုကိုလတ် နှင့် ဒေါ်တင်ညွန့်အမှု၊(၁၉၈၄၊မတစ၊စာ-၁၁၃)တို့ကိုကြည့်ပါ။
ထို့ကြောင့်ဤအထွေထွေအယူခံမှုကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲသတ်မှတ်ပြီးကြားနာမည်ဖြစ်ကြောင်း၊ရှေးဦးစွာအမိန့်ချမှတ်သည်။”
တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၄တွင်၊အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“မူလရုံးကတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၃၅(၁)အရဝရမ်းထုတ်သည့်ကိစ္စတွင်၊တရားရှုံးမဟုတ်သောကြားလူကတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၅၈ကိုကိုးကား၍ဝရမ်းခွါပေးရန်လျှောက်ထားခြင်းမှာမှန်ကန်ခြင်းမရှိပေ။
တရားနိုင်အားလက်ထိလက်ရောက်ပေးအပ်ရမည့်ဥပစာတွင်နေထိုင်သူသည်တရားရှုံးကိုအကြောင်းပြု၍ရောက်လာသူမဟုတ်လျှင်၊ဒီကရီကိုလိုက်နာရန်တာဝန်မရှိကြောင်းဖြင့်နည်း၃၅အရထုတ်ဆင့်သည့်အခါဝရမ်းကိုခုခံနိုင်သည်။
ထိုအခါတရားနိုင်တွင်ထိုကဲ့သို့ခုခံတားဆီးခံရခြင်းကိုစုံစမ်းမှုပြုလုပ်ပေးရန်နည်း၉၇အရလျှောက်ထားခွင့်ရရှိသည်။
စုံစမ်းမှုပြုလုပ်ရန်တရားရုံးကဆင့်ခေါ်သည့်အခါခုခံတားဆီးသူကြားလူသည်လည်းအကျိုးအကြောင်းရှင်းလင်းတင်ပြခွင့်ရရှိမည်ဖြစ်သည်။
ထိုအဆင့်မရောက်သေးမီကြားလူတွင်တရားရုံးသို့တစုံတရာအရေးဆိုတင်ပြခွင့်မရှိသေးသဖြင့်ဇာရီမှုကိုဆိုင်းငံ့ပေးရန်လျှောက်ထားခွင့်မရှိပေ။
မူလရုံးကဤကဲ့သို့လျှောက်ထားခွင့်မရှိသူ၏လျှောက်ထားမှုကိုလက်ခံကာဇာရီမှုကိုဆိုင်းငံ့ပေးခြင်းမှာမှားယွင်းသည်။”
Comments
Post a Comment